Monday, July 19, 2010

မိတ်ဆွေ

မိတ်ဆွေ၊ အပေါင်းအသင်း စတာတွေက လူတယောက်ရဲ့ ဘဝမှာ ဘယ်လောက်ထိ အရေးပါနိုင်ပါသလဲ .. ဘယ်အတိုင်းအတာတခုထိ ဖြည့်ဆည်းပေးနိုင်ပါမည်လဲ။ လူရယ်လို့ ဖြစ်လာပြီဆိုကတည်းက ပတ်ဝန်းကျင် အသိုင်းအဝန်းကြားမှာ ကြီးပြင်း ပေါက်ဖွားလာခဲ့ရတာတွေချည်း မဟုတ်ပါသလား။ ဒီတော့ ကျနော်တို့ အတွက် ပတ်ဝန်းကျင် အသိုင်းအဝိုင်းဆိုသည်မှာ ကင်းကွာလို့မရ .. ဒါတွေကို မျက်စိစုံမှိတ်ပြီး လူ့လောကမှာ တယောက်ထဲ ရပ်တည်နေနိုင်ဖို့ ဆိုတာကကော ဖြစ်နိုင်ပါမည်လား။ ကျနော်တို့ရဲ့ မိသားစု အသိုင်းအဝန်း ဆိုသည်မှာ လောကကြီးအတွင်း လူသားချင်း ဘယ်လို ဆက်ဆံ ပြုမူနေထိုင်ရမယ်ဆိုတာတွေကို သင်ကြားပေးခဲ့တဲ့ လက်ဦးဆရာတွေသာ)

သတ္တဝါ (လူ၊တိရစ္ဆာန်) လို့ ဆိုလိုက်တာနဲ့ သူတို့ ကျင်လည်နေထိုင်တဲ့ ပတ်ဝန်းကျင်ပေါ်မှာ မူတည်ပြီး အကောင်း၊ အဆိုးရှိသည်။ အယဉ် အရိုင်း ရှိသည်။ ဥာဏ်ရည်မြင့်တဲ့ တိရစ္ဆာန်လိုမျိုး ရှိသလို ကျနော်တို့ လူသားတွေထဲမှာလဲ ဥာဏ်ရည်မြင့်သည့် လူတွေ ရှိသလို၊ ဥာဏ်ရည် မမြင့်တဲ့ လူသတ္တဝါ လူအန္ဓ တွေလဲ တပုံတပင် ရှိနေပေလိမ့်မည်။ အခြေခံ အကျဆုံး အချက်ကတော့ ဘယ်လောက်ပဲ ဥာဏ်ရည်၊ ဥာဏ်သွေး မြင့်မားနေပါစေ၊ နိမ့်ကျနေပါစေ ကျနော်တို့တွင် မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းကတော့ ရှိရစမြဲပင်။ ကျနော်တို့ ဘာသာတရားတိုင်းလိုလိုတွင် ရှိနေသည့် အချက်က လူလောကဆိုသည်မှာ တကယ်တော့ ခဏတာအချိန်လေး တခုအတွင်းသာ ဖြစ်သည်မဟုတ်ပါလော့။ ဤခဏတာ လူဖြစ်ရသည့်အချိန်လေးထဲမှာ ကျနော်တို့ အချင်းချင်း ချစ်ခင်ညီညွတ်စွာ နေထိုင်ကြရင်ဖြင့် ကျနော်တို့ စိတ်ကျေနပ် ပျော်ရွှင်မှုတွေနဲ့ ပျော်ရွှင်စရာ အရသာကို ခံစားရပေမည်။ အကြောင်းကြောင်းကြောင့် ကျနော်တို့ လမ်းခွဲခဲ့လျှင်လဲ စိတ်ဖြူစင် သန့်ရှင်းစွာဖြင့် ပျော်ရွှင်စွာ နှုတ်ဆက်လမ်းခွဲတတ်ဖို့က အရေးကြီးပေသည်။ တဦးနှင့် တဦး စတင် တွေ့ဆုံခင်မင်ရခြင်းသည် တနေ့ခွဲရဖို့ပင်။ ဒီအချက်သည် သေချာသော လောကနိယာမ တခုဟု ကျနော် ယူဆမိပါသည်။

ကျနော်သည် လူတယောက် ဖြစ်သည့်အလျှောက် လူတယောက်မှာ ရှိသင့်သည့် စိတ်ခံစားချက် ရှိပေသည်။ တခါတရံ ကျနော် စိတ်တိုတတ်သည်၊ ကျနော် မရင့်ကျက်သည့် အရာတွေလဲ အများအပြားပင်ဖြစ်သည်။ ဟိုငယ်စဉ်တုန်းကဆို ကျနော်တို့ သူငယ်ချင်းတွေ ကစားစဉ် အချင်းချင်း စကားနိုင်လုပြီး ရန်ဖြစ်တတ်ကြသည်။ ပြီးလျှင် ကျနော်တို့ စကားမပြောကြတော့ ဒါပေမဲ့ ဒါတွေသည် အချိန်အများကြီးမဟုတ် ကျနော်တို့ သူငယ်ချင်းတွေ စကားမပြောလျှင် အလွန်ဆုံး တပတ်ပေါ့ ပြီးလျှင် တူတူကစား ပျော်ပါးပြီး အငြိုးအတေး ကင်းကင်းနှင့် လက်တွဲတွေ မဖြုတ်ပဲ တွဲလက်တွေ ညီခဲ့ကြသည်သာ။ ထိုစဉ် ကလေးဘဝက ရန်ဖြစ်ရခြင်းအကြောင်းများက မိမိက သူများထက် သာချင်၍ ဖြစ်စေ၊ မိမိကို သူများက ပို၍ ဦးစားပေးခံချင်၍ ဖြစ်သည်က များသည်။ ဒါပေမဲ့ ကလေးဘဝက အရာရာသည် အဖြူထည် သက်သက်သာ။ ကျနော်တို့တွင် အငြိုးအတေး အာဃာတဆိုတာ မရှိခဲ့။ အရိုးခံ ဖြူစင်ခဲ့ကြသည်သာ ဖြစ်သည်။

အရွယ်ရောက်လာတော့ ကျနော်တို့ စိတ်တွေ ပြောင်းလဲတတ်ခဲ့သည်။ ပတ်ဝန်းကျင်ကို လိုက်၍ အမူအကျင့်တွေ ပြောင်းလဲတတ်ခဲ့သည်။ (ကျေးညီနောင် ပုံပြင်လိုပေါ့။) ကြီးပြင်းရာ ပတ်ဝန်းကျင်ကို လိုက်၍ ဖြူစင်ရိုးသားခဲ့သော စိတ်တို့သည် အရောင်မျိုးစုံ စွန်းထင်းခဲ့သည်။ ကျနော်တို့ စိတ်အလိုကို လိုက်ပြီး မှားယွင်းခဲ့ကြဖူးသည်။ အတွင်းစိတ် အေးချမ်းဖို့ထက် အပေါ်ယံ သာယာမှုတွေအပေါ်ကို ပိုမိုခုံမင်ခဲ့ကြသည်။ အပေါင်းအသင်းတွေ ပေါင်းစုံ ပေါင်းတတ်ခဲ့ကြသည်။ အပြုသဘောဆောင်ပြီး ကျနော်တို့ ခင်မင်ခဲ့ကြသည်။ အကြောင်းကြောင်းကြောင့် ကျနော်တို့ လမ်းခွဲခဲ့ရသော် ကျနော်တို့ ငယ်စဉ်ကလေးဘဝကလို စိတ်တွေ ဖြစ်ပေါ်လာခဲ့ရပြန်သည်။ ဒါပေမဲ့ ကျနော်တို့ မဖြူစင်ခဲ့ကြတော့ ကျနော်တို့ ရင်ထဲမှာ မဖော်ပြနိုင်တဲ့ မီးတောက်ကလေးတွေ လောင်ကျွမ်းခဲ့ရလေပြီ။ သေချာပြန်စဉ်းစားကြည့်ရင် ဆုံးရှုံးခဲ့ရသော အဖြစ်အတွက် ဘယ်လောက် ဝမ်းနည်းစရာကောင်းလိုက်ပါသလဲ။ ကျနော်တို့ ဆုံးရှုံးခြင်းသည် တခု မကခဲ့ပေ .. သူငယ်ချင်း ချစ်ခြင်းတရားများ ယုံကြည်မှုများ ပျော်ရွှင်မှုများ ကုန်လွန်ခဲ့သော အချိန်များ .. များစွာပင် ..

အသက်ရှင်နေသရွေ့ မလွဲမသွေ ဆုံတွေ့ခြင်း ကွဲကွာခြင်းပေါင်းများစွာ ဆုံတွေ့နည်း ကွဲကွာနည်းမျိုးပေါင်းစုံနှင့် မျက်နှာချင်းဆိုင် ဆုံတွေ့ရလိမ့်ဦးမည် .. ထိုအတွက် ကျနော်တို့ တုန်လှုပ်ကြမည်လား .. အေးအေးသက်သာ ကြည်ကြည်သာသာနှင့် အပြုံးများနဲ့ ပျော်ရွှင်စွာ လက်ပြနှုတ်ဆက်ကြမည်လား ..

လူသားအားလုံးသည် ပျော်ရွှင်စွာဖြင့်နဲ့ လမ်းခွဲခြင်းကို ပိုမိုမြတ်နိုးမည် မျှော်လင့်သည် .. အသင်ဆိုလျှင်ကော..........

.........

..........................

လူသားတိုင်း လွတ်လပ်စွာ ဝေဖန်နိုင်ခွင့် ရှိသည်။

လေးစားလျက်

တောင်ပေါ်သား

1 comments:

kaungkinpyar said...

ကျွနုပ် ဆိုလျှင် အေးအေးသက်သာ ကြည်ကြည်သာသာနှင့် အပြုံးများနဲ့ ပျော်ရွှင်စွာ လက်ပြနှုတ်ဆက် ဖို့ ကြိုးစားမိ ပေလိမ့်မည် ထင်၏....

July 19, 2010 at 9:48 AM