Thursday, January 8, 2009

ဘလော့ဂါ နှင့် သူခိုး ပုံပြင်


ရှေးတုန်းက ငရဲပြည်က ယမမင်းကြီး ရှေ့ သို့  စာရေးဆရာ တစ်ဦးနှင့် သူခိုးတစ်ယောက် တစ်ပြိုင်နက် ရောက်လာကြတယ်။ စာရေးဆရာ ဆိုသူဟာ ငရဲပြည်မရောက်မီ လူ့  ပြည်မှာတုန်းက အလွန်နာမည်ကြီး ထင်ပေါ်ကျော်ကြားတဲ့ စာရေးဆရာတစ်ဦး ဖြစ်ခဲ့တယ်။ သူခိုးဆိုသူကတော့ အလစ်သုတ် ဖောက်ထွင်းသူခိုး လမ်းဓားပြလုပ် ဆိုတဲ့  အဆိုးမှန်သမျှ အကုန်လုပ်လာတဲ့ လူပါ။
သူတို့ နှစ်ယောက် ယမမင်းကြီး ထံမှောက်မှာ အစစ်အဆေးခံပြီးတော့ ပြစ်ဒါဏ်အသီးသီး ချမှတ်ခံကြရပါတယ်။ ငရဲသားတွေက ငရဲအိုးကြီးနှစ်လုံးထဲမှာ တစ်ယောက်စီထည့်ပြီး ဒယ်အိုး အောက်မှာ ငရဲမီးတွေ ဖိုပေးလိုက်တယ်။ သူခိုးရဲ့  ဒယ်အိုးအောက်က ငရဲမီးတွေဟာ ၊ မီးတောက်မီးလျှံတွေ ဟိန်းနေပြီး ငရဲခန်းမကြီးရဲ့  ကျောက်သားအမိုးကြီးတောင် တဖျစ်ဖျစ်မြည် လာတဲ့အထိ ပူပြင်းတယ်လို့  ဆိုပါတယ်။ အဲ ... စာရေးဆရာရဲ့  ဒယ်အိုးအောက်ကျတော့ ငရဲသားတွေက ငရဲမီးသေးသေးကလေး ဖိုပေးထားလိုက်ပါတယ်။ အဲဒီ ငရဲမီးသေးသေးကလေးဟာ တဖြည်းဖြည်း ကြီးကြီးလာတာ ငရဲခန်းမကြီး တစ်ခန်းလုံး နီရဲ ထိန်လင်းနေပါသတဲ့ ။

နှစ်ပရိစ္ဆေဒ အတော်ကြာလာတဲ့ အခါမှာ သူခိုးရဲ့  ငရဲအိုးအောက်က မီးတောက်ကြီးဟာ တဖြည်းဖြည်း မီးရှိန်လျော့ပြီး မီးငြိမ်းသွားပါတယ်။ နာမည်ကျော် စာရေးဆရာရဲ့  ငရဲအိုး အောက်က မီးတောက်ကြီးကတော့ ကြာလေ အရှိန်ကောင်းလာလေ ဖြစ်ပြီး မီးတောက်မီးလျှံတွေ ပိုပြီး ကြီးမားလာပါတယ်။ ကြာလေပိုပြီး ပူလောင်လာလေ ဖြစ်နေပါတယ်။ သူခိုးရဲ့  ငရဲမီး ငြိမ်းသေသွားတာ မြင်ရပြီး သူ့ ငရဲမီးက အရှိန်ကောင်းလာတာ တွေ့ ရတဲ့  စာရေးဆရာ နာမည်ကျော်က ..... ငါဟာ ပိုက်ဆံမက်မောပြီး င့ါကလောင်ကို လွတ်လွတ်လပ်လပ် ရေးချင်ရာရာတွေ ရေးခဲ့တဲ့  အပြစ်ရှိတာတော့ မှန်ပါတယ်။ ဒါပေမဲ့ သူတပါးပစ္စည်းကို မတရားလုယက် ခိုးယူနေတဲ့ သူခိုးနဲ့  နှိုင်းစာလျှင် ငါ့ အပြစ်က ဘာမှ မကြီးလှပါဘူး။ ဒီလို ငါ့မှာ အပြစ်ကြီးကြီး မရှိဘဲနှင့် သူခိုးထက်ပိုပြီး အပြစ်ဒါဏ်ခံရတာတော့ မမျှတပါဘူး၊.... လို့ တွေးမိပြီး ....


ဘုရားသခင် မတရားဘူး....

လို့  အော်ဟစ်ပါတော့တယ်။
..........................................
အဲဒီအခါ ငရဲသူမတစ်ယောက် ဗြုန်းကနဲ ပေါ်လာပြီး နာမည်ကျော်စာရေးဆရာကို ကြိမ်းမောင်းတော့တာပါပဲ။
ဟဲ့ ။။ လူယုတ်မာ ... ။ နင် ဘုရားသခင်ကို ဘာကြောင့်အပြစ်ဆိုနေရတာလဲ ။ နင့်က နင့်ကိုယ်ကို သူခိုးနဲ့  နှိုင်းနေရသလား ။ သူခိုးရဲ့ အပြစ်ဟာ နင်ကျူးလွန်တဲ့ အပြစ်နဲ့  နှိုင်းစာလျှင် ဘာမှ မပြောပလောက်ဘူး။ သူခိုးဟာ လူ့ ဘဝတလျောက်လုံး တရားလက်လွတ် ဥပဒေမဲ့  ဆိုးပေခိုးတိုက်လာတဲ့  အပြစ်ကလေးပဲ ရှိတယ်။
နင့်အပြစ်တွေကို ကြည့်စမ်း။ နင်ရေးသားခဲ့တဲ့  စာပေအဆိပ်တွေဟာ လူတွေရဲ့  စိတ်ဓာတ် စာရိတ္တကို ချိနဲ့  သတ္တိကြောင်စေရုံသာမက ၊ ပတ်ဝန်းကျင် လူ့ လောကကြီး တစ်ခုလုံးကို နှစ်ပရိစ္ဆေဒ ကြာလေလေ၊ အဆိပ်အတောက်တွေ ပျံ့ နှံ့  လာလေလေ ဖြစ်နေတာပဲ။
........................................
ဟိုမှာကြည့်စမ်း။
နင့်အရေးအသားကြောင့် တစ်ကမ္ဘာလုံးမှာ ဖြစ်နေတဲ့  ဒုစရိုက်ရာဇဝတ်မှုတွေ ၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေကြတဲ့သူတွေ၊ မိဘစကားနားမထောင်ဘဲ မိဘကို အရှက်ကွဲ အကျိုးနည်းအောင် မိဘ စိတ်ဆင်းရဲအောင် ဆိုးပေပျက်ဆီးနေတဲ့ ကလေးတွေ ၊ အဲဒီကလေးတွေရဲ့  ဆင်ခြင်တုံတရားတွေ ၊ အကျင့်စာရိတ္တတွေကို ပျက်ဆီးအောင် လုပ်ခဲ့တာ ဘယ်သူလဲ ၊ နင်လုပ်ခဲ့တာ နင်ရေးခဲ့တာ ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို သရော်လှောင်ပြောင်ပြီး လူ့ အသိုက်အမြုံကလေးတွေကို တစစီ ကွဲပြဲသွားအောင် တရားဥပဒေနဲ့  အိမ်ထောင်မှု စည်းကမ်းတွေ ဗရုတ်သုတ်ခ ဖြစ်သွားအောင် ရေးခဲ့တာ ဘယ်သူလဲ ၊ နင် ရေးခဲ့တာ။
...................................
ကြည့်စမ်း။
နင်ရေးတဲ့ စာတွေ ဖတ်ပြီး တစ်တိုင်းပြည်လုံး လမ်းလွဲလိုက်မိတယ်၊ ခိုးမှု ဝှက်မှု ရာဇဝတ်မှုတွေ ၊ သောင်းကျန်းပုန်ကန်မှုတွေ ဖြစ်နေရတာတွေဟာ တိုင်းပြည်ပျက်လု မတတ်ပဲ ။အဲဒါ နင်လုပ်ခဲ့တာတွေ ၊ အဲဒီလူတွေ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဒုက္ခရောက်ခဲ့ ရပြီး ကျဆင်းခဲ့ရတဲ့ ချွေးတွေ သွေးတွေ ၊ မျက်ရည်ပေါက်တွေအတွက် နင့်ကို အပြစ်တင်ရမှာပဲ။
.................................
လူယုတ်မာ။ နင်ရေးခဲ့တဲ့ စာတွေကြောင့် လူသားတွေ ဘယ်လောက် ပျက်စီးဒုက္ခရောက်ခဲ့ ၊ ခံစားခဲ့ရတာကို နင်မြင်ပြီလား၊ နင် ဘုရားသခင်ကို မထီမဲ့ မြင် ပြုဝံ့သေးသလား ။ ကဲ .. ။ အဲဒီအပြစ်တွေ ကျေအောင် နင်ဆက်ပြီး ငရဲခံပေအုံးတော့ ဆိုပြီး ငရဲသူမကလေးဟာ ငရဲအိုးကြီးရဲ့  အဖုံးကို ဂျိမ်းကနဲ ပိတ်ချလိုက်ပါသတဲ့ ။


း) ကျနော်လဲ စာတွေရေးနေရင် ဒုက္ခပေးသလိုဖြစ်နေသလားလို့ စဉ်းစားမိပါတယ်။


စာကြွင်း။ ။ ဒီပိုစ့်လေးကို ကိုမင်းဒင် ဘလော့မှကူးယူဖော်ပြပါတယ်။


လေးစားလျက် တောင်ပေါ်သား



7 comments:

သက်တန့် said...

ကလောင်လက်နက်ရဲ့ အစွမ်းပေါ့...
ကလောင်တစ်ချောင်းနဲ့ လူအများကို ပဲ့ပြင် ထိန်းကျောင်းနိုင်သလို ပျက်ဆီး ယိုယွင်းစေနိုင်တယ်ပေါ့...
ပို့စ်ကောင်းလေးပါပဲ မောင်လေး စိုးမင်းထိုက်ရေ... :)

January 8, 2009 at 6:05 PM
ဗီလိန် said...

လုပ်ပြီဗျာ။ ဗီလိန်ဆိုရင်တော့ ဂျိုးကပ်တော့မှာပဲနော်။ :)

January 8, 2009 at 7:41 PM
WWKM said...

ဟီးဟီး..ဘယ်သူ့ကိုပြောတာလဲ..
မကြီးဝါ ကိုတော့ မဟုတ်လောက်ပါဘူးနော်.. :D

January 9, 2009 at 5:33 AM
ဖိုးဂျယ် said...

အဟင့် တားတို့ကတော့ ကိုယ်မကောင်းပဲ
ရေးတာဆိုတော့ကာ ငရဲတော့ မကျလောက်ပါဘူးနော်
သတိထားမှ ဖြစ်မယ် အဟင့်

January 10, 2009 at 1:33 AM
မီးမီးငယ် said...

သတိထားရမယ့်ဟာလေးဘဲ

ကျေးဇူးကျေးဇူး
း)

January 10, 2009 at 8:02 AM
Anonymous said...

ရေးထားတာလေးကမှတ်သားစရာလေးပါ ပျော်ရွင်ပါစေ.

January 10, 2009 at 2:48 PM
Anonymous said...

အဲဒါကြောင့် အနော်က ပေါက်ကရလေးဆယ်ရေးနေတာ
ဗျ ဒါဆိုရင် ၀၌လည်လဲ ပေါက်ကရလေးဆယ်ပဲ ဖြစ်မှာ
လေ ဟိဟိ

January 11, 2009 at 8:24 PM