Thursday, October 14, 2010

လူပီသမှု

ဒီကမ္ဘာမြေလောကမှာ ဘယ်အရာဟာ အရေးအကြီးဆုံးဆိုတာ လူသားစိတ် ပီသတဲ့ လူတစုက သက်သေပြလိုက်တာကို ကျနော် မြင်တွေ့ခဲ့ရပါတယ်။ တချို့သော လူတွေက ချမ်းသာပိုင်ဆိုင်မှုကို အရေးပေး သာယာတတ်ကြသလို တချို့ကတော့ သူတို့ရဲ့ တကိုယ်ကောင်း စိတ်ခံစားချက်တွေကို ဦးစားပေး လုပ်ဆောင်တာကို တွေ့မြင်ရတတ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့ကတည်းက မြေအောက် ၂၂၇၅ ပေကျော် (မီတာ ၆၀၀ ကျော်) မိုင်းတွင်း အတွင်း ပိတ်မိနေခဲ့သော ချီလီသတ္တုတွင်း လုပ်သားများ (၃၃) ယောက်ကို လူသားဆန်စွာ ကယ်တင်နိုင်ခဲ့ပါတယ်။

သာမာန်လူတယောက် အနေနဲ့ စဉ်းစားမယ်ဆို ဒါဟာ အလုပ်သမား ဒုက္ခရောက်နေတာကို သူဌေး(ပိုင်ရှင်)က ပြန်ကယ်ရတာဟာ ထုံးစံတခုပါပဲ။ ဒါပေမဲ့ ဒီလူသား ၃၃ ယောက်ကို ကယ်တင်ရာမှာပညာရှင်တွေသာမက နိုင်ငံခေါင်းဆောင်တွေကပါ လူသားချင်း လေးစားမှုကို ပြသခဲ့ကြပါတယ်။ အတော်ကို လေးစား အားကျဖွယ် ကောင်းလှပါတယ်။ ဒီကယ်တင်မှုကို Live အနေနဲ့ ကြည့်နေတဲ့ ကျနော်တောင် ရင်ထဲမှာ မပြောပြတတ်အောင် ကြည်နူးမှုလေးတွေ ဖြစ်ပေါ်နေမိတယ်ဆိုတော့ ၂လကျော် ဝေးကွာနေရတဲ့ မိုင်းလုပ်သားတွေရဲ့ မိသားစု၊ မိုင်းလုပ်သားတွေရဲ့ စိတ်ဓါတ်ကို ပိုလို့တောင် ကိုယ်ချင်းစာ ခံစားမိပါတယ်။ ကယ်ဆယ်စဉ် အတွင်း နောက်ဆုံး တက်လာတဲ့ မိုင်းလုပ်သမားက အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ ခေါင်းဆောင်တယောက်ရဲ့ လုပ်ဆောင်ချက်တွေကလဲ အတုယူစရာ ကောင်းလှပါတယ်။

[youtube]http://www.youtube.com/watch?v=XGecqHnN2gQ[/youtube]

ဒီလူသားဆန်တဲ့ ကယ်ဆယ်မှုတွေကို ကျနော်ကြည့်ပြီး ကိုယ့်တိုင်းပြည်ကို အစားထိုး ခံစားကြည့်နေမိတယ်။ တကယ်၍ ကျနော်တို့ တိုင်းပြည်မှာ ဒီလို ဖြစ်နေခဲ့ရင်ကော ကျနော်တို့ တိုင်းပြည်ရဲ့ တာဝန်ရှိသူတွေက ဒီလို လုပ်ဆောင်ပါ့မလားလို့...... တွေးရင်း တွေးရင်းနဲ့ ဟိုတချိန် နာဂစ်ရဲ့ ရိုက်ခတ်မှုအောက်က မိသားစုတွေ၊ ကလေးငယ်တွေရဲ့ ပုံရိပ်တွေကို ပြန်မြင်ယောင်ရင်း...........

လူသားတိုင်း လွတ်လပ်စွာ ဝေဖန်နိုင်ခွင့်ရှိပါသည်။

……….

လေးစားလျက်

တောင်ပေါ်သား

1 comments:

အိုက်ပိ said...

နာဂစ် ကတည်းက ကိုယ့်နိုင်ငံအတွက် အကူအညီ ဟာ တရုတ်ပြည် အတွက် အဆင်သင့် သွားတာ တွေ... ကျန်တာတွေတော့ အလုပ်နဲ့ သက်သေပြထားတာမို့ မပြောတော့ပါဘူး... ထပ်မျှော်လင့်မိရင်သာ... မျှော်လင့်တဲ့သူပဲ တခုခု မှားယွင်းနေတာ နေမှာပါ...

October 14, 2010 at 1:17 PM