Friday, March 19, 2010

ကျေးဇူးရှင် မေမေ


လက်ရှိရောက်နေတဲ့ နေရာလေးကနေ ခေါင်းပြန်လှည့်ကြည့်လိုက်တော့ မိုင်တိုင်တွေ တခုပြီးတခု ဖြတ်သန်းလာခဲ့ရပြီနော် အမေ... ဒီကမ္ဘာလောကမှာ အသက်အရွယ်နဲ့ ပတ်သက်ရင် လူတွေက ပြောကြတယ်။ အသက်၄၀ ကျော်မှ ဘ၀စတာတဲ့ အမေ... တကယ်တော့ အမေရုန်းကန်ပြီး ဘ၀စခဲ့ရတာတွေက ဟိုအရင် လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကတည်းကပါ။ အမေတယောက်ထဲ လောကဒဏ်ရဲ့ ရိုက်ချက်တွေကို ကျနော်တို့ သားသမီးတွေအတွက် ရင်ကော့အံကြိတ်လို့ ကျော်ဖြတ်ပြခဲ့တယ် အမေ... တခါတလေများ အမေရဲ့ တိတ်တခိုး ငိုကြွေးချက်တွေ ကျနော်တို့ မြင်ခဲ့ဖူးပေမဲ့ အမေ့ဆီက ညဉ်းတွားတဲ့ အသံလေးတစက်တောင်မှ ကျနော်တို့ဘ၀မှာ မကြားခဲ့ရဖူးပါဘူး အမေ.......


အတွေးတွေကို ဟိုအရင်အတိတ်တွေဆီ ဖြတ်သန်းစီးဆင်းကြည့်မိတော့ ကျနော့်မှတ်မိနေသေးတယ် အမေ... ကျနော်ငယ်စဉ်က အမေဆူဟောက်ခဲ့တာတွေပေါ့.. သားသမီးတွေကို အမေတယောက်ထဲရဲ့ စွမ်းအားတွေနဲ့ အမေလူလားမြောက်အောင် စောင့်ရှောက် ကျွေးမွေးနိုင်ခဲ့တယ်... ခုဆိုကျနော်တို့ လူအများစုနဲ့ တန်းတူ ဝင်ဆံ့ ရင်ဆိုင်နိုင်ပြီအမေ... ဒုတ်တချောင်းကိုင်လို့ အမေရဲ့ ရိုက်ချက်တွေက ခုဆို ကျနော်ဘ၀အတွက် အလွန်တရာမျှ တန်ဖိုးကြီးမားတဲ့ စိတ်ဓါတ်တွေ မွေးဖွားပေးခဲ့ပြန်တယ်အမေ... အမေ့ရဲ့ ဆူဟောက်ကြိမ်းမောင်းသံတွေက ကျနော့်အတွက် ခွန်အားတခုဖြစ်တယ် အမေ... အမေ့ရဲ့ ပြုပြင်သွန်သင်မှုတွေကြောင့် ကျနော် လူဆိုးတယောက်မဖြစ်ခဲ့ဘူး ကျနော့် စာရိတ္တတွေ မပျက်ပြားအောင် တတ်နိုင်သမျှ ကျနော်စောင့်ထိန်းနိုင်ခဲ့ပြီ အမေ....

တကယ်တော့ ကျနော်တို့ မိသားစုလေးဟာ သူများတွေလို နွေးနွေးထွေးထွေးတော့ မရှိခဲ့ဘူးလို့ ကျနော်တော့ ထင်မိတာပဲလေ.... မိသားစုတွေ တယောက်ကို တယောက် သံယောဇဉ်ကြီးတယ် ချစ်ကြတယ်... ဒါပေမဲ့ ကျနော်တို့ ပါးစပ်တွေက တခွန်းမှ ချစ်တယ်ဆိုတဲ့ စကားလုံးတွေမပြောတတ်ခဲ့ဘူး ဒါကျနော်တို့မိသားစုရဲ့ ဓလေ့ပဲလားအမေ ကျနော်သိတတ်နားလည်တဲ့ အရွယ်ကစလို့ သတိထားမိတာလေး တခုရှိတယ်အမေရယ်.. အမေလေ ကျနော့်ကို ချစ်ပါတယ်လို့ ပြောဖူးတာမရှိသလိုပဲနော် ကျနော်လဲ အမေ့ကို ချစ်လားဆိုပြီး တခွန်းမှ မမေးဖူးခဲ့သလို အမေကလဲ သားဖြစ်သူကို တခွန်းမှ ချစ်လား မမေးခဲ့ဖူးဘူးနော် ရာနှုန်းပြည့်သေချာတာကတော့ အမေဟာ ကျနော့်ကို အချစ်ဆုံးဆိုတာနဲ့ ကျနော်ဘ၀မှာလဲ အမေသာ အလိုအပ်ဆုံးဆိုတာ အချင်းချင်း ရင်ထဲကနေသိနေပါတယ်။ ဒါတွေ ထားလိုက်ပါတော့ ဒါဟာကျနော်တို့ မိသားစုက ပေါက်ဖွားလာတဲ့ ၀သီ ပဲနေမှာပါ။ ကျနော်ဟာ အမေ့ရဲ့ သားပဲလေ အမေ့အတိုင်း အမေ့ဗီဇတော့ ရှိမှာပေါ့.... သေချာတာ တခုကတော့ ဒီတခေါက် သားပြန်လာရင် အမေ့ကိုချစ်ကြောင်း ကျနော်စကားတွေ ပြောဖြစ်မှာပါ အမေ....



အသက် ၄၀ ကျော်ဆိုတာ ပိုက်ဆံရှိ သူဌေးတွေအတွက်တော့ ပျော်ရွှင်စရာတွေဖြစ်နေမယ် ဆိုတာ ခြွင်းချက်မရှိ မှန်နိုင်ပေမဲ့ အမေလို သာမာန်လူတယောက်အတွက်ကတော့ ဇရာရဲ့ လှည့်ကွက်အောက်မှာ နဂိုရှိရင်းစွဲအလှအပတွေ လျော့ပါး ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီထင်ပါတယ် အမေ.... အမေ့ရဲ့ ပါးပြင်တွေ နေလောင်ဒဏ်တွေကြောင့် အသားတွေ လောင်ကုန်ပြီလား.... အမေ့ဘ၀မှာ ဒီသားသမီးတွေအတွက် ရုန်းကန်ခဲ့ရတာတွေကြောင့် အမေ အမေ့ရဲ့မွေးနေ့လေးကိုကော မေ့နေပြီလား အမေ.... အချိန်ရှိသမျှ ဒီသားသမီးတွေရဲ့ ရှေ့ရေး၊ နောင်ရေးကို စဉ်းစားနေတတ်တဲ့ ကျနော်အမေ ဒီလိုမွေးနေ့ရက်မျိုးတွေကို မသိပဲ ဖြတ်သန်းခဲ့ရတာတွေ ဘယ်လောက်တောင် ကြာညောင်းခဲ့ပြီလဲ အမေရယ်.....

လူလောကမှာ လူဖြစ်ရတာ မွန်မြတ်တယ်ဆိုပေမဲ့လို့ အရာရာမပြည့်စုံခဲ့ရတဲ့ လူတွေအဖို့တော့ လူလောကဟာ သူတို့အဖို့တော့ ငရဲအလားပါပဲ။ ဒီလောကမှာ ကျနော်မြင်တွေ့ခဲ့ရသလောက် ကျနော်လက်တွေ့မှာ တကယ်မခံစားခဲ့ရဖူးဘူး အမေ... ကျနော်တို့ ထမင်းမငတ်ခဲ့ဖူးဘူးအမေ... ကျနော်တို့ အတွက် ညအိပ်စရာ အိမ်ဆိုတာရှိတယ် အသားပါတဲ့ ဟင်းတွေရှိတယ်.... ကျနော်တို့ အတွက် လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးတဲ့ တဦးတည်းသော အမေရှိတယ်။ ကျနော်တို့ ငရဲ မကျခဲ့ပါဘူးအမေ... တခါတလေ လိုချင်တာ ချက်ချင်းမရလို့ မျက်နှာကိုဆူပုတ်ပြီး နေလိုက်တာနဲ့ အမေ မဖြစ်ဖြစ်အောင် တတ်နိုင်သမျှ ဖြည့်ဆည်းပေးခဲ့တယ်အမေ ကျေးဇူးပါအမေ......

အမေ ဒီနှစ်မှာကျရောက်တဲ့ အမေမွေးနေ့လေးမှာတော့ အမေပျော်နေမှာပါ။ ပျော်နေမယ်ဆိုတာ အဝေးကနေ သားသိနေပါတယ်။ အခုအမေ့ဘေးမှာ အမေ့ရဲ့ ချစ်သမီးက မွေးဖွားလာတဲ့ အမေ့မြေးတွေနဲ့ အမေရဲ့ တူ၊ တူမတွေ အများကြီးနဲ့ မွေးနေ့ကိတ်ကြီးလှီးပြီး အမေပျော်နေမှာပါ... အမေ့ရဲ့အပျော်တွေက သားဆီလဲ ကူးစက်လို့ အရမ်းပျော်နေမိပါတယ် အမေရယ်...  အမေ့ရဲ့ အပြုံးတွေကို အတွေးထဲမှာ မြင်နေရတယ်... အမေအသက်ထက်ဆုံး ဒီလို ပျော်ရွှင်ဖွယ်နေ့လေးတွေကို အချိန်တိုင်းပိုင်ဆိုင်နိုင်ပါစေလို့ ကျနော်ဆုတောင်းပေးပါတယ် အမေ.... အရာအားလုံးအတွက် ကျေးဇူးကြီးလှပါတယ် အမေ......

ပုံကို <a href="http://www.google.com" taget="_blank">Google</a>မှ ယူထားပါတယ်။

<div style="text-align: right;">

လေးစားလျက် တောင်ပေါ်သား
</div>

13 comments:

မိုးခါး said...

ကိုတောင်ပေါ် အမေ ပျော်နေမှာပါ ..း))

March 19, 2010 at 6:37 PM
puluque said...

ညီ့ မေမေရဲ့ မွေးနေ့မှာ ညီမေမေနဲ့ ညီတို့ တစ်မိသားစုလုံး ပျော်ရွှင်ပါစေဗျာ.....

March 19, 2010 at 7:01 PM
Mogok Thar said...

ညီလေး ပေါ်ပေါ် ရဲ့ အမေ...
မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ...
ကိုယ်၊စိတ်၊နှလုံး သုံးပါးစလုံး ကျန်းမာ.. ချမ်းသာ.. ပျော်ရွှင်.. ငြိမ်းချမ်းပါစေ ခင်ဗျာ..။
လိမ္မာပြီး ထူးချွန်ထက်မြက်တဲ့ သားလေး ရထားတာနဲ့တင် ပေါ်ပေါ့်အမေဟာ ကံကောင်းတဲ့ မိခင်တစ်ဦး ဖြစ်နေပါပြီ..။
နောင်နှစ်.. နောင်နှစ်တွေမှာ...
မိသားစုစုံစုံလင်လင်နဲ့ မွေးနေ့တိုင်း အတူတကွ ဖြတ်သန်းနိုင်ကြပါစေ..။

March 19, 2010 at 7:06 PM
reenoemann said...

ညီလေး အမေမွေးနေ့မှာ အန်တီ ပျော်ရွှင်ပါစေလို့
အကိုလည်း ဆုတောင်းလိုက်ပါတယ်။

March 19, 2010 at 8:32 PM
may16 said...

ကိုတောင်ပေါ်သားအမေ သက်ကျော်ရာကျော်ရှည်ပါစေရှင်..

March 19, 2010 at 9:08 PM
kaungkinpyar said...

မောင်လေး တောင်ပေါ် ရဲ့ မေမေ ပျော်ရွှင်နေမှာ လိမ္မာတဲ့ သားတယောက် အနား မှာ မရှိနိုင် သေးပေမဲ့ ပျော်မှာပါ... နောင် နှစ်တွေ အမေ့နားမှာ ကိုယ်တိုင် မွေးနေ့ကိတ် လှီးပေးပြီး သားအမိ တွေ ပို ပျော် နိုင်ပါစေ...

March 19, 2010 at 9:35 PM
ရေတမာ said...

အကို့လို ထက်မြက်ပြီး စိတ်ရင်းကောင်းတဲ့ သားတယောက်ပိုင်ဆိုင်ထားတဲ့ အမေတယောက်အနေနဲ့ အတိုင်းမသိ ဝမ်းသာနေမှာပါ။ မိသားစုတွေ အမြန်ဆုံး စုံစည်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်

March 20, 2010 at 12:37 AM
Angel Shaper said...

ချစ်တဲ့အမေနဲ့ အသက်ရှည်ကျန်းမာလို့ အောင်မြင်ပျော်ရွှင်ပါစေနော်။

March 20, 2010 at 11:03 AM
ဆောင်းနှင်းရွက် said...

ပို့စ် နဲ့ သီချင်း နားထောင်ရင်းးး
ငိုချင်တယ် ... :(
အရာရာ ဒီ့ထက် ပိုပြီး အဆင်ပြေပါစေ ....

March 20, 2010 at 11:44 PM
အိမ် said...

ကိုတောင်ရေ အမေ့အကြောင်း စာတွေဖတ်ဖတ်တိုင်း လွမ်းမိပါတယ်ဗျာ...။ ဘာနဲ့မှ မတူအောင် ခံစားရပါတယ်။ အမေ့ကိုလွမ်းတယ် ကိုတောင်ရေ..... ကျနော်တို့ ဘဝတွေက ဟိုဘဝတုန်းက သူများ မိသားစုကို ရှင်ခွဲ ခွဲခဲ့လို့များလား မသိဘူး ခုတော့......။ ဝဋ်ရှိရင်လဲ ဒီဘဝနဲ့ပဲ ကြေပါစေတော့ဗျာ.... ။ စိတ်အားငယ်လာတိုင်း ဘယ်သူ့ကို တိုင်တည် ရင်ဖွင့်ရမှန်း မသိတဲ့ ဘဝက လွတ်ချင်လှပါပြီဗျာ...

March 24, 2010 at 10:35 AM
ရွှေရတုမှတ်တမ်း said...

ပေါ်ပေါ်..သိတ်လွမ်းနေသလား...မိဘကမင်းထက်ပိုတာပေါ့ကလေးရာ...
ဒါပေမဲ့လဲ...ရင်ဆိုင်နိုင်စွမ်းရမယ်လေ..ယောကျာင်္းပဲ..

March 24, 2010 at 7:19 PM
khaunglong said...

အစ်ကို့ အမေကို အစ်ကိုဆန္ဒ အတိုင်းပြုစုစောင့်ရှောက်နိုင်ပါစေ လို့ဆန္ဒပြုလိုက်ပါတယ်။

April 30, 2010 at 8:50 AM
ပိုးစိုင် said...

ခံစားချက်ခြင်းတူညီတဲ့အတွက်စာဖတ်ရင်းမျက်ရည်ဝဲမိတယ်။ နောက်ကျသွားပေမဲ့ထပ်ဆုတောင်းပေးပါရစေ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ…
ကိုယ်၊စိတ်၊နှလုံး သုံးပါးစလုံး ကျန်းမာ.. ချမ်းသာ.. ပျော်ရွှင်.. ငြိမ်းချမ်းပါစေ ခင်ဗျာ..။

May 29, 2010 at 4:43 AM