Friday, December 25, 2009

ကလေးဘဝ အမှတ်တရလေးများ


ကိုအိမ် က ငယ်စဉ်ကလေးဘ၀ဆိုတာကို ရေးခိုင်းပါတယ်။ ကျနော်ရဲ့ ကလေးဘ၀မှာ ထွေထွေထူးထူး ထူးထူးဆန်းဆန်းရယ်လို့တော့ သေချာမရှိခဲ့ဖူးပါဘူး။ ဒါပေမဲ့ အမှတ်တရတခုခုဖြစ်စေ ကျနော်ကြိုက်နှစ်သက်တဲ့ ကစားနည်းတွေဆိုရင်တော့ ခုချိန်ထိ စိတ်ထဲက စွဲလန်းတတ်တဲ့ အကျင့်တခုရှိပါတယ်။ ကျနော်တို့ မိသားစုမှာ မောင်နှမဆိုလို့ ကျနော်နဲ့ ကျနော်အမ နှစ်ယောက်ထဲ ရှိတာပါ။ ဒီအတွက် အမေက ငယ်စဉ်ကတည်းက မိန်းကလေးဖြစ်တဲ့ အမကို အစစအရာရာ ပိုအလိုလိုက်ခဲ့မယ်ထင်ပါတယ်။ ကျနော်ဦးလေးတွေကလဲ ကျနော့်အမကို ကျနော့်ထက်ပိုပြီး ဂရုစိုက်အချစ်ပိုခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်တို့မိသားစုမှာ မိန်းကလေးအဒေါ်တွေက ပိုများပါတယ်။ အဒေါ်တွေအားလုံးက ကျနော့်ကို အသဲပေါက်မတတ်ချစ်ကြပါတယ်...း)

ကျနော်တို့ အမေမိသားစုမှာ မောင်နှမတော်တော်များပါတယ်။ အားလုံးပေါင်း (၁၃)ယောက်လောက်ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ တောင်ကြီးမှာ နေထိုင်တဲ့ အမျိုးတွေက ပိုများပါတယ်။ ပြီးတော့ကျနော်တယောက်သာ ယောကျာ်းလေးလဲဖြစ်တယ်။ တူတူနေလဲ နေကြတဲ့ အတွက် ကျနော့်ကို အရမ်းအချစ်ပိုကြပါတယ်။ ကျနော်က အဒေါ်တွေဆီ မပူဆာလိုက်နဲ့ သူတို့က ရအောင်လုပ်ပေးတတ်ပါတယ်။ ဒီတော့ ကလေးဘ၀မှာ ပျော်ရွှင်ခဲ့ရပါတယ်။ တရက်ကို အဒေါ် နှစ်ယောက်ဆီမှာ မုန့်ဖိုးတောင်း နောက်ရက်ကျရင် နောက်အဒေါ်နှစ်ယောက်ဆီမှာ မုန့်ဖိုးတောင်းနဲ့ တပတ်ကို အဒေါ်တွေဆီ တောင်းလိုက်တာနဲ့ အဆင်ပြေနေပါကောပဲး) ခုတော့ တချို့အဒေါ်တွေလဲ အိမ်ထောင်ကျကုန်တော့ ကလေးတွေရကုန်ပြီ ကျနော်လဲ အဝေးရောက်နေတော့ အချစ်တွေ ပျောက်နေလောက်ပါပြီ....

ငယ်စဉ်က ကျနော်တို့ မောင်နှမ နှစ်ယောက်သာရှိသာ မတည့်ကြပါဘူး ကြောင်နဲ့ကြွက်ကြနေတာပါပဲ။ ကျနော်က ငယ်ငယ်ကတည်းက စတတ်နောက်တတ်ပါတယ်။ အမြဲတမ်းရန်ဖြစ်နေကြပါ ဒါဆို အမေ့ရဲ့တုတ်စာ မိတော့တာပါပဲ။ ကျနော်တို့နယ်တွေမှာ များသောအားဖြင့် မိဘတွေက သားသမီးတွေကို ရိုက်ပြီး ဆုံးမတတ်ပါတယ်။ ကျနော် (၉)တန်းလောက်ထိ ရိုက်ခံရဖူးပါတယ်။ ဒီတော့ ငယ်တုန်းက တပတ်မှာ အနဲဆုံး သုံးခါလောက်တော့ ရိုက်ခံထိတတ်ပါတယ်။ ငယ်တုန်းက ကျနော်တို့ မောင်နှမတွေ ထမင်းစားပြီးဆို လူလည်ကြတာလေးရှိပါတယ်။ ကျနော့်အမက အသားငါးအရမ်းကြိုက်တာပါ သူက ထမင်းစားပြီးဆို အသားကိုများများ စားပြီး ထမင်းကိုနဲနဲပဲ စားတတ်ပါတယ်။ ဒီတော့ နောက်ပိုင်းကျ ထမင်းပဲ ကျန်တော့တယ် အသားကမရှိတော့ပါဘူး။ ကျနော်က အသားကို နဲနဲ ထမင်းကိုများများစားတတ်ပါတယ်။ ဒီတော့ သူက ကျနော့်အသားကိုလာလာပြီး တောင်းပါတယ်။ ဒါဆို ကျနော်ပြောနေကြစကားအတိုင်း သူလုပ်ပေးရပါတယ်။ ကျနော်က သူ့ကိုအသားပေးတယ် ပြီးရင် သူက ကျနော်စားပြီးသား ပန်းကန်ဆေးရပါတယ် အဟဲ အဲ့လိုလေးတွေ လူလည်ကျတာပါ။ :P

ကစားနည်းအနေနဲ့က ကျနော်က စွန်(ခ)လေတံခွန် လွှတ်အရမ်းဝါသနာပါတာပါ။ စွန်လွှတ်တဲ့ ရာသီရောက်ရင် ကျနော့်ကိုလိုက်ဖမ်းလို့ကိုမရတော့ပါဘူး မနက်မိုးလင်းရင် ရစ်ဘီးလေးကိုင်ပြီး စွန်တွေယူပြီး အိမ်ကထွက်သွားပါတယ် နေ့လည်ထမင်းစားချိန်ဆို ကျနော်ရဲ့အဖွားအိမ်မှာသွားပြီး စားပါတယ်။ ပြီးရင် လမ်းတလျှောက်စွန်လိုက်လွှတ်ပါတယ်။ ညနေ နေ၀င်လို့မှောင်မှ ပြန်လာတာပါ။ စွန်လွှတ်တဲ့ရာသီဆို အစကတည်းက မဖြူတဲ့အသားက နီဂရိုးအလားပါပဲ အဟဲ.....
တခြားကစားတဲ့ရာသီဆိုရင်တော့ ဓလေ့အလိုက် ကစားတာပါပဲ... ဂျင်ပေါက်မယ် ဂေါ်လီပစ်တယ်။ ဘောလုံးကန်တယ် ဘောလုံးကန်တာလဲ ၀ါသနာပါ။ ကျနော်တို့သူငယ်ချင်းတွေ ဖွဲ့ထားတဲ့ ဘောလုံးအသင်းတောင် ရှိပါသေးတယ် ဘယ်ရပ်ကွက်ကပဲ ချိန်းချိန်းလိုက်ကန်တာပါပဲ ကန်တာက အုတ်ကွင်းပါ အောက်မှာခင်းထားတာက အုတ်တွေပါ။ အနိုင်ရတဲ့ ပိုက်ဆံက အနာဂတ်ပလာစတာဝယ်ဖို့တောင် မလောက်ပါဘူး အဲ့လိုဝါသနာပါတာပါ။ ပြန်လာရင်တော့ ဒူးတွေပြဲ၊ လက်တွေပွန်းပေါ့ တခါတလေ ရန်ဖြစ်တာကပါသေးတယ်။ ကလေးဘ၀ဆိုတော့ ထိထိမိမိတခါမှ မထိုးဖူးပါဘူး မိုက်လားဘာညာပေါ့ အော်နေတာနဲ့ပဲ ပြီးသွားတာပါပဲ....

ငယ်ဘ၀အကြောင်းကို ပြောမယ်ဆို ကျနော်အဖိုးကိုလဲ မေ့ထားလို့မရပါဘူး။ ခုဆိုအဖိုးဆုံးသွားတာ နှစ်ပေါင်းအတော်ကြာပေါ့။ ဒါပေမဲ့ အခုချိန်ထိ သတိတရ ရှိနေဆဲပါ။ အိမ်မက်ထဲမှာတော့ အဖိုးဟာ ကျနော်နဲ့ စကားတွေ ပြောနေတတ်တုန်းပါ။ အဖိုးဟာ သူရဲ့ အချစ်တွေကို အပြင်မထုတ်ပြတတ်တဲ့ လူစားမျိုးပါ။ အမြဲတမ်းကျနော်တို့မောင်နှမတွေ၊ သူ့ရဲ့သားသမီးတွေကို ဆူတယ် ဟောက်နေကြပါ။ ဒါပေမဲ့ သူ့မှာ နုညံ့တဲ့ နှလုံးသားရှိပါတယ်။ လမ်းဘေးမှာ ဒုက္ခရောက်နေတဲ့လူတယောက်တွေ့ရင် အိမ်ကိုခေါ်လာပြီး ထမင်းကျွေး၊ အ၀တ်အစားပေး သုံးဖို့ပိုက်ဆံပေးတတ်ပါတယ်။ တိရစ္ဆာန်တွေကိုလဲ အရမ်းချစ်တတ်ပါတယ်။ မှတ်မိသေးတယ် တခါက အဖိုးလက်သဲခြေသဲ ညှပ်နေတုန်း အဖိုးခေါင်းပေါ်မှာ စာကလေးငှက်လေးတွေ လာနားတာကို တွေ့ဖူးပါတယ်။ အဖိုးတို့ မျိုးရိုးက စိတ်အရမ်းကြီးပါတယ်။ ဒါပေမဲ့ လူဖြောင့်စိတ်တိုလို့ပဲ ပြောရမလားမသိဘူး စိတ်တို စိတ်ဆိုးစရာတွေရှိရင် ချက်ချင်းပြောတယ် ဆူတယ် ပြီးရင်တော့ အဲ့ကိစ္စကို နောက်ကြောင်းတောင် တခါမှ ပြန်မလှည့်ဖူးပါဘူး။ ကျနော်တို့တမျိုးလုံးက အဖိုးကို အရမ်းကြောက်ကြပါတယ်။ ကျနော်လဲ အရမ်းကြောက်ရတာပေါ့။ ဒါပေမဲ့ အဖိုးဆုံးသွားတဲ့ထိ ကျနော့်အဖိုးရဲ့ အရိုက်ကို ကျနော် မခံခဲ့ဖူးပါဘူး။း)

နွေရောက်ပြီဆို သူငယ်ချင်းတွေစုပြီး တောထဲသွားတယ်။ တောင်သူတွေစိုက်ထားတဲ့ ယာတွေထဲက သစ်တောသီးတွေ ခိုးစားတယ်.. ငါးလိုက်ပက်တယ် ငှက်လိုက်ပစ်ဖူးပါတယ်။ ပင်စိမ်းသီးတွေခူးပြီး အိမ်ကယူလာတဲ့ ပဲပုတ်ထောင်းနဲ့ စားကြတယ်။ ကျနော်တို့ဒေသမှာ တောထဲထွက်ရင်၊ တောင်ပေါ်တက်ရင် စကားပုံလေးတခုရှိတယ် ရှေ့ခြောက်နောက်လေး တဲ့။ ဆိုလိုတာက အရှေ့ဖက်ကိုသွားရင် ခြောက်ယောက်၊ အနောက်ဖက်ကိုသွားရင် ၄ယောက်ထဲမသွားရဘူးပေါ့။ တခုခုဖြစ်တတ်ပါတယ်။ ကျနော်တို့ဒေသက အယူအဆပါ တကယ်လဲဖြစ်တတ်ပါတယ်။ ကျနော်တို့ အရှေ့ဖက်က တောင်တက်တုန်းက သွားဖူးနေကြကို လျှာရှည်ပြီးလမ်းသစ်ရှာပြီးတက်တာ လမ်းပျောက်ပြီး မျက်စေ့လည်ဖူးပါတယ်။ ဒါနဲ့ လူတွက်လိုက်တော့ ၆ ယောက်ဖြစ်နေပါတယ်။ ဒါနဲ့ မောင်ကျောက်ခဲကို အဖော်ခေါ်ပြီး ထပ်တက်ရတာပေါ့။ မောင်ကျောက်ခဲဆိုတာ သရဲအကြောင်းတွေ ရေးနေတဲ့ ဦးကျောက် ကိုပြောတာမဟုတ် ကျောက်ခဲအနေတော်တခုကိုယူပြီး မောင်ကျောက်ခဲရေ ငါတို့နဲ့လိုက်ခဲ့ဆိုပြီး အိတ်ထဲထည့်ပြီး ခေါ်သွားရတာပါ...

အခုလို တယောက်ထဲအဝေးရောက်နေတဲ့အချိန်မှာ ကျနော်တို့တွေ မိသားစုကိုလွမ်းတတ်ပါတယ်။ ခင်မင်ခဲ့တဲ့လူတိုင်းကိုလွမ်းတတ်ပါတယ်။ ဒီလိုချိန်မျိုးမှာကိုယ်ငယ်စဉ်က ကလေးဘ၀ကိုပြန်တွေးကြည့်ရင်လဲ ပျော်စရာတွေအပြည့်နဲ့ဖြစ်နေမှာပါပဲ.. ထပ်ပြီး Tag ချင်ပါတယ်။ ကံစမ်းမဲပေါက်သူများကတော့

၁) ကိုဖိုးစိန်
၂) ကိုမိုးကုတ်သား
၃) ရေတမာ
၎) ခီလောက်

(၄)ယောက်ပဲ Tag တော့မယ် အညာမြေက ကလေးဘ၀တွေကို ခံစားချင်လို့ ဒီ ၃ယောက်ကို ရွေးချယ်ပါတယ်း)



လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။




လေးစားလျက် တောင်ပေါ်သား

14 comments:

ဒဏ္ဍာရီ said...

ကိုတောင်ပေါ်သား အလှူသွားလုပ်နေတာ ဘယ်နှယ့်ပို့စ်က တက်လာပါလဲလို့။း)

ငယ်ငယ်က ပျော်စရာလေးတွေကို ဖတ်သွားတယ်။ မိသားစုထဲမှာ အခုလို ဦးစားပေးခံရတဲ့ ကုသိုလ်ကလည်း အားကျစရာပါ။ အခုတော့ ကိုတောင်ပေါ်က အဒေါ်တွေရဲ့ ကလေးတွေကို မုန့်ဖိုး ပြန်ပေးတော့ပေါ့။ စွန်လွှတ်၊ ဘောလုံးကန်တာတော့ ယောကျာင်္းလေတိုင်း နှစ်သက်ကြတယ်နော်။ ရန်မဖြစ်တတ်ဘူးဆိုလို့ လေးစားပါတယ်။ တောလမ်းတွေ သွားရင် အဲလိုမျိုးတွေ လူကြီးတွေ ပြောတာတော့ ကြာဘူးတယ်။ ကိုယ်တိုင်တော့ မကြုံဘူးသေးဘူး။ ရှေးထုံးလည်း မပယ်နဲ့ ဆိုသလိုပေါ့။

အဝေးရောက်တော့မှ မမေ့နိုင်တဲ့ အဖြစ်တွေ ငယ်ဘ၀တွေကို လွမ်းမိတာတော့ အမှန်ပါပဲ..။

ခင်မင်လေးစားလျှက်

December 25, 2009 at 1:40 PM
ကိုလူထွေး said...

အခုလို ဖတ်ရတော့ တောင်ပေါ်သားကို စိတ်ထဲမှာ ပိုပြီး ရင်းနှီးသွားရပါတယ်...

ချစ်စရာဓလေ့နဲ့ ပြန်မရနိုင်တော့တဲ့ ပျော်စရာ ကလေးဘဝပါပဲ...

ခင်တဲ့
ကိုလူထွေး

December 25, 2009 at 5:28 PM
ဂျပန်ကောင်လေး said...

လေးခွမကိုင်ဘူးလား.. ငှက်လိုက်မပစ်ဘူးလား.. ဟီးဟီး.. ပျားလိုက်မဖွပ်ဘူးလား... ဟီးဟီး...း)))

December 25, 2009 at 6:30 PM
SDL said...

ပင်စိမ်းသီးပိုးထိုး၊ တောင်ကြီးသူမ ရအောင်ပိုးဟေံ ရအောင်ပိုး ဆိုတဲ့ ပင်စိမ်းသီးပေါ့။ တစ်ခါမှ မမြင်ဖူးဘူး

ဖိုးစိန်က အောက်သားလားလို့ (ထင်တာ၊ မော်လမြိုင်က ဆိုလားလို့)

December 26, 2009 at 12:09 AM
အိုက်ခီလောက် said...

ဟဟ အပြေးလေးလာကြည့်ပါတယ် ထိပြီ
နေ့ အိမ်မက် အိမ် မှာလွတ်လို့ ပျော်တုန်းရှိသေး
ကတောင်ပေါ် ကမွတ်ဆိတ် လုပ်စရာလား ဟဟ
ေ၇းပေးရမှာပေါ့ ကုန်ကြမ်း လေးရပြီ
ေ၇းချလိုက်မယ် ရေးလိုက်မယ်
ဖတ်ပြီးတစ်ကယ်ေ၇းချင်လာတယ် ကတောင်ပေါ်ရေ
နင့်ငယ်ဘဝနဲ့ ငါ့နဲ့ တော့နည်းနည်းတူတယ် အဟတ်
ဆိုးတဲ့ဖက်က ငါ့ကပိုထူးချွန်တယ်ပြောရမလားပဲ
ကဲကဲေ၇းပြီးမှလာဖတ်တော့

December 26, 2009 at 12:58 PM
flowerpoem said...

ငယ်ဘ၀အမှတ်တရလေးတွေ လာဖတ်ပါတယ် ကိုတောင်ပေါ်သားရေ ဦးလေးနဲ့ အဒေါ်တွေကြားမှာ အလိုလိုက်ခံရတာ သိပ်ကောင်းတယ် :)

December 26, 2009 at 2:36 PM
နေ့အိပ်မက် said...

ပျော်စရာကြီး ငယ်ငယ်ကအကြောင်းတွေဖတ်ရတာ..
နေ့အိပ်မက်လည်း စွန်လွှတ်ရတာ တအားကြိုက်... စွန်တက်တက်မတက်တက်လွှတ်တာပဲ... :D နည်းနည်းကြီတော့ လွှတ်ဖြစ်တော့ပါဘူး :( မောင်ကျောက်ခဲက တချို့ ခရီးသွားတဲ့သူတွေလည်း ခေါ်တယ်လေ ကိုးယောက်ဖြစ်နေရင် မကောင်းဘူးဆိုလား ဘာဆိုလား

ဒါနဲ့ လူလည်ကျက ဘယ်လိုဖြစ်လို့ အပေါ်တစ်ကြောင်းမှာ လူလည်ကြလို့ ပေါင်းထားတာလဲ
ပြောနေကျစကားကလည်း ကျနဲ့ပဲပေါင်းတာဟုတ်ဘူးလား
အနာကပ်ပလာစတာက အနာဂတ်ပလာစတာဖြစ်နေတယ်သိလား နောက်ပြီးတော့ လက်သည်းခြေသည်း.. နောက် တကယ်လည်း..

ဟီး ဆရာလုပ်တာဟုတ်ဘူးနော်.. ဖတ်ရင်းနဲ့ကြုံလို့ ပြောပြတာ.. စိတ်ဆိုးနဲ့ :)

December 26, 2009 at 6:15 PM
Welcome said...

Tag ပို့စ်လေး လာအားပေးပါတယ်၊
ပျော်စရာငယ်ဘ၀ကို အားကျသွားပါတယ်။

December 27, 2009 at 1:49 AM
Anonymous said...

ငယ်ငယ်ကအကြောင်း ရေးပါဆို ဆွေစဉ်မျိုးဆက် ဇယားချရေးနေသလားတောင် ထင်ရတယ်ဗျာ.. အဟားဟား။
ကိုယ့်ဆ၇ာကလဲ ဆော့တာအကုန်ပါလား တခုမှမကျန်ဘူး။ အဖေကြီး၊ အမေကြီးလုပ်တိုင်းရော ကစားဖူးမှာပေါ့နော်.. အဟီဟီဟီ.... အဲဒါပါထည့်ရေးလေ.. ဘာလို့ချန်ထားတာတုန်း..ဟားဟား

December 27, 2009 at 3:34 AM
ငချမ်းကောင် said...

ဒီစာလေးဖတ်ပြီး ကလေးဘဝကို ပြန်လွမ်းမိတယ်။

December 28, 2009 at 9:54 AM
ရေတမာ said...

အဆင်ပြေရင်ရေးပေးပါမယ် အကိုရေ။ တောင်ကြီးက ကလေးဘ၀လေးက ပျော်စရာအတိပါပဲဗျာ။ အဖြူစင်ဆုံးကလေး ဘ၀ကို အားကျမိပါရဲ့။

December 28, 2009 at 3:13 PM
ရွှေရတုမှတ်တမ်း said...

အဒေါ်အပျိုကြီးတွေကို ကူပြီးလွမ်းသွားပါတယ်
မ်ု,သုင်သေ ဂမ်း ....ပီ မ်ု,

December 29, 2009 at 10:10 AM
မိုးခါး said...

ဒီလိုပဲ မောင်နှမ နှစ်ယောက်ဆို တယောက်စိတ်ထဲ နောက်တယောက်ကို ပိုချစ်တယ် ပိုအလိုလိုက်တယ်လို့ ထင်ကြတာချည်းပဲ .. :D

December 30, 2009 at 12:11 AM
နှင်းဆီပန်းချစ်တဲ့ကောင်မလေး said...

မိုးခါးပြောတာမှန်တယ်
အိမ်မှာလဲ အငယ်မလေးမမွေးခင်ကမောင်နှမနှစ်ယောက် အထက်အောက်အသက် သိပ်မကွာတော့ မတည့်ကြဘူး။
ခုထိလဲရန်ဖြစ်တုန်း။ဟိ
နင်လူလည်ကျချက်ကတော့ ယုံပါဒယ် ယုံပါဒယ်
အခုလဲမဲပြာနေအောင် သောင်းကျန်းတုန်းဆိုတာ
လက်တွေ့မို့ တကယ်ကြီးယုံပါတယ်။ :P

December 30, 2009 at 9:16 AM