Wednesday, October 14, 2009

အမှတ်တရ တန်ဆောင်တိုင်


ဒီအချိန်ဆို ကျနော်ရဲ့မွေးရပ်မြေမှာ မနက်ခင်းဆိုမြူခိုးတွေ ဝေနေလောက်ပြီ။ ဒီအောက်တိုဘာလကုန်လောက်ဆို ကျနော်တို့ တောင်ပေါ်သားတွေ အရူးထလေ့ရှိသော၊ တနည်းအားဖြင့် အမက်ဆုံး၊ အပျော်ဆုံး ပွဲတော်ဖြစ်သော တန်ဆောင်တိုင်ပွဲတော်ကြီး ရောက်လာပေဦးမည်။ ဘာလိုလိုနဲ့ တန်ဆောင်တိုင်ပွဲတော်နဲ့ တစိမ်းလိုနေခဲ့ရတာ နှစ်အတော်ပင်ကြာနေခဲ့ပြီ။ ဒါပေမဲ့ တချိန်တခါမှ မေ့လို့မရပဲ ရင်ထဲမှာ ဒီပွဲတော်လေးက ဆက်လက်တည်ရှိနေဦးမည်။ ကျနော်တို့တန်ဆောင်တိုင်က တခြားမြန်မာပြည်ရှိ မြို့များနှင့် လုံးဝမတူ ခြားနားမူတွေနဲ့အပြည့် ဖြစ်သည်။ တခြားမြို့မှ နယ်သူ၊နယ်သားတွေအနေဖြင့် တောင်ကြီး တန်ဆောင်တိုင်ကို နှစ်သက်တယ်ဆိုတာ ကျနော်တို့မြို့သူမြို့သားတွေရဲ့ သွေးထဲကချစ်တဲ့ မြတ်နိုးတဲ့စိတ်လေးကို မှီနိုင်မယ်မထင်ဘူးလို့ ပြောမယ်ဆိုရင် မလွန်ပါဘူး...



မြို့အများစုကတော့ သီတင်းကျွတ်၊တန်ဆောင်တိုင်ရောက်ရင် ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ကိုယ့်ရဲ့မိဘ၊ ဆရာသမား၊ ကိုယ့်ထက်အသက်ကြီးတဲ့လူတွေကို ကန်တော့မယ် ဒီလောက်ပါပဲ။ ဒါပေမဲ့ ကျနော်တို့တောင်ကြီးမြို့လေးကတော့ သီတင်းကျွတ်ပြီဆိုတာနဲ့ နှစ်စဉ်ထတတ်တဲ့ ပိုးတွေကတခါပြန်ထလာတတ်ပါတယ်။ အဲ့အချိန်ကတည်းက မီးပုံပျံလုပ်ဖို့အတွက် လူတွေ စု၊ လိုအပ်တာတွေ စုဆောင်းပြီး တာစူနေကြပါပြီ။ ငယ်တုန်းက ကျောင်းသားဘ၀တွေ ပြန်မှတ်မိတယ်။ တန်ဆောင်တိုင်ပွဲတော်ရောက်လာရင် ကျောင်းအခန်းတိုင်းမှာ လူက အယောက် ၁၅၊၂၀ ထက်မပိုပါဘူး။ ဒါတောင်မှ ကျောင်းသူတွေကပိုများပါတယ်။ ကျောင်းသားဆို လက်ချိုးရေတွက်လို့ ရအောင် ကျောင်းလစ်ပြီးတော့ ပွဲတော်ကိုသွားကြတာပါ။ ဆရာဆရာမတွေက ကျောင်းသူကျောင်းသားများကို အမြဲဆုံးမတတ်ပါတယ်။ ကျောင်းမပြေးဖို့ စာကို ကြိုးစားသင်ဖို့ပါ။ တခါတလေများ နေ့လည်ထမင်းစားချိန်လေး ပွဲထဲကို မပြေးလိုက်နဲ့ ဆရာမတွေပါ ၀ယ်ချင်တာတွေဝယ်ပြီး သောင်းကျန်းနေတတ်ပါတယ် အဲ့လိုမျိုး သံယောဇဉ်ကြီးတာပါ။

တန်ဆောင်တိုင်ရောက်ပြီဆို ညဖက်ကောင်းကင်ကိုမော့ကြည့်လိုက်တာနဲ့ မီးစုံးလေးတွေအလား နေရာအနှံ့ မီးပုံပျံတွေ ရှိနေတတ်ပါတယ်။ ဟိုအရင်က မီးပုံပျံတလုံး လုပ်ဖို့ဆိုတာတော်ယုံမလွယ်ပါဘူး။ အဓိက စက္ကူရှားပါးမူပေါ့။ နောက်ပိုင်းမှာ တရုတ်ပြည်က စီးပွားဖြစ်သွင်းလာတဲ့ ပလစ်စတစ် မီးပုံပျံတွေ ၀င်လာပါတယ်။အဲ့နောက်ပိုင်း ပိုပြီးလွယ်တာကတော့ ကျနော်တို့ ဆန်အိတ်တွေထဲမှာ အထဲကခံထည့်လေ့ရှိတဲ့ ကျွတ်ကျွတ်အိတ်အဖြူပါးလေးတွေကို ရောင်းလာပါတယ်။ မှတ်မိသေးတယ် တလုံးမှ ၁၅ကျပ် ၂၀ပါ။ အောက်ခြေအ၀ကို သွပ်ကြိုး ဒါမှမဟုတ် ၀ါးနဲ့ အ၀ိုင်းလိုက်ခတ်လိုက်ရင် မီးပုံပျံ ဖြစ်သွားပါတယ်။ ဒီလိုနဲ့ကျနော်တို့ အဲ့ဒါလေးတွေကို အမှတ်တရလွတ်ခဲ့ပါတယ်။ ကျနော် (၉)တန်းလောက်က ကျောင်းမှာ မီးပုံပျံပြိုင်ပွဲလုပ်ပေးဖူးပါတယ်။ ပျော်ရွှင်စရာပါ။ ကျနော်တို့မီးပုံပျံက ပိန်ရှည်ရှည်နဲ့ ဘေးမှာလဲ မီးလောင်ထားတော့ ပလစ်စတစ်က ကျုံ့ဝင်နေတာပါ။ တော်တော်လေးကို အချိုးအစားမကျပါဘူး။ ဒါပေမဲ့ ကျနော်တို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။


တကယ်တော့ ကျနော်တို့ တောင်ကြီးတန်ဆောင်တိုင်ပွဲလေးဟာ ပျော်ရွှင်မူတွေကိုချည်း အသာပေးတာမဟုတ်ပါဘူး။ ဒီပွဲလေးက ဘာကိုပြသနေသလဲဆိုတော့ တိုင်းပြည်တခုလုံးမှာ တနေရာပဲရှိတဲ့ ကျနော်တို့ရဲ့ရိုးရာ၊ ကျနော်တို့ ညီအကိုတွေရဲ့ ပေါင်းစည်းမူအင်အား၊ လုပ်ဆောင်နိုင်စွမ်းကို ပြသတာပါ။ မီးပုံပျံတလုံးဖြစ်တည်လာဖို့ တယောက်ထဲမပြီးပါဘူး။ လူအများကြီး စုပေါင်းလုပ်ဆောင်ရတာပါ။ တဖွဲ့က ယမ်းပိုင်းတာဝန်ယူမယ်၊ နောက်တဖွဲ့က မီးပုံပျံအပိုင်း၊ နောက်တဖွဲ့က မီးပုံပျံအပေါ်မှာ လှပအောင်ဆေးခြယ်တဲ့အပိုင်း စသည်ဖြင့် အပိုင်းပေါင်းများစွာကို တာဝန်ယူဆောင်ရတာပါ။ ကိုယ့်ယူတဲ့ တာဝန်လစ်ဟင်းသွားရင် အားလုံးမျှော်လင့်ခဲ့တဲ့ မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားရတာပါ။ တချို့ဆို ယမ်းတွေ မတော်တဆဖြစ်လို့ အသက်ပေးလို့ တာဝန်တွေ ယူခဲ့ရတာရှိပါတယ်။ ဒါပေမဲ့ တောင်ကြီးသားတွေ စိတ်ထဲမှာ ဘယ်မီးအဖွဲ့တော့ ယမ်းသမားတွေ ယမ်းထကွဲလို့ ဒဏ်ရာ ရကြတယ်ဆိုတာနဲ့ မေတ္တာစိတ်ထားပြီး သနားတတ်ပါတယ်။ ပြီးတော့ မကြောက်မရွှံ့ပဲ ကိုယ့်တာဝန်ကိုလဲ ထမ်းဆောင်ရတာပါပဲ



မီးပုံပျံမှာလဲ အမျိုးအစား အများကြီးရှိပါတယ်။ နေ့လွှတ်တဲ့ အရုပ်တွေရှိမယ်။ အရုပ်မှာကို အမျိုးအစားက ထပ်ခွဲထုတ်ထားတာပါ။ ဥပမာ ခြေလေးချောင်း၊ ခြေနှစ်ချောင်း၊ အုပ်စုအဖွဲ့ (ငါးအုပ်စု၊ ငှက်အုပ်စု) စသည်ဖြင့်ပေါ့။ ညပိုင်းမှာဆိုလဲ မီးပုံပျံကိုယ်ထည်မှာ မီးပုံလေးတွေ ဆင်လို့ အလှလွှတ်တာရှိမယ်၊ မီးရှူးမီးပန်းတွေနဲ့ လွှတ်တာတွေ စသည်ဖြင့် များပြားလှပါတယ်။ တန်ဆောင်တိုင်ပွဲတော် ရောက်ပြီးဆိုတာနဲ့ အနယ်နယ်အရပ်ရပ်ကရှိတဲ့ နယ်လှည့်ဈေးသည်တွေ ရောက်လာပါတယ်။ လောင်းကစားနည်းမျိုးစုံ ရှိတတ်ပါတယ်။ လေးကောင်ဂျင်၊ ရွှေဘောလုံး၊ မြှားပစ် စသည်ဖြင့် စုံနေတာပါပဲ။ ကျနော်ကတော့ တခါမှ မနိုင်ဖူးပါဘူး အမြဲရှုံးပဲ၊ စားစရာဆိုလဲ ရှမ်းပြည်ဒေသထွက်တွေ များတတ်ပါတယ်။ ရှမ်းထမင်းချဉ်၊ ဟင်းထုပ်၊ ကောက်ညှင်းကျည်းတောက်( ခြေထောက်) စသည်ဖြင့် အမျိုးစုံလင်ပါတယ်။ မန္တလေး၊ ရန်ကုန်ကလာရောင်းတဲ့ ပျားအုံမုန့်လေးတွေလဲ ရှိပါသေးတယ်။



နောက်ကျနော်မြို့လေးမှာ တန်ဆောင်တိုင်ရောက်ရင် ချစ်စရာဓလေ့လေးတွေရှိပါတယ်။ ဒါကတော့ ကျနော်တို့မြို့ခံတွေ ဘယ်လောက်ပဲ မူးမူး ဘယ်လောက်ပဲသောင်းကျန်းသောင်းကျန်း မောင်နှမစိတ်ဓါတ်အပြည့်ရှိတတ်တာပါ။ မိန်းကလေးတွေကို အိနြေ္ဒသိက္ခာကျအောင် ဘယ်တော့မှ မလုပ်ပါဘူး နာမည်ကြီးပွဲတော်ဖြစ်တဲ့အလျှောက် လူကလဲအတော်ကိုများပြားလှပါတယ်။ လူအုပ်ကြီးကိုကြည့်လိုက်ရင် အချိုတခုကို ပုရွက်ဆိတ်အုံတခုလုံး ၀ိုင်းခဲနေသလိုပါပဲ။ ဒီကြားထဲမှာ နယ်က ပေါက်တတ်ကရကောင်လေးတွေရဲ့ လက်သရမ်းမူတွေတော့ ရှိတာပေါ့။ ဒါပေမဲ့ ကျနော်တို့ မြို့သားတွေ အဲ့လို လုပ်တာမရှိတာကို ဂုဏ်ယူစွာတွေ့ရတတ်ပါတယ်။ တောင်ကြီးမြို့က လူတွေဟာ ပွဲနဲ့ပတ်သက်ရင် အရမ်းကို အစွဲကြီးတတ်ပါတယ်။ ဥပမာ အဆိုတော်တွေ လာဆိုတယ်ဆိုရင် ကိုယ့်မြို့ကအဆိုတော်တွေကိုပဲ အားပေးတတ်ပါတယ်။ ဆိုလိုတာက အိုင်းရင်းခရော့စ်လာရင် လေးဖြူ၊အငဲ ဒါပဲ ပါးစပ်ကအော်နေတတ်တာပါ၊ အာဇာနည်ဆို ဘေးထိုင်ပါပဲ၊ မျိုးကြီးဆို လက်ခံပါသေးတယ်။ အဲ့လိုပဲ အစွဲအလမ်းကြီးပြီး မြို့ချစ်စိတ်ပြင်းထန်တတ်ပါတယ်။

အခုလို အဝေးရောက်နေတဲ့ တောင်ကြီးဒေသခံတွေအတွက် တောင်ကြီးက ရှိတဲ့လူတွေကလဲ အတတ်နိုင်ဆုံး လုပ်ပေးနေပါတယ်။ ကျနော်တို့ တန်ဆောင်တိုင်ပွဲကြီးကို အပြင်မှာတကယ်မမြင်ရပေမဲ့ အင်တာနက်ပေါ်ကနေ Live အနေနဲ့ပြသနိုင်အောင် ကြိုးစားနေကြပါတယ်။ အဲ့ဒီအချိန်ဆို အဝေးရောက်တောင်ကြီးသူ၊သားတွေရဲ့ အလွမ်းကို စီပုံးလေးတွေမှာ ချပြတတ်ပါတယ်။ ပုံမှန်ဆို ကိုယ်စီအလုပ်များနေပေမဲ့ အဲ့ချိန်ရောက်ရင် အားလုံး စုံစည်းနိုင်အောင် ကြိုးစားကြပါတယ်။ဒါဟာ တောင်ကြီးမြို့အတွက် ဂုဏ်ယူစရာပါပဲ။ အခုဆို တဖြေးဖြေးတောင်ကြီးမြို့လေးဟာ ခေတ်မီလာပြီး လူငယ်တိုင်းဟာလဲ ကြိုးစားချင်စိတ်တွေအပြည့်နဲ့ပါ၊ ဒီလိုမျိုးလေးတွေမြင်နေရတော့ ကိုယ်တိုင်ဘာမှ မလုပ်ပေးနိုင်ပေမဲ့ ဘေးကနေ ကြည့်ပြီး ရင်ထဲမှာ အတိုင်းမသိ ၀မ်းသာပီတိတွေ ဖြစ်နေမိပါတယ်။ ကျနော့်ရဲ့ ရင်ထဲမှာလဲ တောင်ကြီးမြို့နဲ့တကွ ချစ်စရာ မြို့သူမြို့သားတွေရဲ့ စရိုက်၊ လူနေမူတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး၊ ဘယ်နေရာရောက်ရောက် ဘယ်လောက်ပဲ လူနေမူတွေ ပြောင်းလဲပြောင်းလဲ ကျနော်ဟာ တောင်ကြီးသားတယောက်အဖြစ် ရပ်တည်နေဦးမှာပါ။


တောင်ကြီးမြို့လေးနဲ့ တန်ဆောင်တိုင်ပွဲတော်လေးကို သတိတရ ရှိလို့ ရေးလိုက်တာပါ။

မှတ်ချက်။ ။ပုံများကို Google က ယူထားပါတယ်။



လေးစားလျက် တောင်ပေါ်သား

18 comments:

ခရေညို said...

တောင်ကြီး တန်ဆောင်တိုင် ပွဲတော်က နာမည်ကြီပဲနော် ဒါပေမဲ့ အမတော့
မရောက်ဖူးသေးဘူး

October 14, 2009 at 4:39 PM
မငုံ said...

ဒီနှစ် ငါတို့အုပ်စုထဲမှာ ခွန်ဖတယောက်ပဲ အပျော်ကဲနေမယ်ထင်တယ်။ မလိုနာလိုက်တာ :)) တန်ဆောင်တိုင် မနွဲရတာ ၃နှစ်ရှိပေါ့။ ရေးလိုက်မှပဲ ကထိန်အတွက် ကျောင်းမှာ စုပေါင်းလုပ်တာတွေ တအားသတိရသွားတယ်ဟ

October 14, 2009 at 5:35 PM
နန်းညီ said...

နန်းညီတို့ သွားမှာ.. ဟေဟေဟေ့

October 14, 2009 at 5:41 PM
တလနွန် said...

တောင်ကြီးတန်ဆောင်တိုင်ကတော့ တောင်ကြီးသားတိုင်းအတွက် ဂုဏ်ယူစရာပဲနော်။ တစ်ခါမှ မရောက်ဖူးသေးပေမဲ့ ဗီဒီယိုထဲကနေ မြင်ကြည့်ရင်း ထပ်တူဝမ်းသာမိပါတယ်။ အားလည်း အားကျပါတယ် :)))))))

ခင်မင်လျက်
တလနွန်

October 14, 2009 at 5:42 PM
စည်သူ said...

အဲဒီပွဲကို တစ်ခါမှမရောက်ဖူးပေမယ့် တောင်ကြီး တစ်ဆောင်တိုင်ဟာတော့ နားထဲမှာ ရင်နေပါတယ် ကိုတောင်ပေါ်သားရေ..

ခင်မင်စွာဖြင့်
စည်သူ။

October 14, 2009 at 5:53 PM
kiki said...

ပြောတာနဲ့ တင် ပြေးပြီးသွားကြည့်ချင်လာပြီဝေ့ ...
ခွန်ဖ တယောက်ပဲ ..လွှတ် ပျော်နေမှာ တော့် ။ သူ့ ကို နာလိုဘူး ..

October 14, 2009 at 6:08 PM
မေကဆုန် said...

အရမ်းကို မြင်ဖူးချင်တာပဲ.. ခုထိ မကြုံသေးဘူးကွယ်..
ရောက်အောင်သွားဦးမယ် တနှစ်လောက်..

October 14, 2009 at 6:35 PM
WWKM said...

တောင်ပေါ်သားအိမ်ကို တီဝါ ပို့စ်အသစ်တင်တိုင်းရောက်ပါတယ်.
ဒါပေမယ့် ဖတ်နေရင်းပို့စ်ပျောက်သွားတယ်. မန့်မရဘူး။
စီဘုံးလည်းပျောက်သွားတယ်.
အခုတခေါက်တော့ ကွန်မန့်ကို အရင်ကလစ်ထားလိုက်တာလေ.ကွန်မန့်ပေးလို့ရတယ်.
ဒါပေမယ့် ပို့စ်ကတော့ ပျောက်သွားပြီ။ အပြာရောင်ဘက်ဂရောင်းပဲ မြင်နေရတယ်.
ဘာဖြစ်လို့လဲမသိဘူး။ပြောပါဦး။

တောင်ကြီးတန်ဆောင်တိုင် မနှစ်တုန်းကလို လွှင့်ပေးဦး
မှာလား. မဖတ်လိုက်ရဘူး။ ပို့စ်ကပျောက်သွားပြီ။
မနှစ်တုန်းက တောင်ကြီးတန်ဆောင်တိုင်လေးကို
သတိရမိပါတယ်။

ပျော်ရွှင်ပါစေတောင်ပေါ်သားရေ။

တီဝါ

October 14, 2009 at 6:44 PM
နေ့အိပ်မက် said...

အိမ်မှာနေ့အိပ်မက်ကလွဲပြီး တစ်မိသားစုလုံးတောင်ကြီးတန်ဆောင်တိုင်ရောက်ဖူးတယ်.. နေ့အိပ်မက်ပဲ ဖျားတာနဲ့ စာမေးပွဲရှိတာနဲ့ ကျန်ကျန်ခဲ့ရတာ.... တောင်ကြီးတအားသွားချင်တာပဲ... နောက်များမှပေါ့..

October 14, 2009 at 8:25 PM
Another Taungpawthar said...

I love the festival. But also thinking that it's a wasting money. Should use those money in useful way.

October 14, 2009 at 10:01 PM
သံလွင် HeRo said...

တောင်ကြီးတန်ဆောင်တိုင်ကို
တစ်နေ့နေ့တော့ ဘလော့မောင်နှမတွေနဲ့
သွားချင်တယ်ဗျာ...
မနှစ်က တီဝါတို့၊မနိုင်းနိုင်းတို့၊ကိုတောင်တို့
နဲ့နွှဲခဲ့ကြတဲ့ ဘလော့တန်ဆောင်တိုင်ပွဲလေး
ကိုလည်းသတိရမိပါတယ်...
ဒီနှစ်လွှင့်ရင်လည်း ဆက်ဆက်လာခဲ့အုံးမယ်ဗျ
ပျော်ဖို့တော်တော်ကောင်းတယ်...

October 14, 2009 at 10:07 PM
ကိုလူထွေး said...

ဟေး...
မီးပုံးပျံလိုက်စီးမယ်ကွ...

ဟင် မိုးပေါ်ရောက်မှ မီးစာကုန်သွားပြီ...
ပြန်ကျပဟ.....

အား..................
..............
...........................

းဝ)

October 15, 2009 at 2:29 AM
မိုးခါး said...

စာဖတ်ပြီး အလွမ်းကို မြင်လိုက်ရတယ် ..း)
ကိုယ်တိုင်မကြုံဘူးပေမယ့် နာမည်နဲ့ ရင်းနှီးနေတဲ့ ပွဲတခုပါပဲ
အဆင်ပြေရင်တော့ သွားဖူးချင်တယ် ..
လွမ်းနေတဲ့ အမိမြေနဲ့ အမေ့ရင်ခွင်ကို အမြန် ပြန်ခိုလှုံခွင့် ရပါစေနော် ..

စာဖတ်ရတာ မြို့ချစ်စိတ်တော့ အပြည့်ပဲ .. :P

October 15, 2009 at 8:30 AM
မေသူ said...

မရောက်ဖူးပါ.. သွားတော့သွားချင်သားးး ပျော်စရာကြီးနေမှာပဲ.....

ကိုတောင်ပေါ်ကို မီးပုံးလုပ်ခိုင်းရမှာ အားနာတယ်... ရလာတဲ့မီးပုံးပုံစံကတော်တော်လေးကို လှမှာဆိုတော့... :D

October 15, 2009 at 10:15 AM
နှင်းဆီပန်းချစ်တဲ့ကောင်မလေး said...

နင်ပြောတာနဲ့ ငါလဲတို့မြို့က တန်ဆောင်တိုင်က လွမ်းသွားပြီ။

ငါ့အဒေါ်သူငယ်ချင်းတစ်ယောက် ပြောတာ တောင်ကြီးတန်ဆောင်တိုင်မှာ ထမင်းရောင်းတာ ဆယ်သိန်းမြတ်သတဲ့။ ၂၀၀၁ လောက်တုန်းကလေ။

October 15, 2009 at 3:05 PM
Phyo Evergreen said...

သူလုပ်လို့လွမ်းသွားပြီ.. ရွှတ်..

October 15, 2009 at 3:05 PM
flowerpoem said...

တောင်ကြီး မီးပုံးပျံပွဲကို အမြဲသွားချင်ပါတယ် ခရီးထွက်ဖို့စဉ်းစားတိုင်း အဲဒီကိုပဲသွားချင်တယ်

October 15, 2009 at 4:31 PM
ဆောင်း said...

တောင်ကြီးပွဲမှာလူဘယ်လောက်တိုးနေပါစေ လက်သရမ်း တာမရှိတာတော့ တကယ်ချီးကျူးတယ်။ အရုပ်မီးပုံးပျံတွေ သိပ်သဘာဝကျတာဘဲ။ ညဘက်လွှတ် တာက ဗျောက်အိုး အဆင့်ဆင့် ပေါက်တာတွေရော ပညာသားလဲ ပါတယ်။
တောင်ကြီးတန်ဆောင်တိုင်ကို တခါဘဲ ကြုံဖူးတယ်။

လွမ်းစရာလေးတွေ ဖြစ်သွားပြီ သတိရသွားလို့ 

October 20, 2009 at 4:53 AM