Thursday, April 9, 2009

စိတ်ကူးယဉ် အိပ်မက်



ဒီအခန်းထဲကို ၀င်လိုက်တာနဲ့ပဲ ပျော်ရွှင်ခြင်းတွေ ပြည့်စုံသွားပါတယ်။ လူ့ဘ၀မှာ လိုအပ်သော ရင်ခုန်မူ၊ ပျော်ရွှင်မူတို့ကို ဒီအခန်းလေးထဲတွင် ခံစားရ၊ ထိတွေ့ရပါသည်။ ဟိုအခန်းထဲက လူတွေအများကြီး သူတို့မျက်နာတွေအားလုံးကို လိုက်ကြည့်မိသည်။ ပျော်ရွှင်ကြည်နူးနေသည့် လူတွေ။ သူတို့၏မျက်နှာတွင် စိုးရိမ်ခြင်း၊ မကျေနပ်ခြင်းများ စိုးစေ့မျှ မရှိပေ… မျက်နှာတွင် ပီတိအပြုံးတွေနဲ့ပြည့်နေပေသည်။ အခန်းထဲတွင်သာမဟုတ် အပြင်ဘက် ခြံဝင်းအတွင်းကြည့်လိုက်လျှင် ထီးကလေးများနှင့် နေပူအောက်မှာ ရပ်သည့်လူက ရပ်နေသည်။ ငုတ်တုတ်ထိုင်သည့်လူက ထိုင်နေသည်။ ရေမော့သောက်နေသူက သောက်နေပေသည်။ သူတို့၏ နှလုံးသားက တောင်းဆိုချက်အရ အလုပ်ချင်ဆုံး အလုပ်တခုကို သူတို့ကျေနပ်စွာ လုပ်နေခြင်းဖြစ်ပေသည်။

မှန်သည် ကျနော်ရောက်နေသည်ကာ ရုံးတရုံးတွင်ဖြစ်သည်။ ကျနော်တို့လို မြန်မာလူမျိုး အလုပ်သမားတိုင်း ဒီနေရာကို မသွားမဖြစ်သွားကြရပေသည်။ အကြောင်းကား မိမိချစ်သော တိုင်းပြည်အတွက် ကျေပွန်စွာ ထမ်းဆောင်ရမည်ဟုသော စိတ်နှလုံးကိုမူသော ၀န်ထမ်းကောင်းများ၏ ကောင်းမူကြောင့် ကျနော်တို့သည်လဲ ဒီတာဝန်ကို တဖက်တလမ်းကနေ ထမ်းဆောင်ရပေဦးမည်။ ဘ၀ပေး တာဝန်ပင်ဖြစ်ပေသည်။ ငြင်းပယ်ပိုင်ခွင့်မရှိပေ။ ဘယ်သူမှလဲ ချစ်သောတိုင်းပြည်အတွက် ငြင်းရိုးထုံးစံ မရှိပေ ကြားလဲ မကြားဖူးခဲ့ပေ။ ၀န်ထမ်းကောင်းတို့မည်သည် ဘက်မလိုက်တတ်ပေ။ ထို့အတူ ဒီအန်တီကြီးသည်လဲ ဘက်မလိုက်တတ်ပေ။ အားလုံးကို တန်းတူ ဆက်ဆံတတ်ပေသည်။ ၀မ်းသာလှပေသည်။

S-Pass ဆို ပုံမှန် ၈၀ (စင်ကာပူဒေါ်လာ) ဖြစ်ပေသည်။ အားလုံးကို တန်းတူမျှတစွာ အန်တီကြီးက ဆောင်စေသည်။ တကယ်တမ်း ပေးဆောင်ရမည့် အခွန်မှာ လစာငွေ၏ ၁၀ ရာခိုင်နှုန်း ဖြစ်ပေသည်။ တချို့လူများက အန်တီကြီးကို အသနားခံစာတင်လေသည်။ ကျနော်တို့ ရသည့်လစာမှာ ၈၀၀ ကျော်သဖြင့် ၈၀ ထက် ပိုပေးလို့ရသလား ဟုမေးနေကြပေသည်။ ဒါပေမဲ့ အန်တီကြီးသည် ဘက်မလိုက် အာဂတိမလိုက်စားသူ ဖြစ်သည့်အလျှောက် ၈၀ ထက်ကျော်ပေးမူကို လက်မခံပေ။ အန်တီကြီးနည်းတူ သဘောကောင်းသော အကိုများလည်း ရှိနေပေသေးသည်။ ထိုအကိုကြီး၏ သဘောကောင်းပုံများကတော့ မပြောပြချင်အောင် ကောင်းသည်။ ကျနော်တို့များ နေရာမှားရောက်နေသလား မှတ်ရသည်။ သူကပဲ ကျနော်တို့ကို လုပ်ကျွေးနေသည်ဟု ခံစားမိအောင်ကို ပြောတတ်ပေသည်။ ၀မ်းသာလှပေသည်။ အော်ဟောက်ခြင်း အလျင်မရှိ.. ချိုသာသော ၊ ပျော့ပြောင်းသော စကားသံတို့နှင့် ကြိုဆိုတတ်ပေသည်။

တီ….တီ……တီ………….
တီ…. တီ…. တီ……….

အိပ်ရာထက်မှာ အမြန်ထကာ နိုးစက်နာရီကို လှမ်းပိတ်လိုက်သည်။ အော် ခုနက အိပ်မက်ကြီးပါ့လား…. တကယ်များလားလို့ သေချာသည် ဟိုနေ့က ကျနော် အခွန်ဆောင်ရန် ပတ်စပိုစ့် သက်တမ်းတိုးရန် လိုအပ်သဖြင့် စိတ်ကစွဲပြီး ကျနော် အိပ်မက်မက်နေခြင်း ဖြစ်ပေမည်။ ကျနော်အိပ်မက်လေးထဲက အကြောင်းအရာလေးကို သေချာပြန်စဉ်းစားနေမိသည်။ ထို့နောက် ကျနော် ဆုံးဖြတ်ချက်တခုချကာ သူငယ်ချင်းတယောက်ကို ဖုန်းကောက်ဆက်လိုက်သည်။

ဟေ့ကောင် မင်း အခွန်ဆောင် သက်တမ်းတိုးတွေ လုပ်ပေးတဲ့ အေဂျင့် ဖုန်းနံပါတ် သိရင် ငါ့ကို ပေးပါ။ ငါ အခွန်ဆောင် သက်တမ်းတိုးချင်လို့…...



လေးစားလျက် တောင်ပေါ်သား


6 comments:

Thant said...

ဟား...ဟား...ဟား... ကိုယ်တို့ကတော့ သွားခဲ့ပြီးပြီ ။ အဲဒီအိပ်မက်ထဲကအတိုင်းပဲ...အဲဒီအထဲက ဦးဦး၊ဒေါ်ဒေါ်တွေ ကျန်းမာ၊ချမ်းသာကြပါစေ ( စိတ်နာလို့ ရွဲ့ပြောတာ )

April 9, 2009 at 8:14 PM
kiki said...

အဲ့ဒီ အခွန်ကို နောက်တခေါက်အိပ် မက် မက်တဲ့အခါကျမှဘဲ ဆောင် ပါတော့လား ကိုတောင်ပေါ်ရယ် ။။ ကြည့်တော့ လည် မလိုနဲ့ အတော်ထူပါလား ။ အင်္ကျီပါးပါးဝတ်အုံး ။ နေကောင်းသွားမှာပါ ။ အဟိဟိ....

April 10, 2009 at 4:58 AM
မငုံ said...

အဟိ..အိပ်မက်ထဲတောင် ထဲ့မက်ရလောက်အောင်ကို အင်း..တော်တော် စိတ်စွဲပေတာပဲ။

April 10, 2009 at 6:11 AM
ဖိုးစိန် said...

သြော်..စွဲတဲ့စိတ်ရယ်.. ဖြစ်ရမယ်..

April 10, 2009 at 7:14 AM
ကိုရင်နော်ခင်လေးငယ် said...

ဟဲဟဲ.. ဟုတ်ပါ့ဟုတ်ပါ့..း)

April 11, 2009 at 6:34 PM
ကြယ်ဇင်သွေး said...

ဟား ဟား
တောင်ပေါ်သားရယ် အကောင်းမှတ်လို့ တစ်ကယ်လဲ မဟုတ်ဘူး အိပ်မက်တဲ့ ဟား ဟား တကယ်ဖြစ်တဲ့နေ့ ..... တကယ်ဖြစ်နေ့

April 12, 2009 at 5:23 AM