Wednesday, April 8, 2009

သက်တန့်


ပြတင်းပေါက်မှတဆင့် ဟိုအဝေးတနေရာသို့ ကိုသားငယ် စိုက်ကြည့်နေသည်။ ဟိုအဝေးတနေရာဆီမှာ ထွက်ပေါ်နေတဲ့ သက်တန့်လေးကို မျက်တောင်မခတ် စိုက်ကြည့်နေသော ကိုသားငယ်ကို ကျနော်ငေးကြည့်နေမိသည်။ ထို့နောက် ကိုသားငယ်နှင့်အတူ ကျနော်၏ မျက်လုံးအစုံပါ အရောင်မျိုးစုံနှင့် တောက်ပနေသော သက်တန့်လေးဆီ ကိုငေးကြည့်နေမိသည်။ ကျနော်တို့အကြည့်တွေကို သေးမြောင်သော ပြတင်းပေါက်လေးကတဆင့် ကျယ်ဝန်းပြီး လှပသော သက်တန့်လေးကို ငေးနေမိသည်။ ထိုအတူ ကျနော်၏ အမြင်အာရုံမှာ အတိတ်ဆီသို့ နာရီလက်တံအလား တရွှေ့ရွှေ့ နောက်ပြန်သွားနေမိတော့သည်။

ကျနော်နဲ့ ကိုသားငယ်သည် ငယ်စဉ်ကတည်းက ခင်မင်ခဲ့သော ငယ်သူငယ်ချင်းများဖြစ်သည်။ ဒါပေမဲ့ ဘ၀ပေးအခြေအနေကြောင့် ကျနော်တို့ရပ်တည်ခဲ့ရသည့် ဘ၀က မတူညီခဲ့ပေ။ ကိုသားငယ်သည် ကျနော်နှင့်နှိုင်းယှဉ်လျှင် အဖက်ဖက်အရာရာက သာလွန်ပေသည်။ ပြောရမည်ဆိုလျှင် ပိုက်ဆံအလွန်ချမ်းသာသော မိသားစုမှ ပေါက်ဖွားလာသော သူတယောက်မဟုတ်ခဲ့ပေမဲ့ အတော်အသင့် ချမ်းသာသော မိသားစုမှ ဆင်းသက်လာခဲ့သူ ဖြစ်ပေသည်။ တကယ်တော့ ကိုသားငယ်သည် ကျနော်တို့ မြို့ဇာတိဖွားမဟုတ်ပေ။ မှတ်မှတ်ရရ ကျနော် ၃ တန်းလောက်အရွယ်မှ သူတို့မိသားစု ကျနော်တို့ မြို့လေးကို ပြောင်းလာခဲ့ခြင်းဖြစ်ပေသည်။ ကျနော်နှင့် ကိုသားငယ်သည် ၃ တန်းမှ စ၍ အထက်တန်းပြီးဆုံးသည့် အထိ အတူတူစား အတူတူနေခဲ့ကြသည့် သူငယ်ချင်းများဖြစ်ခဲ့ကြပါသည်။



ကျနော်နှင့်ကိုသားငယ် ငယ်စဉ်က ဒီလို သက်တန့်လေးတွေကို မြင်တိုင်း တူညီသော ခံစားချက်တခုရှိပါသည်။ ထိုအရာမှာ ဒီသက်တန့်ကြီးဘာကြောင့် ပေါ်လာရပါသလဲဆိုတာကို ပြိုင်တူစဉ်းစား ငြင်းခုန်ကြခြင်းပင်ဖြစ်ပေသည်။ ရေခိုးရေငွေ့တွေ အပူအအေးကြောင့် ပြောင်းလဲပြီး သက်တန့်ဖြစ်ပေါ်လာသည်ကို ကျနော်တို့ မသိခဲ့ချေ။ ရပ်ကွက်ထဲက လူကြီးများက အရူးဟု သတ်မှတ်ထားသော ကိုဖိုးဝ ကြီးပြောပြသည်ကတော့ ဒီသက်တန့်ရဲ့ အစွန်းနှစ်ဖက်မှာ တန်ဖိုးကြီးမားတဲ့ ရွှေ၊ငွေ၊ ကျောက်သံပတ္တားမြားတွေ ရှိသည်ဟု ဆို၏။ မင်းတို့ ဒီသက်တန့်ရဲ့ အရောင်တွေ မပျောက်ခင် အစွန်းတဖက်ကို အရောက်သွားနိုင်လျှင် မင်းတို့လိုချင်တဲ့ ရွှေ၊ငွေတွေ ရလိမ့်မည်ဟု ပြောပြဖူးသည်။ထိုကြောင့် ကျနော်တို့ နှစ်ယောက် သက်တန့်ရောင်မြင်တိုင်း သက်တန့်၏ အစွန်းတဖက်နောက်သို့ ပြေးလိုက်ခဲ့ကြသည်မှာလဲ အကြိမ်ကြိမ် အခါခါ…. မိုးချုပ်ညအမှောင်ရောက်တော့ သဘာဝအရ သက်တန့်ရဲ့ အလင်းတွေပျောက်သွားတော့ ကျနော်တို့ ငိုကြွေးခဲ့သည်မှာလဲ မရေမတွက်နိုင်ခဲ့ပေ.. သက်တန့်နောက် လိုက်ရင်း လမ်းပျောက်ခဲ့သည်မှာလဲ အကြိမ်ကြိမ် အခါခါ…………….

ကျနော်တို့ အလယ်တန်းကျောင်းသားဘ၀ကို ကျော်လွန်လာတော့ လူသားသဘာဝ အရာရာ ပြောင်းလဲခဲ့ပြန်သည်။ ကျနော်တို့ အရင်လို သက်တန့်ရောင်စဉ်ရဲ့ တဖက်စွန်းမှာ ရွှေ၊ငွေတွေ မရှိမှန်းလဲ သိလာခဲ့ရသည်။ ဒါပေမဲ့ ကျနော်တို့ အတွေးတွေကတော့ သက်တန့်ရောင်စဉ်တခုလို အရောင်မျိုးစုံနဲ့ တောက်ပဆဲ၊ လှပဆဲ ဖြစ်ပေသည်။ ကိုသားငယ် ပြောဖူးသည်တခုကို ကျနော် သတိရမိသည်။ သူအထက်တန်းအောင်လျှင် ပညာတတ် ၀န်ထမ်းကောင်းတယောက် လုပ်မည်တဲ့။ ဒါကလဲ သက်တန့်တခုလို သူရဲ့ မျှော်မှန်းချက်တခုပင်.... ဒါပေမဲ့ သူရဲ့ မျှော်လင့်ချက်တွေသည်လဲ သက်တန့်တခုလို အချိန်တန်တော့ အရောင်တွေ မျောလွှင့် ကွယ်ပျောက်ခဲ့ရမှန်း သူသိခဲ့ရပေမည်။ ကျနော်တွေးနေရင်း ကိုသားငယ်ကို ငေးကြည့်နေမိသည်။ သူ၏ မျက်နှာသည် အရင်လို ပြည့်ပြည့်ဖြိုးဖြိုးမရှိသော ဘ၀ရဲ့ ရိုက်ချက်များကို ခံထားရသော ပိန်းလှီနေသော မျက်နှာလေးအသွင်သို့ ကူးပြောင်းနေပေသည်။ သူသည် စကားလဲများစွာ မပြောနိုင်၊ မောပန်းနွမ်းလျနေပေသည်။ ဒါပေမဲ့ သူဘာကိုဆိုလိုချင်သည်ကို ကျနော်သဘောပေါက်ပါသည်။ ကျနော်ကိုသားငယ်ကို ကြည့်ပြီး ပြတင်းပေါက်ပိတ်ပေးရမလားဟု ကျနော် မေးလိုက်မိသည်... တိုးလျသော အသံဖြင့်ကိုသားငယ် ကျနော်ကို ပြန်ပြောသံကို ကျနော်ကြားလိုက်ရသည်.. မပိတ်ပါနဲ့ဗျာ... ကျနော်ဒီသက်တန့်လေး ပျောက်ကွယ်သွားတဲ့အထိ ကျနော်ကြည့်နေချင်လို့ပါဗျာ.....

ကျနော်တို့ ဆယ်တန်းအောင်မြင်တော့ ကိုသားငယ်သည် သူ၏မိဘများသဘောဆန္ဒအရ မြို့ပြတို့ပြောင်းကာ ကျောင်းတက်ခဲ့သည်။ ဒီတွင်ကျနော်နှင့် ကိုသားငယ် တွေ့ဆုံမူတို့သည် တဖြည်းဖြည်းနှင့် အလှမ်းဝေးလာခဲ့သည်။ ဒါပေမဲ့ သူ၏သတင်းများကိုကား ကျနော်အစဉ်ကြားနေဆဲဖြစ်သည်။ သူသည် တက္ကသိုလ်ကျောင်းသားဘ၀တွင် သူထက်အသက်အရွယ်ကြီးသော မြို့သူတယောက်နှင့် ခိုးရာလိုက်ပြေးလေသည်။ သူ၏မိဘများသည်လဲ သူ့ကို အမွေပြတ် စွန့်လွတ်လိုက်ကြပေသည်။ သူ၏ မျှော်လင့်ချက်ဖြစ်သော ၀န်ထမ်းကောင်းတယောက် ဖြစ်ရမည်ဟူသော မျှော်လင့်ချက်တို့သည်လဲ သက်တန့်ရောင်စဉ်လေးတခုလို ကွယ်ပျောက်သွားခဲ့ပေသည်။ ထိုအတူ သူမျှော်လင့်သော စီးပွါးရေးလုပ်ငန်းရှင်တယောက်လဲ ဖြစ်မလာနိုင်ခဲ့ပေ။ သူ၏ဇနီး၊ ယောက္ခမတို့က အရာရာကို ထိန်းချုပ်ထားကာ သူသည်လဲ ယောက္ခမနောက်လိုက်တယောက်အဖြစ်သာ အချိန်တွေ ကုန်လွန်ခဲ့ပေသည်။

နှစ်လတွေ ကြာလာသည်နှင့်အမျှ ကိုသားငယ်၏ သတင်းသည်ကား ဆိုးသထက်ဆိုးရွားလာသည်။ သူသည် အရက်ကို အလွန်အကျွန်သောက်သုံးတတ်လာသည်။ အမျိုးသမီးများနှင့် ပျော်ပါးမူများရှိလာခဲ့သည်။ ထိုအတောအတွင်း သူတို့အိမ်ထောင်ရေးတွင် အဖုအထစ်များ လဲရှိလာခဲ့သည်။ သားသမီးများကလဲ သူ့ကို အလေးမထားတော့ပေ။ သူ၏ ဇနီးသည်လဲ လူကြီးရောဂါဖြင့်ကွယ်လွန်ခဲ့ပေသည်.. ဒါပေမဲ့ သူကားမူ ထိုအချိန်ထိ ယောက္ခမ၏ နောက်လိုက်တယောက်အဖြစ်မှ မရုန်းထွက်နိုင်ခဲ့ပေ... သူတွင်လဲ ရောဂါမျိုးစုံ ၀င်ရောက်လာခဲ့ပေသည်။ ငယ်စဉ်က ဆိုးမိုက်ခဲ့သော ၊ပေတေခဲ့သောအရာတို့သည် ယခုအချိန်တွင်မူ လူတယောက်ဖြစ်သည်ဟု နာမည်ခေါ်တွင်ရုံတခုမှ လွဲ၍ ဘယ်အရာမှ လူနှင့်တူသည်ဟူ၍ မရှိတော့လောက်အောင် ပျက်ဆီးနေပေသည်....

တဖြည်းဖြည်းနှင့် အလင်းရောင်တို့သည် ပျောက်ကွယ်၍ ည၏အသွင်အပြင်ကို ကူးပြောင်းလာနေသည်။ အပြင်မှာ လေနုအေးအေးများက ပြတင်းတံခါးဆီမှ ကျနော်ကိုယ်ကို လာတိုက်ခတ်လေသည် အေးမြသော အထိအတွေ့ကြောင့် ကျနော်အတွေးတွေကို ရပ်ပြီး ပြတင်းတံခါးပေါက်ကို ပိတ်ရန်ထသွားလိုက်သည်။ ပြတင်းတံခါးအပြင်ဘက်တွင်လဲ ကျနော်တို့ ငေးကြည့်နေသော သက်တန့်လေးသည်လဲ ကွယ်ပျောက်လုလု ဖြစ်နေပေသည်။ ကျနော် ပြတင်းတံခါးကို ပိတ်ပြီး ကိုသားငယ်ဆီကို လှမ်းလျှောက်၍ စကားပြောရန် ပြင်လိုက်သော်ခဏတာလေးဝယ် ကိုသားငယ်၏ အသက်ဝိညဉ်သည် မရှိတော့ရှာပေ... သူသည် သူချစ်သော သက်တန့်လေးတခုလို အရောင်မျိုးစုံနှင့် တောက်ပခဲ့ပြီး အချိန်တန်တော့ သက်တန့်တခုလို ပျောက်ကွယ်သွားခဲ့လေပြီ။ ကျနော်တို့လူသားများသည်လဲ တနေ့နေ့တချိန်ချိန်တွင် သက်တန့်တခုလို တောက်ပပြီး ပျောက်ကွယ်သွားကြရဦးမည်သာ ဖြစ်ပေသည်.....



မှတ်ချက်။ ။ ပုံကို Google ကနေယူထားပါသည်။ ကျနော်ဖတ်မိသော စာလေးများကို ပြန်လည် စိတ်ကူးသီကုံးထားခြင်းသာဖြစ်ပါသည်။



လေးစားလျက် တောင်ပေါ်သား

6 comments:

Welcome said...

ရခဲတဲ့ လူ့ဘ၀တိုတိုလေးမှာ သက်တန့်တစ်ခုလို မလွဲမသွေ ပျောက်ကွယ်သွားရတယ်ဆိုပေမယ့်
အဓိပ္ပာယ်ရှိရှိ နဲ့ ကွယ်ပျောက်သင့်တယ်လို့ ထင်မိပါတယ်။
ဝတ္တုလေး တလေးတစား ဖတ်သွားတယ်။

လေးစားလျက်
ဝင်းဇော်

April 8, 2009 at 12:53 PM
အိုက်ခီလောက် said...

အင်း ကောင်းကောင်းဖတ်သွားပါတယ် သက်တံလေးကို
လူဘဝ က အရောင်မျိုးစုံ ပြောင်းလည်းတတ်တာကိုး
အင်းဖတ်မိပြီးတစ်ခုခုတော့ ဖြစ်သွားတယ်

April 8, 2009 at 1:49 PM
kiki said...

အဲ့ ကိုသားငယ်လေးက ဘာရောဂါကြောင့် ဒီငယ်ငယ်ရွယ်ရွယ်မှာ ဒီလောကကြီးမှ ထွက်ခွာသွားရတာလဲဟင်။ သူဆုံးခါနီးမှာ သူ့ ရဲ့ဇနီးမယားက အနီးအနားမှာ ရှိမနေပေးဘူးလား ။
လောကကြီးမှာ ဘယ်အရာမှ အမြဲမရှိနေနိုင်ပေဘူး နော့။ သံဝေဂလေးတွေပေါ့။

April 8, 2009 at 3:22 PM
Sein Lyan Tun said...

သူလဲသက်တန့်ကြီးခြေရင်းအောက်သွားပြီး
တစ်ခုခုရှာနေမလားမသိဘူးနော်
စာဖတ်တော့ဝမ်းနည်းသလိုခံစားရတယ်
စာရေးကောင်းတယ်
ခံစားချက်တွေထိတယ်
ခင်တဲ့
ဖိုးစိန်

April 9, 2009 at 3:45 AM
မသက်ဇင် said...

တောင်ပေါ်သားလေးဆီမရောက်တာကြာလှပေါ့
သတိတရလာလည်ပါတယ်--
လာဖတ်ပါတယ်--
ပျော်ရွှင်အဆင်ပြေပါစေ--

April 9, 2009 at 8:28 AM
Anonymous said...

စိတ်ကူးနဲ့အရေးတွေကောင်းတယ်ဗျာ။

April 9, 2009 at 7:26 PM