အိမ်ပြန်ချိန်
ညအမှောင်က တယောက်ထဲသူ့အဖို့ ခြောက်ချားဖွယ်ရာ ဖြစ်နေသည်။ ကျနော် အိမ်ပြန်ချင်သည်။ ဟုတ်သည် ဒါကြောင့် ကျနော် အိမ်လေးရှိရာကို ပြန်လာနေခြင်းဖြစ်သည်။ ကျနော် အိမ်လေးကို မပြန်တာ နှစ်ပေါင်း အတော်ကို ကြာနေပြီလေ။ လမ်းဘေးတချက်ကို ငေးမော်ကြည့်လိုက်တော့ အရောင်ဖြူဖြူ အုတ်ဂူများက အစီအရီ။ ကဗျာဆရာတယောက်အတွက်တော့ ဒီလို ညမျိုးမှာ စွဲမက်ဖွယ် ကဗျာတပုဒ်ကို ခံစား သီကုံးနိုင်ပေမဲ့ ကျနော်အဖို့မှာတော့ ဒီသင်္ချိုင်း နားက ဖြတ်လျှောက်ရသည်ကိုက ကြောက်စရာတခုဖြစ်နေသည်။ ရင်ထဲတွင် အမျိုးအမည် မဖော်ပြနိုင်သော ခံစားမူများကိုလဲ ခံစားနေရသည်။ ဟုတ်မည် ဒီသုဿာန်ထဲတွင် ကျနော်၏ ဆွေမျိုးများလဲ ခိုအောင်းနေပေမည်။ လှဲလှောင်း အိပ်စက်နေပေမည်။ ထိုအတူ ကျနော် ချစ်သော မိတ်ဆွေများလဲ ရှိနိုင်ပေသလို ကျနော်ကို ရွံရှာမုန်းတီးနေသော ကျနော်၏ ရန်သူများလဲ ရှိနိုင်ပေမည်။ မှန်သည် ထို့ကြောင့် ကျနော် ကြောက်လန့်နေခြင်းပင် ဖြစ်ပေမည်။ ဒီနေရာလေးကို နောက်ပြန်မကြည့်ပဲ အမြန်လျှောက်လာမိသည်။
တဖြေးဖြေးနဲ့ မြို့ပြရဲ့ အရိပ်အရောင်လေးတွေ တွေ့နေရသည်။ ဒီလမ်းလေးပေါ်မှာ ကျနော် လျှောက်နေတာကြာခဲ့ပြီ။ နေ့စဉ်လိုလိုပင် ဒီလမ်းလေးပေါ်မှာ ကျနော် လျှောက်ပြီး ကျနော် အိမ်လေးကို ပြန်နေကြ။ ဒါပေမဲ့ ခုထက်ထိ ကျနော် လမ်းလေးပေါ်တွင် လူတယောက်မှ မမြင်ဖူးသေးပေ။ ဟိုအရင် အချိန်က ဒီနေရာလေးမှာ ဈေးဆိုင်တွေ၊ ကာရာအိုကေ ခန်းမတွေနဲ့ မီးရောင်စုံတွေကြားက လူတွေ စည်ကားလို့ပေါ့။ မျက်နှာမှာ အရောင်မျိုးစုံ ကာလာမျိုးစုံတွေ လိမ်းခြယ်ပြီး ညရဲ့ အလှအပနဲ့ အပြိုင် ယစ်မူးနေကြတဲ့နေရာလေးပေါ့ အခုတော့လဲ ဒီနေရာလေးဟာ မြင်ရသူအဖို့ လွမ်းဆွတ်စရာလေးတွေ အတိနဲ့ ဖုံးလွမ်းနေတာပဲ မြင်နေရပါတော့တယ်။ ဒီကမ္ဘာပေါ်မှာ လူဆိုသည်ကော ရှိသေးကြသလားမသိ။
ဒီလမ်းလေးပေါ်မှာ သမာအာဇီဝနဲ့ လုပ်ကိုင်စားသောက်နေတဲ့ လူတွေလဲ ဖြတ်ဖူးကြပါတယ်။ ဒီလိုပဲ လုယက် ခိုးသွမ်း နေကြတဲ့ လူရမ်းကားတွေလဲ ဖြတ်လျှောက်ခဲ့ဖူးပါတယ်။ ကျနော်လဲ အတိတ်ကအတွေးလေးတွေ နယ်ချဲ့ပြီး လမ်းလျှောက်လာလိုက်တာ လမ်းစုံလေးကို ရောက်လာပါပြီ။ ဒီလမ်းစုံလေးကို ကျော်ပြီး ကုန်းကျော်လေးကို ဖြတ်လိုက်ရင် ကျနော် နေတဲ့ အိမ်နားကိုရောက်ပြီးပေါ့။ ကျနော် ခပ်သုတ်သုတ်လျှောက်ရင် ကုန်းကျော်လေးကို ဖြတ်ဖို့ လုပ်နေတုန်းမှာပင် ကျနော် အနောက်မှ အသံတခုကို ကြားလိုက်မိသည်။
ဟေ့ကောင် ရပ်လိုက်စမ်း မလှုပ်နဲ့ ငြိမ်ငြိမ်နေ…
ကျနော်နောက်ကို လှည့်ကြည့်မိလိုက်သည်။ ဒီမြို့လေးရဲ့ တခုတည်းသော ပတ္တာရောင်ကားတစီးပါ။ ၂၀၅၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီးတော့ မြို့လေးမှာလူသူမရှိတော့၍ ပတ္တာရောင်ကားတွေ အများကြီးမလိုအပ်ဟု စီမံချက်ဖြင့် တစီးတည်း ထားထားသော ကင်းလှည့်ကားလေးဖြစ်ပါသည်။
မင်းဘာလုပ်နေတာလဲ
ကျနော် အိမ်ပြန်မလို့ လမ်းလျှောက်နေတာပါ
မင်းလမ်းလျှောက်တာကော သေချာလားကွ၊ မင်းနာမည် ဘယ်လိုခေါ်လဲ၊ ဘယ်မှာနေလဲ
ဟုတ်ကဲ့ ကျနော် အိမ်ကို ပြန်မလို့ သေချာပါတယ်ခင်ဗျာ… ကျနော်နာမည် -- ပါ --- မှာနေပါတယ်။
မင်းမှာ မိသားစု၊ ဇနီးရှိလားကွ
ကျနော် ရီချင်ချင် ဖြစ်မိသည်။ ကျနော်က လူပျိုပါ ဟု ပြန်ပြောလိုက်မိသည်။
ဟေ့ကောင် မင်းကို မေးတာပဲဖြေ အပိုမပြောနဲ့ ဟူသော စကားသံ ခပ်ပြတ်ပြတ်နှင့် အသံကို ကြားလိုက်ရသည်။
ဟုတ်ကဲ့ ကျနော် တကောင်ကြွက်ပါ အခုထိ ကျနော် လူဆိုတာကို မမြင်ဖူးသေးပေ။
ကြာတယ် ကားပေါ်တက်ကွာ ဟူသော အသံကို ကြားရပြန်သည်။ ကျနော် ကြောက်လန့်သွားလေသည်။ ဒီအတိုင်းဆို ဒုက္ခ။ ဟေ့ကောင် ကား
ပေါ်တက်လို့ ပြောနေတယ် ဟု အော်ဟစ်သံကို ကြားရလေသည်။ ကျနော်လဲ ကြောက်လန့်လန့်နှင့် ကားပေါ်တက်လိုက်မိသည်။ ကားသည် အရှိန်ထိုး မောင်းသွားလေသည်။
ကျနော်ကို ဘယ်ခေါ်သွားမလို့လဲခင်ဗျာ ကားပေါ်တွင် ကျနော်မေးမိသည်။ ကားထဲမှ အဖြေသံကိုက မကြားရချေ။ ကျနော် နောက်တခါ ထပ်မေးသည် ပြန်ပြောသံလဲ မကြားရချေ။ ကျနော်အပေါက်သေးသေးလေးမှ နေ၍ ကားခေါင်းခန်းကို ချောင်းကြည့်လိုက်မိသည်။ သေပြီဆရာ ကားခေါင်းခန်းတွင် ကားမောင်းမဲ့သူ တဦးတယောက်မှ မပါပေ။ ကျနော် ထိတ်လန့်နေစဉ် အချိန်အတွင်းမှာပင် ရောက်ပြီ ဆင်းဆိုတဲ့ စကားတခု ကြားလိုက်ရသည်။ ကျနော် ကြောက်ကြောက်လန့်လန့်နှင့် ကားအောက်ကို ဆင်းလိုက်သည်။ ကျနော့်ရှေ့တွင် မီးရောင်စုံ ထိန်လင်းနေသော အိမ်ကြီးတခုကို တွေ့ရသည်။ ဒါ ကျနော်အိမ်ပဲ ဟုတ်သည် ဒါကျနော်အိမ် ဒါဆို သူတို့သည် ကျနော်ကို လိုက်ပို့ပေးသည်ပေါ့။ ကျေးဇူးတင်ရအောင် နောက်လှည့်ကြည့်လိုက်တုန်းခဏ ပတ္တာရောင် ကားလေးသည် လေကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် မောင်းထွက်သွားလေသတည်း။။။။။။။။။။။။
ဝန်ခံချက်။ ။ ခေတ်မီတိုးတက်နေသော ခေတ်ကြီးတွင် လူဘ၀တွင် စက်ရုပ်များသည်ပင် တထောင့်တနေရာမှ ပါဝင်လာကြပါသည်။ ခေတ်လွန်ဇာတ်ညွန်းလေးတခုကို ခံစားရေးဖွဲ့ကြည့်မိပါသည်။
စာကြွင်း ။ ။ ကျနော်မှားယွင်းမူကြောင့် စာရေးဆရာနာမည် မတင်လိုက်မိတာပါ။ ထောက်ပြပေးသော ကိုရှမ်းလေးကို အထူးကျေးဇူးတင်ပါတယ်။
လေးစားလျက် တောင်ပေါ်သား
6 comments:
မျက်စိကို လည်သွားတာပဲ အဟဲ ...
March 3, 2009 at 7:29 PMတောင်ပေါ်သားရေ ငါအယ့်လောက် အသက်မရှည်နိုင်ဘူး ငါသိတယ်။
March 3, 2009 at 8:03 PMမသိပါဘူး... ကိုတောင်ပေါ် ၀တ္ထုတွေများချနေပြီလားလို့ ...
March 4, 2009 at 4:31 AMဘာပါလိမ့်လို့ နောက်ဆုံးမှပဲ သိတော့တယ်
March 4, 2009 at 4:50 AMစိတ်ထဲမှာသရဲပဲခြောက်ခံရတော့မလို့နဲ့ ဟီးးးးးး
အတွေးလေး သဘောကျတယ်..။
March 5, 2009 at 7:05 AMဒီစာကို သိပ္ပံဘာသာပြန်စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်ဗျာ...ဆရာမြသန်းတင့်လားမသိဘူး....ပြန်ရှာလိုက်ဥိးမယ်
April 24, 2009 at 7:33 PMPost a Comment