ပျော်စံရာ ညအမှောင်

ညသည် တဖြည်းဖြည်းနှင့် မှောင်မိုက်လာပါသည်။ ညဉ့်နက်လေ ဒီလိုပွဲမျိုးက လူစည်လေ ဖြစ်ပေသည်။ ဒီလို နေရာမျိုးကို လူကုံထံ အသိုင်းအ၀ိုင်း အများစုသာ တက်ရောက် တတ်ကြသည်။ လူများစွာတို့၏ မျက်လုံးများကို ဂရုမစိုက်ပဲ ဒီလိုပွဲမျိုးကို ကျင်းပကြခြင်းသည် လိုအင်ဆန္ဒများစွာ ပါဝင်နေပေသည်။ တချို့က လူကုံထံ အသိုင်းအ၀ိုင်းနှင့် ပေါင်းသင်းလို၍ ဖြစ်ပေမည်။ တချို့က သူငယ်ချင်းသစ်များ ရချင်၍ ဖြစ်ပေမည်။ တချို့ကတော့… တချို့ကတော့…. ဆန္ဒမျိုးစုံ ရမ္မက်မျိုးစုံဖြင့် သည်နေရာတွင် လူပေါင်းစုံ တက်ရောက်နေကြသည်ကို တွေ့နေရသည်။ပါတီပွဲ ကျင်းပနေသော တိုက်တာကြီးထဲသို့ ၀င်ရောက်ရန် တခုတည်းသော အပေါက်ဖြစ်သည့် တံခါးမကြီးအနီးတွင် စားပွဲတလုံး ရှိနေပေသည်။ ထိုစားပွဲပေါ်တွင် မျက်နှာဖုံး မြောက်များစွာကို တင်ထားလေသည်။ ထိုစားပွဲပေါ်တွင်ပင်
ကျေးဇူးပြု၍…. သင့်မျက်နှာကို မျက်နှာဖုံးတခု တပ်ဆင်ပြီးမှသာ ခန်းမဆောင်အတွင်းသို့ ၀င်ရောက်ပါ
ဟူသော စာတန်းတခုကိုလဲ ထောင်ကာ တင်ထား၏။ စားပွဲပေါ်မှ လက်သင့်ရာ မျက်နှာဖုံး တခုကိုယူကာ မျက်နာတွင် ကျနော်တပ်ဆင်လိုက်ပါသည်။ ချက်ချင်းပင် ကျနော်မျက်နှာအစစ်သည် ပျောက်ကွယ်သွားကာ ကျနော်မျက်နာပေါ်တွင် ကျနော်မျက်နာ မဟုတ်သော မျက်နာအတု တခုဖြစ်ပေါ်လာခဲ့၏၊ ခန်းမဆောင်ထဲသို့ ကျနော် တလှမ်းချင်း လှမ်းလျှောက်ဝင်လိုက်သည်။
ခန်းမဆောင်ထဲတွင် အလင်းရောင် မှိန်ဖျော့ဖျော့အခန်းငယ်များစွာကိုလဲ တွေ့ရပေသည်။ လူတချို့ ၀င်လိုက် ထွက်လိုက် လှုပ်ရှားသွားလာနေသည်ကို တွေ့ရပေသည်။ လူတွေ တဦးနှင့် တစ်ဦး အလုအယက် စကားပြောနေကြသံ၊ ဖန်ခွက်များ နှုတ်ခမ်းချင်း ထိသံ၊ ဖွင့်ထားသော ဂြိုလ်တုစလောင်းမှ အသံ၊ ကြမ်းပြင်နှင့် ဖိနပ်များ ရှပ်တိုက်သံ၊ ဇွန်း ခက်ရင်းများနှင့် ပန်းကန်သံများက ထိတွေ့သံ၊ တီးဝိုင်းမှ တီးမှုတ်သံ၊ ချောင်းဟန့်သံ ရယ်မောသံ အော်ဟစ်သံ စသည့် အသံပေါင်းစုံတို့သည် အမျိုးအမည် မကွဲပြားတော့ဘဲ အရောရော အနှောနှောဖြစ်ကာ တိုက်ခန်းအတွင်း ဆူညံနေပေသည်။
တိုက်ခန်းအလယ်တွင် ထွန်းညှိထားသော မီးလုံး၊ ဖန်ချောင်းများ၏ အလင်းရောင်မှာ မျက်စိ ကျိန်းလောက်အောင်ပင် စူးရဲ ၀င်းထိန်နေပေသည်။ ဒီတိုက်ခန်းအလယ်တွင် အဆိုတော်များ DJ ဟုခေါ်သော အတီးအမှုတ်များကို ကြားနေ မြင်နေရသည်။ ရုတ်တရက်ဝင်ရောက်လာသော သူ့အဖို့ ဒီအလင်းရောင်များနှင့် ဘယ်လိုမှ အဆင်မပြေပေ။ မျက်စိများ ကျိန်းနေပေသည်။ အချိန်အတော်ကြာမှ ဒီအလင်းရောင်များ ဆူညံသံ အော်ဟစ်နေသံများနှင့် ကျနော် အသားကျသွားပါတယ်။ တိုက်ခန်းအတွင်း ကျနော်ကို ကြိုဆိုမဲ့ လူတယောက်တလေကိုမျှ ကျနော် မတွေ့ရပါ။ အားလုံး ပျော်ပါးနေပေသည်။ ကျနော်ကိုဒီပွဲ တက်ရောက်ရန် ဖိတ်ကြားသောခဲ့သောသူကို ကျနော် မျက်လုံးဖြင့် အနှံရှာဖွေနေမိသည်။ တခဏတွင်းပင် ကျနော် ရှာဖွေခြင်းမှာ ရူးသွပ်မူသာ ဖြစ်ကြောင်းကျနော် သိလိုက်သည်။ အဘယ်ကြောင့်ဆိုသော် အားလုံးသောလူပေါင်းတို့၏ မျက်နှာတွင် သူတို့၏ပင်ကိုရုပ်သည် ကွယ်ပျောက်၍ နဂိုမျက်နှာနှင် မဆိုင်သောမျက်နှာဖုံးတခုခုကို တပ်ဆင်ထားသူများ ချည်းသာဖြစ်ပေ၏
ကျနော်ကို ဖိတ်စာပေးခဲ့သူ တနည်းအားဖြင့် ဒီပါတီဆိုသည်ကို ဦးဆောင် ဆောင်ရွက်သူသည်လဲ ပင်ကိုမျက်နှာနှင့် မဟုတ်ပဲ အတုတပ်ဆင်ထားသော မျက်နှာဖုံးနှင့်ပင် ဖြစ်ပေလိမ့်မည်။ သူမျက်နာရှေ့တွင် မည်သည့်မျက်နှာဖုံးကို တပ်ဆင်ထားလေသနည်း။ မျောက်တကောင်ရဲ့ မျက်နှာဖုံးလား၊ ၀က်ဝံတကောင်ရဲ့ မျက်နှာဖုံးလား၊ ဒေါင်းတကောင်၏ မျက်နှာဖုံးလား၊ သိုးတကောင်၏ မျက်နှာဖုံးလား ကျနော် မသိနိုင်ပေ မဝေခွဲနိုင်ပေ။ ထိုသူသည် အခန်းထောင့်တွင် ငြိမ်ပြီးစလောင်းကြည့်နေသော နွားတကောင်လား၊ ဒါမှမဟုတ် ၀ိုက်အရက်ဆိုတာကို သောက်နေသော မျက်လုံးနီနီနှင့် ခြင်္သေ့လား၊ သံစုံတီးဝိုင်းဘေးမှ မတ်တပ်ရပ်နေသော ဘဲတကောင်ဟာ သူဖြစ်လေမလား ကျနော်မသိပေ။
ဒီအခန်းအပြင်မှာတော့ ညသည်မှောင်မှဲလျက်ရှိပေသည်။ ဒီအခန်းထဲမှာတော့ ညဆိုတာမရှိ၊ ညကို မေ့လျော့ထားသူတွေသာ ရှိပေသည်။ ပိတ်ထားသော ပြတင်းတံခါးများကြောင့်လဲ သူတို့ ညဆိုတာကို မသိဖြစ်နိုင်ပေသည်လား။ သတိမမူမိလေသည်လား။ ဒါမှမဟုတ် သူတို့သည် ညကို ပျော်နေကြသော လူသားတွေလား။ သူတို့၏ မျက်နှာကို မတွေ့ရပေမဲ့လဲ သူတို့၏ ရုပ်သွင်ပြင်ကို ကြည့်ရုံနှင့် သူတို့ ပျော်ရွှင်နေကြောင်း သိသာပေသည်။ သူတို့တွင် စိတ်ညစ်ခြင်းဟူသော အသိတရားကို မေ့နေကြပုံရသည်။ မေ့နေသည်လား မေ့ချင်ယောင် ဆောင်နေသည်လားတော့ ကျနော် မသိပေ။ ဟိုတနေရာတွင် ၀ံပုလွေတကောင်နှင့် ကျားသစ်တကောင်သည် တယောက်မျက်နှာ တယောက် ကြည့်ကာ ရယ်မော နေကြသည်။ မြွေတကောင်နှင့် တကောင်မှာ တယောက်ခါးကို တယောက်ဖက်ကာ တွန့်လိမ်ကွေးကောက်နေကြသည်။ သမင်တကောင်နှင့် သစ်ကုလားအုတ် တကောင်သည် ထိုင်၍ သောက်စားမူးယစ်နေပြန်သည်။
မြေခွေးတအုပ်စုသည် စင်အလယ်တွင်ကနေသော ကချေသည်များရှိရာဆီသို့ တက်လှမ်းရန် ကြိုးစားနေသည်ကိုလဲ တွေ့ရပြန်သည်။ ၀က်တကောင်ရဲ့ မျက်နှာဖုံးဝတ်ထားသော စားပွဲထိုး၏ လင်ပန်းထဲမှာ ဖန်ခွက်တခွက်ကို ကျနော် လှမ်းယူကာ ရွှေရောင် အရည်များကို မော့သောက်လိုက်သည်။ ဖန်ခွက်ထဲမှာ ရွှေရောင်အရည်များသည် မီးတောင်မှ ထွက်သော ချော်ရည်များကဲ့သို့ လည်ချောင်းတခုလုံးထဲသို့ ပူလောင်စွာ စီးဆင်းသွားလေသည်။ အနံ့အရသာဆိုးရွားသော ဒီအရည်တွေသည် ဘာကြောင့် ရွှေရောင် တောက်ပနေသလဲ။ လူတွေသည် ဒီရွှေရောင် အရည်တွေကို သောက်သုံးပြီး အလယ်တွင် ရှိသော ကစင်နေရာတွင် လက်များမြှောက်ပြီး အော်ဟစ်ကနေကြပေသည်။ လူသားတိုင်းသည် ဒီအချိန်တွင် ဒီရွှေရောင် အရည်များကို နှစ်သက်နေကြပေသည်။
ဘယ်နာရီ ရှိပြီလဲ အနီးမှ ဇီးကွက်တကောင်ကို ကျနော် လှမ်းမေးမိသည်။ ဒီအခန်းထဲမှာ နာရီမရှိဘူး အချိန်မလိုဘူး ဟုခပ်တိုးတိုးလေး ပြန်ဖြေသည်။ ဟုတ်မည် သတိထားကြည့်လိုက်တော့ အခန်းထဲတွင် နာရီ မရှိပေ။ ခင်ဗျားက ဘာလို့ အချိန်မေးရတာလဲ ဘေးမှ မြေခွေးတကောင်က မူးနေသော အသံဖြင့်လှမ်းမေးသည်။ ဒီပါတီပွဲကြီး ဘယ်အချိန်ပြီး မှာလဲ သိချင်လို့ ဟု ကျနော်လဲ ဘုဆတ်ဆတ်ဖြင့် ပြန်ပြောလိုက်သည်။ မိုးလင်းရင်ပြီးမှာပေါ့ ဟု လင်းယုန်တကောင်က ဘေးမှနေ၍ ညည်းညူသံဖြင့် ပြောလေသည်။ ခဏအကြာတွင် ထိုမြေခွေးနှင့် လင်းယုန်တို့ တယောက်လက်ကို တယောက်ကိုင်ကာ ကနေကြသော လူအုပ်စု ရှိရာသို့ ထွက်သွားလေသည်။
ကျနော် စိတ်အနဲငယ် ညစ်လာသည်။ မြင်မြင်သမျှ လူများသည် တိရစ္ဆာန် များ ဖြစ်နေပေသည်။ မှန်သည်
တိရစ္ဆာန် ထိုစကားလုံးများက ကျနော်ကို အပြင်းအထန် တုန်လှုပ်စေသည်။ အခန်းထဲက လူတွေအားလုံး တိရစ္ဆာန် တကောင်၏ မျက်နှာဖုံးကို တပ်ထားကြပေသည်။ ကျနော်လဲ တိရစ္ဆာန် တကောင်၏ မျက်နှာဖုံးကို တပ်ထားမိ၏။ ကျနော်သည် တိရစ္ဆာန် တွေ၏ မျက်နှာဖုံးအားလုံးကို မြင်နေရသည်။ ဒါပေမဲ့ ကျနော့် မျက်နှာဖုံး ကို ကျနော် မမြင်ရပေ။ မျက်နှာဖုံးကို တပ်ဆင်က အမူမဲ့ အမှတ်မဲ့ စွပ်ခဲ့မိသည်။ ကျနော် ဘာမျက်နှာဖုံးကို တပ်ဆင်ခဲ့မိမှန်း သတိမထားခဲ့မိပေ။ ကျနော့်မျက်နာကို လက်ဖြင့် စမ်းသပ်ကြည့်နေမိသည်။ ပို၍ တုပ်လှုပ်ချောက်ချားသွားသည်။ ထို မျက်နှာဖုံးသည် ကျနော့်မျက်နှာမှ ခွာမရအောင် တင်းတင်းကျပ်ကျပ် ကပ်၍ နေပေသည်။ မျက်နှာတွင် အဖုအထစ်များစွာဖြင့် ပြည့်နှက်ပေသည်။
ရင်ထဲတွင် ပြင်းပြသော ခံစားချက်များ ဖြစ်နေသည်။ ကျနော့်ကို ကျနော် စူးစမ်းချင်စိတ်များ ဖြစ်ပေါ်နေမိသည်။ ကျနော့် မျက်နှာတွင် မည်သို့သော မျက်နှာဖုံး ရှိနေသလဲ။ သိချင်လှပေသည်။ ကျေးဇူးပြု၍ စာဖတ်နေသူများ သိလျှင်ပြောပေးစေချင်သည် ကျနော်မျက်နှာတွင် ဘယ်လို မျက်နှာဖုံးများ ဖြစ်နေမည်နည်း။
ဝန်ခံချက်။ ။ အခုတလော စိတ်က ဘာဖြစ်သည်မသိ။ ဖတ်ထားမိသော စာတွေကို ပြန်ရေးချင်စိတ်ပေါက်နေပါသည်။ ဒါပေမဲ့ အားလုံး အမှတ်တရ တော့ မရှိပေ။ ဒါကြောင့် စိတ်ထဲ ရှိတာတွေ ပြန်တွေးပြီး ရေးချထားပါသည်။ ပုံကိုတော့ Google က ကူးယူဖော်ပြထားပါသည်။ ကျနော် ရောက်ရှိပြီး ရိုက်ကူးထားခြင်းမဟုတ်ရပါကြောင်း ၁၀၀ % အာမခံပါသည်။
လေးစားလျက် တောင်ပေါ်သား
9 comments:
တစ်ခုခုကို တောင်ပေါ်သား ပြောချင်နေပုံရတယ်.....?
March 5, 2009 at 8:14 AMနားလည်သွားပါတယ်။
အတွေးသံဇဉ်လေးတွေ ညှိသွားပါတယ်။
March 5, 2009 at 9:28 AMကိုတောင်ပေါ်သား ဆိုလိုချင်တာကို ၀ိုက်ပြီးရေးသွားတာ ဖတ်လို့ကောင်းပါတယ်ရှင်.
March 5, 2009 at 12:11 PMမျက်နှာဖုံး ဆိုတဲ့စကားက အဓိပ္ပါယ်နှစ်မျိုး ဖြစ်နိုင်တယ်လို့ဖတ်ဘူးတယ်ဗျ။ မျက်နှာကို ဖုံးအုပ်ကာကွယ်တာ ဖြစ်နိုင်သလို၊ တစ်ခုခုကို ဖော်ပြချင်တာလဲဖြစ်နိုင်တယ်ပေါ့။ ဆိုလိုတာက မျောက်မျက်နှာဖုံးတပ်ထားရင် မျောက်ဆိုတာ ကို ဖော်ပြချင်တာလား၊ မိမိမျက်နှာကို ဖုံးကွယ်ထားချင်တာလား ဆိုတဲ့သဘောနှစ်မျိုးပါ
March 5, 2009 at 12:44 PMကိုတောင်ပေါ်သားကော ဘယ်လိုအဓိပ္ပါယ်နဲ့ မျက်နှာဖုံးတပ်ထားမိသလဲ ဆိုတာအရင်စဉ်းစား ကြည့်စေချင်ပါတယ်။
ကောင်းသောနေ့များပိုင်ဆိုင်နှိုင်ပါစေ
နေးတစ်
ဘာမျက်နှာဖုံးတပ်ထားလဲဆိုတာ ကိုယ်တိုင်သိနေတယ်မဟုတ်လားး) ဘယ်တွေရောက်ပြီး ဘာတွေသောက် ဘာတွေများတွေးခဲ့သတုန်း မျက်နှာဖုံးက လိုတယ်လေ မချွတ်လိုက်နဲ့ ခံလိုက်ရမယ်ဗျ။
March 5, 2009 at 3:14 PMကဲ နောက်တစ်ပုဒ်ထပ်ဖက်လိုက်ပါတယ်..အရေးအသားတွေ ကောင်းပါတယ်။ ဒိလိုမျိုးတွေ ဆက်ရေးသားဖို့ တောင်ဆိုပါရစေ
March 6, 2009 at 2:23 PMမူရင်းစာရေဆရာတွေကို အားနာစရာကောင်းပါတယ်ဗျာ
April 24, 2009 at 11:49 AMသူတို့ရေးထားသမျှ အမှီးပြန်ချထားတာ သိပ်မလျော်ဘူးထင်ပါတယ်
ဟုတ်ကဲ့ အကိုရှမ်းလေးရေ ကျနော် ၀န်ခံထားပါတယ် ကျနော်ရဲ့ ကိုယ်ပိုင် မူရင်း မဟုတ်ကြောင်းကိုပါ။ ကျနော် အရင်တုန်းက ဖတ်ဖူးခဲ့တာလေးတွေကို ပြန်တင်ပြပေးချင်တာပဲ ရှိတာပါ။ ဒါပေမဲ့ ကျနော် အစအဆုံးထိကို မမှတ်မိခဲ့တဲ့အတွက် တောင်းပန်ပါတယ်။
April 24, 2009 at 11:58 AMနောက်များလဲ အကြံဥာဏ်ဝေဖန် ထောက်ပြနိုင်ပါတယ်။ ကျေးဇူး အထူးတင်ပါတယ်ဗျး)
လေးစားလျက်
တောင်ပေါ်သား
စာတွေ လိုက်ဖတ်နေတယ် ..း)
February 17, 2010 at 3:37 AMမျက်နှာဖုံး ခု တပ်ထားသေးလား
ရောမရောက်ရင်တော့ ရောမလို ကျင့်ရတယ်တဲ့
အလွန်အကျွံမဟုတ်ဘဲ လိုက်လျော ညီထွေတော့ နေသင့်ပါတယ် ..း)
Post a Comment