Saturday, February 28, 2009

တနှစ်ပြည့်ကို ပြန်စမ်းစစ်ခြင်း


အချိန်တွေကို ပြန်တွေးကြည့်တော့ အချိန်တွေအကုန်မြန်နေသလို ခံစားမိသည်။ ဘာလိုလိုနဲ့ ဒီစင်ကာပူကို ရောက်တာ တနှစ်ကျော်သွားခဲ့ပါပြီ။ ဒီတနှစ်ကျော်ဆိုတော့ ကျနော် အလုပ်လုပ်ခဲ့သည်မှာလဲ တနှစ်ကျော်နေပါပြီ။ ဒါပေမဲ့ ဦးနှောက်ကို အတွေးနယ်ချဲ့ခိုင်းလိုက်တော့ ဒီတနှစ်အတွင်း ဘာဆိုဘာမှ မရခဲ့ပါပေ။ လူသားတယောက်ဖြစ်သည်အလျှောက် မှန်ရာတွေကို လုပ်ခဲ့သည်။ တချို့တွေသည်လဲ မှားခဲ့သည်။ တချို့တွေကို အမှားကို အမှန်ထင်၍ လုပ်ခဲ့တွေသည်လဲ ရှိခဲ့ပေသည်။ အရာအားလုံးသည် မှန်သည်ကြီး မဟုတ်ခဲ့သလို အရာအားလုံးကိုလဲ ကိုယ်ဖြစ်ချင်တလို ဖြစ်အောင် မလုပ်နိုင်ခဲ့ပေ။ သေချာစဉ်းစားကြည့်တော့ ကောင်းကျိုးဆိုးကျိုးတွေ များစွာကို တွေ့လာရသည်။

ကောင်းကျိုးများ

၁) လူနေမူအဆင့်အတန်း အတော်အတင့်တော့ မြင့်လာသည်။
၂) ပိုက်ဆံပိုရသည်။ (မြန်မာပြည်နဲ့နှိုင်းယှဉ်လျှင်) အိမ်ကို အနဲငယ် ထောက်ပံ့နိုင်ခဲ့သည်။
၃) ကိုယ့်တိုင်းပြည်မှာ ဘာဖြစ်နေသည်ကို ပြည်တွင်းကလူများထက် ပိုသိလာသည်။
၎) လူအချင်းချင်း ပေါင်းသင်းဆက်ဆံမူ (လူအရိပ်အကဲ ခတ်တတ်မူ)အနဲငယ် တိုးတက်လာသည်။

၁) လူနေမူအဆင့်အတန်း အတော်အတင့်တော့ မြင့်လာသည်။

တကယ်၍ ကျနော်တို့မြို့လေးမှာ နေရင် ဒီအခြေအနေဖြစ်လာဖို့ဆိုသည်မှာ အိပ်မက်ပမာ မက်ယူစရာပင်ဖြစ်ပေလိမ့်မည်။ ကိုယ့်မြို့လေးမှာ နေရသမျှ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ရောင်တောင်တောင် ဘ၀ကို ကုန်ဆုံးဖြစ်မည်မှာ သေချာပေမည်။ ဒီလိုပဲ ကိုယ်မြို့လေးက အဆင့်အတန်းမြင့်မားသည်ဟု ခေါ်ဆိုသော ရန်ကုန်မြို့သို့ရောက်သော လူနေမူက အစ ကွာခြားလာခဲ့သည်။ ပညာကို ဦးစားပေးသော အသိုင်းအ၀န်းထဲတွင် မရုန်းမကန်လို့ မရတော့။ ဒီလိုနဲ့ ဘ၀ကို ဖြတ်သန်းခဲ့သည်။ ရန်ကုန်သည် ကျနော့်မြို့လေးနဲ့ တော်တော်ကို ကွာခြားလေပေသည်။ ဒီလိုပဲ စင်ကာပူကို ရောက်တော့ ရန်ကုန်သည် စင်ကာပူနှင့် အတော်ကို ကွာခြားသွားခဲ့လေပြီ။ ဒီလိုပဲ ပေါင်းသင်းဆက်ဆံရတဲ့ အသိုင်းအ၀ိုင်းသည်လဲ ကွာခြားခဲ့လေသည်။ ဒီစင်ကာပူတွင် ရေမလာသည်ဟု၍ မကြုံဖူးသလို မီးပျက်သည်လဲ တခါမှ မရင်ဆိုင်ခဲ့ဘူးပေ။ အရာအားလုံး ပိုက်ဆံရှိသည်ဆိုလျှင် လုပ်ချင်တာ လုပ်လို့ရပါသည်။ တီဗွီ၊ အင်တာနက် အားလုံးနှင့် ပြည့်စုံနေပေသည်။

၂) ပိုက်ဆံပိုရသည်။ (မြန်မာပြည်နဲ့နှိုင်းယှဉ်လျှင်) အိမ်ကို အနဲငယ် ထောက်ပံ့နိုင်ခဲ့သည်။

ကိုယ့်တိုင်းပြည်မှာ လုပ်လျှင် တလလုပ်စာသည် မိသားစုမပြောနဲ့ ကိုယ့်သုံးသည့် အသုံးစရိတ်တောင် မကာမိချင်ပေ။ ဒီစင်ကာပူမှာတော့ဖြင့် ရသည့်လစာသည် ကိုယ်အသုံးစရိတ်သာမက မိသားစုကိုတော့ အနဲအကျဉ်းထောက်ပံ့နိုင်ပေသည်။ ဒါပေမဲ့ သူများလက်အောက်တွင် လုပ်နေသရွှေ့တော့ လူချမ်းသာတယောက် ဖြစ်နိုင်မည်မဟုတ်ကြောင်းကို အလုပ်လုပ်ရင်းနဲ့ တဖြေးဖြေးသိလာရပါသည်။


၃) ကိုယ့်တိုင်းပြည်မှာ ဘာဖြစ်နေသည်ကို ပြည်တွင်းကလူများထက် ပိုသိလာသည်။

မှန်သည်၊ မှားသည်ထက် ကိုယ့်တိုင်းပြည်ရဲ့ အခြေအနေကို ဒီစင်ကာပူရောက်မှ ပိုသိလာပါသည်။ ကိုယ့်မြို့လေးမှာ နေစဉ် ဒါတွေကို နားမလည်ခဲ့ အချိန်တန်လျှင် မိဘကျွေးသော ထမင်းကိုအေးဆေး စားယုံပင်။ ရန်ကုန်ရောက်တော့ အနည်းငယ် လူရည်လည်လာပါသည်။ လူပေါင်းစုံ စာရိတ္တမျိုးစုံနဲ့ ပေါင်းသင်းဆက်ဆံခဲ့ရပါသည်။ ဒါပေမဲ့ ဦးနှောက်အသိမျက်စိကတော့ အပွင့်ကြီး မဟုတ်သေးပေ။ ဒီစင်ကာပူကိုရောက်မှ ကိုယ့်တိုင်းပြည်နဲ့ ဒီတိုင်းပြည်ကြီး ဘယ်လောက် ကွာဟနေလဲ သိခဲ့ရတယ်။ အာရှအတွင်းတည်ရှိနေသော ဒီနှစ်နိုင်ငံတောင် ဒီလောက် ကွာခြားနေခြင်းကို အံ့သြော်မူမဟုတ်တော့လဲ ၀မ်းနည်းမူတွေတော့ ဖြစ်မိပါသည်။ ကျနော်တို့ တိုင်းပြည်ကြီး ဒီအတိုင်းဖြစ်ဖို့ အချိန်အများကြီး ပြန်ယူရပေမည်။

၎) လူအချင်းချင်း ပေါင်းသင်းဆက်ဆံမူ (လူအရိပ်အကဲ ခတ်တတ်မူ)အနဲငယ် တိုးတက်လာသည်။


လောကတွင် ဘယ်အရာမှ တဦးတယောက်ထဲ နေ၍မရပေ။ အပေါင်းအသင်း အသိုင်းအ၀ိုင်းဆိုတာ ရှိနေသင့်ပေသည်။ ဒီကိုရောက်တော့ အရင်ထက်စာလျှင် လူတွေကို ပေါင်းတတ်လာသည်ဟု ခံစားရသည်။ လူတယောက်ရဲ့ အကြိုက်ကို သိလာသည်။ ဘယ်လို ပေါင်းသင်းရမလဲဆိုတာ နားလည်လာသည်။ သူတပါးတိုင်းပြည်မှာ နေရသူတယောက်အဖို့သည် ကိုယ့်တိုင်းပြည်က လူတယောက်နှင့် ခင်မင်မူလေးရမူသည် ရွှေထက်ပင် တန်ဖိုးကြီးမားလှပေသည်။ ထိုအရာကို လက်ခံကျင့်သုံးခဲ့သည်။ ထိုအတွက် သူငယ်ချင်းအပေါင်းအသင်းများလာသည်။ ကျနော်တွင် သူငယ်ချင်းများကြောင့် သူများတွေလို အိမ်လွမ်းနာဟူ၍ မရှိခဲ့။ ဘလော့ဂါ ညီအကိုမောင်နှမများနှင့်လဲ ခင်မင်ခဲ့ရသည်။ အပျော်ဆုံးကတော့ ကျနော်တို့ မြို့လေးမှာ တူတူနေကြတဲ့ သူငယ်ချင်း ညီအကိုမောင်နှမများနဲ့ ခင်မင်ခဲ့ရခြင်းပေသည်။


ဆိုးကျိုးများ

၁) မိသားစု၊ သူငယ်ချင်း၊ တိုင်းပြည်နဲ့ ခွဲခွာနေရသည်။
၂) ပညာတိုးတက်မူ မရှိသလို (စက်ရုပ်တရုပ်လို)ခံစားရပါသည်။


၁) မိသားစု၊ သူငယ်ချင်း၊ တိုင်းပြည်နဲ့ ခွဲခွာနေရသည်။


ကျနော် ချစ်ရသော အမေ၊ မိသားစု မောင်နှမများနှင့် ခွဲခွာနေရပါသည်။ တခါတလေ အလုပ်များတွင် ကြုံတွေ့ရသော Stress များကို ခံစားရတိုင်း အမေ့ကို တမ်းတမိတတ်သည်။ ထိုအတူ သူငယ်ချင်းများကို လဲ လွမ်းနေမိသည်။ ဒီတိုင်းပြည်တွင် လက်ဖက်ရည်ဆိုင်ထိုင် စကားပေါနေသော သူငယ်ချင်းများမရှိပေ။ ကျနော်တို့ မြို့လေးက သူငယ်ချင်းများလို ရင်နှီးပွင့်လင်းမူသည်လဲ အလွန်ကို ရှားပါးပေသည်။ အရာအားလုံးသည် ဟန်ဆောင်ဖုံးလွမ်းမူများနှင့်တာ အတိပြည့်နေပါသည်။ ခဏတာ အလည်ပြန်သည်မှာ ထာဝရနေသည်နဲ့ မတူပေ။ အချိန်အများစုကို တယောက်ထဲ ကုန်ဆုံးခဲ့သည်။ တချိန်တိုင်းလိုကို ကိုယ့်မိသားစု မြို့လေးကို လွမ်းနေမိတတ်သည်။

၂) ပညာတိုးတက်မူ မရှိသလို (စက်ရုပ်တရုပ်လို)ခံစားရပါသည်။


မနက်မိုးလင်းလျှင် အလုပ်ကိုသွား လုပ်စရာများလုပ် ညနေအလုပ်သိမ်းလျှင် အိမ်ပြန်နား ဒါသည်ကျနော်အတွက် နေ့စဉ်တာဝန်ပင်ဖြစ်ပေသည်။ တခါတလေ အလုပ်ကို နေမကောင်းချင် ဟန်ဆောင်၍ ခွင့်ယူကား အိပ်တတ်ပါသည်။ ဒါပေမဲ့ သွားစရာ နေရာကတော့ နတ္တိ။ တနေကုန် အလုပ်သွားပြီး နေ့စဉ် လုပ်နေသမျှကို ရိုးအီနေအောင်လုပ်နေရသည် ဟု ခံစားမိသည်။ သိထားသည့် ပညာတွေတောင် လျှော့နဲလာသည်ဟု ခံစားမိပေသည်။ ပညာကို ကြိုးစားသင်ယူဖို့ အချိန်ဖဲ့ယူရပေမည်။ ဒါပေမဲ့ သင်တန်းကြေးတွေက မနဲလှပေ။ အချိန်တခုတော့ ပေးရပေဦးမည်။


ဒါတွေကတော့ ကျနော် အလုပ်လုပ်နေတဲ့ တနှစ်ဆိုတဲ့ အတိုင်းအတာအတွင်းမှာ ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာကို ပြန်စဉ်းစားကြည့်မိတာပါ။ ကျနော်ရဲ့ သူငယ်ချင်းတယောက်က စင်ကာပူရောက် အတွေ့အကြုံတွေကို တင်ပါလို့ ပြောတာနဲက စဉ်းစားလိုက်တာ ဒါလေးတွေ ထွက်လာလို့ ကောက်ရေးလိုက်တာပါ။



လေးစားလျက် တောင်ပေါ်သား

9 comments:

စနေသား said...

ထပ်တူမျှတူ ပါဘဲဗျ... ကိုတောင်ပေါ်သား... အမေ့ကို တမ်းတသတိရတာတော့ အမှန် ပေါ့ဗျာ.. သူငယ်ချင်းတွေကိုလည်း အသေ လွမ်းတယ်... ဒါပေမယ့် ဒို့ မြို့ လေးမှာ နေ နေရင်လည်း ဒီလိုအသိလေးတွေ အတွေးလေးတွေ တော့ ဘယ်ရမလဲနော်... ထပ်တူမျှတူ ခံစားသွားတယ်ဗျာ...

February 28, 2009 at 7:50 PM
Phyo Evergreen said...

ကိုတောင်ပေါ်သားပြောတာတွေ အကုန်မှန်ပါတယ်..။ အပြည့်အ၀ထောက်ခံတယ်..။

February 28, 2009 at 9:13 PM
ကိုအောင် said...

တစ်နေ့ကျရင် ပြန်ရမှာပေါ့ ညီလေးရယ်၊ ကြိုးစားကြ
တာပေါ့။

March 1, 2009 at 1:16 AM
Anonymous said...

ကိုကျားကြီးရေ ခုလိုပါးရည်နပ်ရည် ရှိလာတာ
အတော်တိုးတက်လာပြီပေါ့ဗျာ။ ရွာမှာနဲ့အခြေအနေ အများကြီး တိုးတက်လာပြီဆိုတော့ ကောင်းတာပေါ့ အိမ်လဲ ထောက်ပံ့နှိုင်တယ် ဆိုတာကတော့ အကောင်းဆုံးပေါ့။ နောင်လာမဲ့နှစ်တွေမှာလဲ
ဒီထက်မက တိုးတက်ပါစေဗျား။

March 1, 2009 at 1:17 AM
Anonymous said...

ကိုတောင်ပေါ်သား စိတ်မညစ်ပါနဲ့ အကောင်းနဲ့ အဆိုးနဲ့ကဒွန်တွဲနေတာ နေရာတိုင်းမှာပါ ပျော်ရွင်ပါစေ.

March 1, 2009 at 2:54 AM
Anonymous said...

ဟုတ်ပါတယ်

ခုလိုပြန်ဆန်းစစ်လိုက်တော့ ကွဲပြားတာတွေများကြီးပါ

ဒါမယ့်ဆုတ်ယုတ်တဲ့အထဲမှာ မိဘနဲ့ ဝေးနေတာလဲပါတာဘဲ။

March 1, 2009 at 8:41 AM
Anonymous said...

ဒီပို့စ်လေးဖတ်ပြီး ဗဟုသုတရမိပါတယ် ပြီးတော့ ပြုံးမိတယ် အချက်တော်တော်များများတူပါတယ် တစ်ခုပဲ ကျနော်ရောက်တာ ၃ နှစ်ပြည့်တော့မယ်း) လကုန်တိုင်း ငတ်ငတ် နေတာ ဘယ်သူမှမသိ ဟိဟိ အဲ့တစ်ချက်တော့ ကျနော်က သာတာလား တောင်ပေါ်သားက သာတာလား ပြောပြ ။ မိသားစု၊ သူငယ်ချင်း၊ တိုင်းပြည်နဲ့ ခွဲခွာနေရသည် ဒီအချက်က ခံစားရတာ မသက်သာပါ စိတ်ညစ်တိုင်း တမ်းတမိပါတယ် ။

March 1, 2009 at 1:06 PM
Welcome said...

ဖြတ်သန်းခဲ့တဲ့
ဘ၀အလှထဲက
လွမ်းမောဖွယ်လေးတွေ
ဖတ်သွား မှတ်သားသွားပါတယ်။


အဆင်ပြေ ပျော်ရွှင်ပါစေ
ခင်မင်လျက်

March 1, 2009 at 3:47 PM
ကိုရဲ said...

တိုးတက်မှု ဆုတ်ယုတ်မှု ဒွါန်တွဲနေတတ်ပါတရ် ။ တိုးတတ်လာတာနဲ့အမျှ ဆုတ်ယုတ်လာတာတွေလည်း ရှိနိုင်ပါတရ် ။ အဆင်ပြေပျော်ရွှင်ပါစေ အစ်ကိုရေ ။

(ကိုရဲ)

March 1, 2009 at 4:36 PM