ခေါင်းမရှိတဲ့ ကျနော်

မနက်ခင်း အိပ်ရာထတော့ အလန့်တကြား ကိုယ့်ခေါင်းကို ပြန်စမ်းမိသည်။ အဲသွားပြီ ငါ့ခေါင်းဘယ်ရောက်နေပါလိမ့်… မနေ့ညကတော့ ငါ့ခေါင်းရှိပါသေးတယ်။ မှန်ရှေ့သွားရပ်ကြည့်တော့လဲ သေချာပြီ ငါ့ ဦးခေါင်းပျောက်နေပြီ ဘယ်နားရောက်နေပါလိမ့်… ခေါင်းမရှိတဲ့ ကိုယ်။ ပုံမှန်အတိုင်း ခေါင်းပါနေတုန်းကတော့ အမူမဲ့အမှတ်မဲ့ သတိမထားမိခဲ့ မျက်နှာရဲ့ ကောင်းကျိုးတွေကို။ ခု ခေါင်းမရှိတော့မှ သတိထားမိသည်။ ဘယ်မှာလဲ ငါ့ မျက်လုံး၊ စက္ခုမျက်လုံး မရှိပဲနဲ့တော့ အရာအားလုံးကို မြင်နိုင်မယ်မထင်။ ခေါင်းမရှိတဲ့ကောင်ဟာ တိရစ္ဆာန်နဲ့တူတယ်တဲ့ လူများတွေ ပြောနေကြတယ်။ ငါတော့ ကိုယ့်ဟာကိုယ် တိရစ္ဆာန် အဖြစ်မခံနိုင် ဦးခေါင်းရှာပုံတော် ဖွင့်ရပေဦးမည်။ အ၀တ်အစားလဲပြီး အိမ်ပြင်ထွက်ဖို့ ပြင်သည်။ မနက်စာလုပ်နေသော အမေ့၏ အသံကိုကြားမိသည်။ ဟဲ့သား မနက်စောစော ဘယ်သွားမလို့တုန်းအမေ့ကိုမကြည့်ပဲ ကျနော့်ခေါင်းပျောက်နေလို့ ခေါင်းသွားရှာဦးမယ် အမေ ဟု အော်ကာ ထွက်လာမိသည်။
သောက်နေကျ လမ်းဘေး လက်ဖက်ရည်ဆိုင်လေးကို ရောက်တော့ ဆိုင်ရှင်ကို လှမ်းမေးလိုက်တယ်။ ကျနော့် ဦးခေါင်းပျောက်နေလို့ဗျာ တွေ့မိသေးသလား.. ဆိုင်ရှင်က ကျနော့်ကို ပြောသည်။ မင်းရူးများနေသလား မင်းခေါင်းက မင်းနားမှာ ရှိတယ်လေတဲ့ ကျနော်မယုံပါ ကျနော် အသိမှာ ကျနော့်ခေါင်းတခုလုံး ပျောက်နေတယ်လို့ထင်နေမိသည်။ ဆိုက်ကားဆရာ တယောက် ဖြတ်လာတော့ မေးမိပြန်သည်။ ကျနော် ဦးခေါင်းပျောက်နေလို့ တွေ့မိလားဗျာ….. နင်းနေသော ခြေနင်းကို ခဏရပ်ပြီး ဆိုက်ကားဆရာ ကျနော်ကို သနားစဖွယ် အကြည့်နဲ့ ပြန်ပြောသည်။ မင်းခေါင်းက မင်းကိုယ်ပေါ်မှာလေး ညီရ တဲ့ ဒါလဲ ကျနော်မယုံချင် ကျနော်သိနေတယ် ကျနော်ခေါင်းမရှိဘူး…. ဒါကို ကျနော်ပဲ သိတယ် ဘာလို့သူတို့ မမြင်ရတာလဲ…….
စိတ်ညစ်ညစ်နဲ့ လမ်းဘေးကွမ်းယာဆိုင်နားမှာ ထိုင်နေသော ကျနော် သူငယ်ချင်းတဖွဲ့ကို တွေ့ပြန်သည်။ မေးကြည့်ဦးမှ မင်းတို့ငါ့ခေါင်းကို တွေ့မိသလားကွာ… သူငယ်ချင်းတွေ အားလုံး ကျနော်ကို ၀ိုင်းကြည့်ပြီး ဟားတိုက်ရယ်မောနေတယ်။ တယောက်က လှမ်းပြောသည် မင်းခေါင်းက လမ်းလျှောက်ပြီး ထွက်သွားနေမှာပေါ့တဲ့ ဟုတ်မလားလို့ ကျနော်စဉ်းစားမိပြန်သည်။ မဖြစ်နိုင် ကျနော့်ခေါင်းက လမ်းလျှောက်ထွက်ရအောင် ခြေထောက် လက်တွေက မရှိတာသေချာသည်။ ခုကြည့် ကျနော်မှာ ခြေထောက်လက်တွေ ရှိနေသေးတာပဲ။ ဒါတော့ မဖြစ်နိုင်။
နောက်တယောက်က ပြောပြန်သည်။ မင်းခေါင်းလို ၀ိုင်းဝိုင်းတခုကို ခုနက ဖရဲသီးတွေရောင်းတဲ့ တွန်းလှည်းပေါ်မှာတွေ့လိုက်တယ်တဲ့ အင်း စဉ်းစားမိပြန်သည် ဒီတခါ ဖြစ်နိုင်သည်။ ဖရဲသီးသည်နောက် ပြေးလိုက်သွားမိပြန်သည်။ ကျနော်ခေါင်းကို ဖရဲသီးတွေကြားလိုက်ရှာမိသည်။ မတွေ့ ကျနော့်ခေါင်းက ဖရဲသီးများဖြစ်သွားပါလား.. ဒါဆို သွားပြီး ဖရဲသီးကို ခေါင်းလုပ်ရင် ဘယ်ဟာက မျက်စိ ဘယ်ဟာက နှာခေါင်း၊ ပါးစပ် လုပ်ရမလဲ တခုလုံးက မျက်နှာပြင်က အတူတူ သေချာတယ် ဒါဆို ဖရဲသီးများသည် ကျနော် ခေါင်းမဟုတ်ပြန်ပေ………..
ဒါဆို ဒါဆို သေချာစဉ်းစားသည်။ ဟုတ်ပြီ မြို့ထဲက တနေရာမှာများ ပြုတ်ကျန်ခဲ့သလား.. မြို့ထဲသွားဖို့ လိုင်းကားတိုးစီးဖို့ စောင့်နေတုန်း စပါယ်ရာ တယောက်ရဲ့ အော်သံ ကြားရသည်။ “လာထား လာထား ချောင်တယ် ခေါင်းတလုံး ကိုယ်တခုမှ ၅၀ ကျပ်“တဲ့ အင်း စပါယ်ရာကို လှမ်းပြောမိသည်။ ကျနော်မှာ ခေါင်းမပါဘူး ၂၅ ကျပ်ရမလားလို့ စပါယ်ရာက ပေါတောတော လူတယောက်လို့ ကျနော်ကိုပြန်ကြည့်ပြီး ဟေ့လူ ခင်ဗျားလူလည်လုပ်မနေနဲ့ ပိုက်ဆံ ၅၀ မပါရင် အလကားတောင်းစီးသွား ရူးပေါပေါနဲ့တဲ့ အမှန်တကယ် ကျနော်က ခေါင်းမရှိလို့ ၂၅ ကျပ်ပြောတာကို သူက တမျိုးထင်နေသည်။ ဒီလိုနဲ့ ကျနော် မြို့ထဲ ရောက်လာခဲ့သည်။ သွားဖူးသောနေရာတွေ သွားနေကြနေရာတွေ ဆိုင်တွေ လိုက်ရှာသည် မတွေ့ ကျနော်ခေါင်းကို လုံးဝ မတွေ့ ကျနော် ပြန်စဉ်းစားသည် ကျနော်မှာ ခေါင်းမရှိတာလား ပျောက်နေတာလား စဉ်းစားလို့လဲမရပေ………….
စိတ်ညစ်ညစ်နဲ့ ခေါင်းရှာပုံတော် ဖွင့်တာ နေ့လည်တောင် ရောက်နေပြီ။ ဗိုက်ကလဲ တကွီကွီနဲ့ မြည်နေသည်။ လာရာလှမ်းအတိုင်း ပြန်လာခဲ့တယ်။ အိမ်အပြန် လမ်းတလျှောက်လုံး ကျနော်စဉ်းစားသည်။ ငါ့မှာ ခေါင်းမပါတာလား မရှိတာလား စဉ်းစားလို့အဖြေမရခဲ့ပေ…. ဒီလိုနဲ့ အိမ်ရှေ့ရောက် တံခါးဖွင့်ဝင်တော့ အိမ်နောက်ဖေး မီးဖိုချောင်မှ အမေ့အသံကိုကြားလိုက်ရသည်။ ကျနော်ဘာမှ စဉ်းစားမနေတော့ အလွန်ပျော်သွားပြီး ထခုန်မိသည်။ အမေ့အော်သံက “ဟဲ့သား မင်းအပြင်သွားတာ ဦးထုပ်လဲ မယူသွားဘူး နေက အရမ်းပူနေတာတဲ့ မင်းမေ့သွားတာလားတဲ့“ သေချာပြီ ကျနော်မှာ ဦးခေါင်းရှိသေးတယ် ဦးထုပ်သည် ဦးခေါင်းပေါ်မှာ ဆောင်းရမှန်းကျနော်သိတယ်။ ကျနော် ဘာမှ မစဉ်းစားတော့ပဲ အမေချက်သည့ ငါးဟင်းနဲ့ ထမင်းကို မြိန်ရေယှက်ရေ စားနေမိတော့သည်။ နောက်တခါ ကျနော့်မှာ ဦးခေါင်းမရှိဘူးဟု ကျနော်ဘယ်တော့မှ မစဉ်းစားတော့ပါ။ ကျနော်မှာ ခေါင်းရှိကြောင်းကျနော်သိသွားပြီ။ တိတ်တိတ်လေး ဦးနှောက်ကတွေးမိသည် အားလုံးလဲ ကျနော်လို ခေါင်းမရှိတဲ့လူ မဖြစ်ပါစေနဲ့လို့ ဆုတောင်းမိရင်း……………… လူကြီးများပြောတာကို ကျနော်ပြန်ကြားယောင်နေသည် ခေါင်းမရှိသူသည် အဟိတ်တိရစ္ဆာန်တဲ့............
ဝန်ခံချက်။ ။ကျနော်ဖတ်ဖူးသော စာအုပ်တအုပ်ထဲမှာ ကျောရိုးကို မှီငြမ်းပါကြောင်း……… စာရေးဆရာ၊ခေါင်းစဉ်နာမည် မမှတ်မိသောကြောင့် မဖော်ပြလိုက်နိုင်ပါ။ အဆင်ပြေရင်တော့ ပြန်လည် ရှာဖွေပြီး ဖော်ပြပေးပါ့မယ်။
14 comments:
ခေါင်းမရှိသူသည် အဟိတ်တိရစ္ဆာန်တဲ့............
February 25, 2009 at 4:24 PMဒီစကားလေးအ လုံးဝမှန်ပါတယ်..
ပို့စ်လေးကို ဖတ်ပြီး စဉ်းစားစရာတွေ နောက်ဆက်တွဲနဲ့ ပြန်သွားပါတယ်.
တန်ဖိုးမဖြတ်နိုင်တဲ့
February 25, 2009 at 4:50 PMဒီခေါင်းတစ်လုံးကို
နေရာမှန်မှာ လူမှန်ဖြစ်အောင်
ကြိုးစားလုပ်အုန်းမှ။
ခေါင်းမရှိဘူးဆိုကတည်းက ဦးနှောက်မရှိတော့တာကို ပြောတာပေါ့နော် ။ အကိုပျောက်တာမဖြစ်နိုင်ဘူး ပျောက်ခြင်းပျောက် ညီပျောက်နေတာဖြစ်မရ် ။ မတွေ့ဘူး ။ :)
February 25, 2009 at 4:51 PMကျနော့် ခေါင်းကိုတောင် ကျနော် ပြန်စမ်းမိလိုက်တယ်ဗျာ... အော်... တော်သေးတယ် ရှိသေးတယ်....
February 25, 2009 at 5:07 PMဖတ်သွားပါတယ် တောင်ပေါ်သားလေးရေ...
February 25, 2009 at 5:20 PMဖတ်လို့ကောင်းတယ်...
ပုံတင်ထားတာလေးကြည့်လိုက်တော့
February 25, 2009 at 6:55 PMခေါင်းမပါဘူး ကျောမပါတဲ့သရဲအကြောင်းတွေတော့ဖတ်ဖူးတယ်
ခေါင်းမပါတဲ့သရဲလားလို့ဖတ်နေတာ ဖတ်ရင်းမှ သိတော့တယ်
ကိုယ့်ကိုယ်ကိုလည်းပြန်စမ်းလိုတ်တယ် ငါခေါင်းမှရှိရဲ့လားလို့
တယ်ပေါ်သောင်
February 25, 2009 at 7:49 PMအတွေးကော အရေးပါ ပြောစရာမရှိအောင်ကောင်းနေတယ်...
တော်တယ်တူငယ်ရေ...
ခင်မင်တဲ့...
ဦးနော်၊ တီငယ်၊ ကလေးလေး
စာဖတ်ပြီး အတွေးတွေပွားသွားပါတယ်..။ တစ်ခုခုတော့ တစ်ခုခုဘဲ..။
February 25, 2009 at 10:12 PMမှန်ပြေးကြည့်မိတယ်
February 26, 2009 at 12:01 AMရှိသေးတယ်တော့ ခေါင်းနဲ့ ကိုယ်နဲ့ ကပ်နေတယ်
း)
ခေါင်း ခေါင်း ခေါင်း .....ခေါင်း မရှိရင်တော့ တကယ့်ကွိုင် နော် အကို။
February 26, 2009 at 12:39 AMခေါင်းမရှိတာကို ဖတ်သွားတယ်
February 26, 2009 at 5:22 AMထမင်းလည်းအတူဝင်စားသွားတယ် ခေါင်းမရှိတဲ့လူနဲ့ 
ဆရာသစ္စာနီရေးပါတယ်
April 24, 2009 at 11:37 AMအကို ရှမ်းလေးရေ ဆရာသစ္စာနီ ရေးတာ ဖြစ်ကြောင်း ဖော်ပြပေးတဲ့အတွက် ကျေးဇူးနော့်
April 24, 2009 at 11:48 AMလေးစားလျက်
တောင်ပေါ်သား
တချို့ကျ ခေါင်းရှိပြီး ဦးနှောက် မရှိတာ
February 17, 2010 at 3:51 AMဒါလည်း ဆိုးတာပဲး)
Post a Comment