ငြိမ်းချမ်းရေး

ငြိမ်းချမ်းရေး
ဒီနာမည်လေးကို ဖတ်လိုက်တာနဲ့ လူတွေရဲ့ စိတ်ကို ကြည်နူးနှစ်သက် ကျေနပ်မူလေးတွေ အလိုလိုနေရင်နဲ့ ဖြစ်ပေါ်စေပါတယ်။ ဘယ်လောက် အေးချမ်းတဲ့ နာမည်လေးလဲဗျာ။ လူတွေရဲ့ အတ္တ၊ မာနတွေကို စွန့်လွှတ်ပြီး ဖြစ်ပေါ်လာတဲ့ စိတ်အစဉ်ကို အသိအမှတ်ပြုပြီး ရလာတဲ့ နာမည်လေးတခုပါပဲ။ ဒီကမ္ဘာပေါ်မှာ လူသားတိုင်းဟာ ငါဆိုတဲ့ အတ္တတွေကို ဖျောက်ဖျက်နိုင်မယ်ဆိုရင် ဘယ်လောက် သာယာအေးချမ်းတဲ့ ပျော်ရွှင်ဖွယ်တွေ အတိပြီးတဲ့ ကမ္ဘာကြီးဖြစ်မလဲ ခုတော့…….
မေးလ်တွေကို မစစ်လိုက်နဲ့ စစ်လိုက်တာနဲ့ တွေ့နေရပါတယ် Forward မေးလ်တချို့ပေါ့။ ရိုးသားပွင့်လင်းစွာ နေတတ်တဲ့ လူတွေကို အရောင်အမျိုးမျိုး စွန်းထင်းအောင် မရောက်ရောက်အောင် ပို့နေတဲ့ မေးလ်တချို့ပါ။ ငါမိသားစု ငါကောင်းစားရေးဆိုတဲ့ အသိကို ရှေ့တန်းတင်ပြီးတော့ ရောက်လာနေတဲ့ ဒီမေးလ်တွေကို ဖတ်မိလိုက်တိုင်း ရင်နာမိပါတယ်။ ၀မ်းနဲမိပါတယ်။ကျနော်ဘလော့လေးမှာ ဘာသာတရားနဲ့ ပတ်သက်ပြီး ပိုစ့် ၃ခုလောက် ရေးဖူးပါတယ်။ အမှန်အတိုင်းဆို ဘာသာရေးအကြောင်းဆိုတာ မပြောတာကောင်းပါတယ်။ ပြောလိုက်ရင် တခုခု လွဲမှားနေရင်လဲ လက်ညှိုးထိုးခံရမှာ မလွဲပါဘူး။ ကိုညီလင်းဆက် တောင်မှ သူရဲ့ ဒီပိုစ့်လေး ကြောင့် အပြောခံရတာ မနဲလှပါဘူး။ ၀မ်းနည်းမိပါတယ်။ လူရယ်လို့ ဖြစ်လာခဲ့ရင် လူတိုင်းလူတိုင်းနီးပါးမှာ ကိုယ်ယုံကြည်ရာ ကိုးကွယ်မူတွေ ရှိစမြဲပါ။ ဘယ်အရာကိုမှ ကောင်းသည်ဆိုးသည် မပြောလိုပါဘူး ကိုယ်ငယ်စဉ်ကတည်းက ကိုးကွယ်ခဲ့တဲ့ ဘာသာတရားကို ပြောလာရင် ဘယ်သူမှတော့ ခံနိုင်ရိုးထုံးစံမရှိပါဘူး…….
တခု သတိပြုစေချင်တာက ကိုယ်ကိုးကွယ်တဲ့ဘာသာတရားကို ပြောရင် မကျေနပ်သလို သူများဘာသာတရားကို ပြောရင်လဲ သတိထားပြောသင့်ပါတယ်။ ဒီတော့ကား လူတွေရဲ့ စိတ်မှာ ဘယ်လောက်ပဲ ခင်မင်ရင်းနှီးနေပါစေ သူတို့ကို သွေးခွဲစေချင်ရင် ပျက်စီးစေချင်ရင် အလွယ်ကူဆုံးနည်းလမ်းကား ဘာသာရေးနဲ့ ပြောဆိုတာပါပဲ။ ကျနော်တို့ ငယ်စဉ်တုန်းက သူငယ်ချင်းတွေ အခန့်မသင့်လို့ ရန်ဖြစ်ရင် ပြောဆိုတာတွေ မှတ်မိပါသေးတယ်။ ငါ့ဘာသာကမှ အမြတ်ဆုံး မင်းဘာသာကတော့ အလကားဘာသာ စသည်ဖြင့် ပြောဆိုပြီး အနိုင်ယူတတ်ကြပါတယ်။
ဒါတွေကို ပြန်စဉ်းစားကြည့်လိုက်ရင် တော်တော်ကို ရယ်စရာ အဖြစ်အပျက်လေးတွေပါ။ ဒီလိုပဲ ယနေ့ ကမ္ဘာပေါ်မှာ ရှိနေတဲ့ နိုင်ငံတွေဟာ သူတို့ရဲ့ အာဏာကို မြဲစေဖို့ သူတို့ဘက်ကို ကျရောက်လာမဲ့ ဘေးတွေကို တဖတ်လှည့်နဲ့ ရှောင်းရှားစေဖို့ ဘာသာတရားကို ခုတုံးလုပ်ပြီး စတေးနေကြတာကို ရင်နာစွာနဲ့ တွေ့နေရပါတယ်။ ဒီလိုဘာသာရေး စကားရေလုပွဲကို အရည်တရွှဲရွှဲနဲ့ ပြောဆိုနေတာတွေကိုလဲ တွေ့နေရပါတယ်။ တကယ်တမ်း သေချာစဉ်းစားကြည့်မယ်ဆိုရင် လူရယ်လို ဖြစ်တည်လာရင် ဘာအရေးကြီးဆုံးလဲ… ဘာသာတရားလား…. ရိုးသားစွာ နေထိုင်မူလား…….
ကျနော်တဦးထဲ အမြင်ကိုပြောရရင် လူရယ်လို့ ဖြစ်တည်လာရင် လူဖြစ်ရကျိုးနပ်အောင် လုပ်ရပါ့မယ်။ လူဖြစ်ရကျိုးနပ်အောင်ဆိုတဲ့ စကားထဲမှာ (၁) ကိုယ့်ကိုးကွယ်တဲ့ ဘာသာတရားကို ရိုသေကိုင်းရှိုင်းရမယ်။ (၂) သူများဘာသာတရားကို ပါးစပ်က ပြီးစလွယ် မချုံ့ချသင့်ပါဘူး (၃) လူဖြစ်လာရင် လူတယောက်ရဲ့ ရပိုင်ခွင့် လွတ်လပ်ခွင့်တွေကို ပေးနိုင်ရမယ် (လူကို လူမှန်းသိတတ်ဖို့ ) အရမ်းအရေးကြီးပါတယ်။ ဒီနေ့ တိုးတက်တဲ့ ခေတ်လောကကြီးထဲမှာ အရမ်းကို အောက်တန်းကျတဲ့ စကားလုံးတွေနဲ့ ပြောဆိုနေတဲ့ လူ
တွေလဲ အများကြီးပါ။
ခေတ်ပညာတတ် ဘုန်းကြီး၊ ခရစ်ယာန်ဆရာတော်တွေ၊ အစ္စလာမ် ပညာရှင်တွေ ဘယ်သောမှ ဘာသာရေးနဲ့ ပတ်သတ်ပြီး ရန်ဖြစ်တယ်ဆိုတာ မကြားဘူးပါဘူး။ တကယ်တရားကို တရားလို လိုက်နာနိုင်တဲ့ ငြိမ်းချမ်းတဲ့ လူတွေဟာ ကိုယ့်ယုံကြည်တဲ့ ဘာသာတရားကို ဒီထက် စပွားတိုးတက်အောင်တာ တရားကျင့်ကြံ အားထုတ် ဟောကြားတော်မူတာကို တွေ့ရပါတယ်။ ဘာသာတရားလေးခုလုံးရဲ့ ပညာရှင်တွေ စုစည်းပြီး တယောက်နဲ့ တယောက် ဘာသာရေးအကြောင်းတွေ ဖလှယ်ကြတယ်။ ဆွေးနွေးကြတယ်။ ဒီအချိန်အတွင်းမှာ စိတ်ဓါတ်ပြင်းပြစွာနဲ့ ပြောဆိုဆွေးနွေးကြပေမဲ့ ဆွေးနွေးပွဲ ပြီးရင် ချစ်ခင်ရင်းနှီးစွာ လက်ဆွဲ နှုတ်ဆက်စမြဲပါ။ ဒါဟာအတုယူသင့်တဲ့ အချက်တွေပါ။
ကျနော်တို့ကကော ဘာသာတရားကို ဘယ်လို ကိုင်းရှိုင်းကြပါသလဲ။ ကျနော်တို့ ပုဓုဇဉ် လူသားတွေပါ။ ကျနော်တို့မှာ တနှာဆိုတဲ့ ရမ္မက်တွေ ရှိမယ်။ ရယူလိုတဲ့ အတွေးတွေ ရှိမယ် ဒါတွေကို ကျနော်တို့ အတတ်နိုင်ဆုံး ဖြောက်ဖျက်နိုင်ရင် အကောင်းဆုံးပါပဲ။ ဒီလိုပဲ တဦးတယောက်ကောင်းဖို့ လုပ်နေတဲ့၊ အကျိုးအကြောင်းမညီညွတ်တဲ့ အချက်တွေကို ကျနော်တို့ မျက်စိစုံမှိတ်ပြီး ယုံစရာမလိုပါဘူး ကျနော်တို့ရဲ့ ကိုယ်ပိုင်အတွေးအခေါ် ဦးနှောက်တွေ ရှိပါတယ်။ ဒါတွေနဲ့ သေချာစဉ်းစားသင့်ပါတယ်။ ဖြစ်နိုင်၏ မဖြစ်နိုင်၏ပေါ့ ဒါကိုမဟုတ်ပဲ တွေ့တာနဲ့ ဖတ်ရတာနဲ့ ယုံမိတယ်ဆို ဘယ်လောက် ရှက်ဖို့ကောင်းပါသလဲ တကယ်တရားခံက ဘယ်သူလဲ သေချာစဉ်းစားသင့်ပါတယ်။ ဘာအကြောင်းပြချက်နဲ့ ဒီလိုမဖြစ်နိုင်တာတွေ ကိုလျှောက်ပြီး လုပ်နေရလဲ ဆိုတာ ကျနော်တို့ ဘုရားပေးထားတဲ့ ဦးနှောက်နဲ့ သေချာ စဉ်းစားသင့်ပါတယ်။
ဘာသာတရားတိုင်းမှာ အစွန်းရောက်တဲ့ ဘာသာဝင်တွေ ရှိပါတယ်။ ကတ်သီးကတ်သတ် ငါတို့ဘာသာမှာ မရှိဘူးလို့ မျက်လုံးမှိတ်မငြင်းပါနဲ့။ ဒီလိုအစွန်းရောက်တဲ့ လူတွေကို ကြည့်ပြီး ဘာသာတရားတခုလုံးကို လက်ညှိုးထိုးစရာ မလိုပါဘူး ။ တကယ်တမ်းတော့ ဒီလို အစွန်းရောက်တဲ့ လူတွေအားလုံးဟာ ဘာသာတရားကို အပေါ်မှာ ပြောခဲ့သလို ခုတုံးလုပ်ပြီး သူတို့ရဲ့ ဦးတည်ချက်တွေကို အကောင်းအထည်ဖော်နေတာပါ။ ဒါတွေကို ကျနော်တို့ တတ်နိုင်သမျှ တားဆီးသင့်ပါတယ်။ လက်ပိုက်ကြည့်နေလိုတော့ မရပါဘူး။ ဒီပြဿနာဟာ တချိန်ကြရင် အလွန်ကို ကြီးမားလာနိုင်ပါတယ်။ ဒီကမ္ဘာပေါ်မှာ ဘာသာတရားကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးအတွက်၊ ဘ၀ရပ်တည်မူကောင်းဖို့ အတွက် လုပ်နေတဲ့ လူတွေ အများကြီးပါ။ အကောင်းဆုံးကတော့ ကျနော်တို့ တတ်နိုင်သလောက် ခေါင်းရှိရှိနဲ့ စဉ်းစားသင့်နေပါပြီ။ ကိုယ်တိုင်က တရားခံ ဖြစ်နေပြီလား ဒါမှမဟုတ် တရားခံက ဘယ်သူတုန်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ကျနော်ရဲ့ ခံစားချက်ကိုသာ မှီငြမ်းပါသည်။ ပုံကိုတော့ Google ကယူထားပါတယ်။
လေးစားလျက် တောင်ပေါ်သား
6 comments:
ဒီငြိမ်းချမ်းရေးဘဲလေ... လူတိုင်းလိုလားကြတာ.... ဒါပေမယ့် ခုချိန်ထိကို မငြိမ်းချမ်းနိုင်ကြသေးဘူးဗျာ.... ငြိမ်းချမ်းနိုင်ကြပါစေ....
February 21, 2009 at 6:43 AMလေးစားပြီးရင် လေးစားတယ် အကို။ တန်ဖိုးရှိတဲ့ postပါဗျာ။ကမ္ဘာမြေ ငြိမ်းချမ်းပါစေ။
February 21, 2009 at 6:59 PMသိပ်မှန်တာပေါ့။ ဘာသူတရားက လူတွေကို လိမ္မာယဉ်ကျေးစေဖို့ပဲ
February 22, 2009 at 4:23 PMဂွတ်တယ်... အဓိပ္ပါယ်သိပ်ရှိတဲ့ ပိုစ့်ပဲ... အဲဒီFW mail တွေကို ဖတ်ရတာ ဘယ်လိုခံစားပေးရမလဲကို မသိတော့တား)။ ဘာပဲ ဖြစ်ဖြစ် ဘာသာတရားဆိုတာ လူတွေရဲ့ ကျင့်ဝတ်တွေ၊ မေတ္တာတရားတွေအတွက် ပြဌာန်းပေးထားထာ ဖြစ်လို့ ဘယ်ဘာသာမဆို ကိုယ့်အလုပ် ကိုယ်လုပ်ကြတာ ငြိမ်းချမ်းပါတယ်။ အစွန်းရောက်ခြင်း ကင်းကြပါစေဗျာ...။
February 22, 2009 at 5:16 PMဟုတ်ပ ကျောင်းဒကာ တောင်ပေါ်သားရေ။ တစ်ကယ်တော့ ဘာသာတရား ဆိုတာ လူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားကို ထိန်းကွပ်တဲ့ အရာပဲ။ ကိုယ်ကျင့်တရားဆိုတာ ရှင်းရှင်းလေးပဲ ကိုယ့်ကိုကိုယ် ကောင်းအောင် ကျင့်ကြံ နေထိုင်နည်းပဲ။ ကောင်းတဲ့ပို့စ်ပါ ကျောင်းဒကာ။
February 24, 2009 at 4:41 PMBG color နဲ့ font color မကွဲတာကြောင့် စိတ်ရှိတိုင်း စာမဖတ်နိုင်ခဲ့ဘူး။ နောက်မှ ပြန်လာဖတ်ပါမယ်။
February 26, 2009 at 12:54 AMPost a Comment