Saturday, January 3, 2009

သီပေါမင်းတရား၏ အတွင်းရေးများ (၁)



ဒီတပတ် ကျနော် Peninsula Plaza ကိုရောက်တော့ ဒဏ္ဍာရီ စာအုပ်ဆိုင်လေးမှာ စာအုပ်လေးတွေ ၀င်ရှာတုန်း သီပေါမင်းတရားရဲ့ အတွင်းရေးများ ဆိုတဲ့ စာအုပ်လေးကို ဖတ်လိုက်ရပါတယ်။ ဒီစာအုပ်ထဲမှာ ကျနော်တို့ရဲ့ နောက်ဆုံး ဘုရင်မျိုးဆက်အကြောင်းလေးတွေ ဓာတ်ပုံအစုံအလင်နဲ့ တင်ပြထားပါတယ်။

သီပေါမင်းရဲ့ အပါးတော်မြဲ အတွင်းဝန် ဦးစံရွှေရဲ့ မှတ်တမ်းလေးတွေကို ပြန်လည် တင်ပြထားပေးတဲ့ စာအုပ်ကောင်းလေးပါ။ ဘာပဲပြောပြော ကျနော်တို့ဘုရင်သမိုင်းကို အနဲ အများတော့ သိလိုက်ရပါတယ်။ အဆင်ပြေမယ်ဆိုရင်တော့ အားလုံးကို စာရိုက်ပြီး တင်ပြပေးသွားပါ့မယ်………

--------------------------------------------------------------------------------------------------



သီပေါမင်း၏ ဘ၀သည် ရင်နင့်စရာ ဘ၀ဖြစ်သလို သူ၏ဘ၀နှင့်လဲကာ ရာဇ၀င် သင်ခန်းစာတခုကိုလည်း ကျနော်တို့အား ပေးအပ်ခဲ့ပေသည်။ သီပေါမင်းပေးခဲ့သည့် သင်ခန်းစာမှာ သူ၏ဘ၀နှင့် လည်းကောင်း၊ မြန်မာတနိုင်ငံလုံးနှင့် လည်းကောင်း လဲ၍ပေးခဲ့သော သင်ခန်းစာ ဖြစ်သဖြင့် တန်ဖိုးကြီးမားလှပေသည်။

သမိုင်းသင်ခန်းစာလည်းဖြစ်သည်။ ဘာကြောင့် ကျွန်ဖြစ်ခဲ့သည်။ ဘယ်သူ့ကြောင့် ဖြစ်ခဲ့ရသည် စသည်တို့ကို၊ သီပေါမင်း၏စကားအတိုင်း အပါးတော်မြဲ အတွင်းဝန် ဦးစံရွှေက သူ၏မှတ်တမ်းများတွင် ဖော်ပြထားခဲ့သည်။







မင်းညီမင်းသားများ သေခြင်းဆိုး သေကြရပုံ

သီပေါမင်းတရားကြီးသည် နန်းတက်စအခါ၌ နန်းတော်တွင်း၌ ဆွေတော်မျိုးတော်တို့ သေခြင်းဆိုးသေကြရပုံများကို အလုံးစုံသိကြပါသလော၊ သီပေါမင်းကိုယ်တိုင် ကြံရာပါ ဖြစ်လေသလောဟူသော တွေးတော်ချက်များသည် မြန်မာအမျိုးသားတို့၏ စိတ်ဓါတ်တွင် အမှန်သုံ့ မရောက်နိုင်ဘဲ ရှိခဲ့ကြရလေသည်။ အင်္ဂလိပ်စာတတ် ယခုခေတ်လူ အများစုကလည်း သီပေါမင်းတရားကြီး အပေါ်တွင် လွန်စွာ အထင်သေးအမြင်သေးလျက်ရှိသည်။ ထိုသို့ အထင်မှားလျက် ရှိကြသည်တတို့ကို ပြန်လည် ချေပရာရောက်သော အချက်များကိုလည်း မှတ်စုများတွင် တွေ့မြင်ဖတ်ရှုရပေ၏။

“လူအများက သီပေါမင်းသည် ညီတော်၊ နောင်တော်၊ ဆွေတော်မျိုးတော်တို့ကို သတ်သည်။ အရက်သောက်သည်ဟု စွပ်စွဲကြသည်မှာ ဟုတ်မှန်ပါသလား“ ဟု ရတနာဂီရိ သမီးတော်များ နားထွင်းပွဲ စာရင်းကို မေမြို့ဘုရင်ခံအား အတူပြပြီး အိမ်တော်မှအပြန် ဦးစံရွှေက ၀က်မစွပ်ဝန်ထောက်မင်းအား မေးမြန်း၏။ ၀န်ထောက်မင်းက……

“စွပ်စွဲချက်များကား မမှန်၊ အကြောင်းကုန် စုံလင်စွာ သိလိုက ရတနာဂီရိသို့ အပြန်တွင် ဘုရင်မင်းမြတ် ကိုယ်တိုင်ကို တိုက်ရိုက် လျှောက်ထားပါ“ ဟုပြန်ပြောသဖြင့် ရတနာဂီရိ ပြန်ရောက်၍ ဦးစံရွှေက လျှောက်ထားမေးမြန်းရာတွင် သီပေါမင်း၏ ပြန်ကြား မြွက်ဟပုံကို အလုံးစုံ မှတ်သားထားသည်ကား အောက်ပါအတိုင်းဖြစ်၏။

“မဟုတ်ပါဘူး၊ တို့ကို အကြည်ညိုပျက်အောင်၊ မုန်းထားအောင် အပြစ်ဆိုသော စကားများသာ ဖြစ်ပေသည်။ အမှန်မှာ…. မောင်စံရွှေ မိန်းမ ပင်းယမင်းသမီးလည်း ရှိသည်။ မေးကြည့်ပြောပြလိမ့်မည်။ နန်းတော်၌ တညနေ အနောက်ပိုင်းမှာ ပင်းယ၊ နဂါးဆင်၊ ကျောက်ပတောင်း၊ ထန်းတပင်၊ တောင်ငူမြို့စား အပျိုတော်မျ
ားနှင့် တို့နှစ်ပါးပါ ရယ်မော စကားပြောနေစဉ် မယ်တော်သည် ရုတ်တရက် ပျာယီးပျာယာ ၀င်လာပြီး…….

“မောင်ရင်…….. မောင်ရင်.. သည်နန်းစည်းစိမ်ကိုလည်း မလိုချင်ပါနဲ့၊ ဘုရင်မင်းမြတ်လည်း မလုပ်ချင်ပါနဲ့၊ မောင်ရင့်ညီတော်၊ နောင်တော်၊ နှမတော်များ ရှိသေးရဲ့လား၊ စစ်ကြည့်ပါဦး“ ဟုပြောလျှင် တို့တတွေမှာ ထိတ်လန့်တုန်လှုပ်ခြင်းဖြစ်၍ ငါသည် ချက်ခြင်းအရှေ့ထဲထွက်ပြီး ညီလာခံ အစည်းအဝေးခေါ်၍….

“မင်းကြီးများ ကျုပ်ကို မထိမ်မ၀ှက်ပဲ မှန်သည့်အတိုင်း၊ တင်ကြစမ်းပါ၊ ချုပ်ထားသော ညီတော်၊နောင်တော်၊ နှမတော်များ ရှိ မရှိ၊ သိလိုသည်“ ဟုမေးမြန်းသောအခါ မင်းကြီးများက “ဘုန်းတော်ကြောင့် အမှန်တင်ရမည်ဆိုလျှင် ဘုရင့်သားသည် ရွှေထီး၊ ရွှေနန်းကို အမှန်ကြံစမြဲဖြစ်၍ ကျနော်မျိုးများ၏ စောင့်ရှောက်ရသော တာဝန်သည် အလွန်မှ ကြီးလေးသည် ဖြစ်သောကြောင့် အချုပ်မှ လွတ်ထွက် ပုန်ကန်လျှင် ဆင်းရဲသားသတ္တ၀ါများ သေကြေပျက်စီးကြမှာ မြင်၍ သုတ်သင်ရှင်းလင်းရပါသည် ဘုရား“ ဟုတင်သည်ကို ကြားရလျှင်……

“ငါသည်အလွန်မှ ထိတ်လန့်ပြီး အသည်းနှလုံး တုန်လှုပ်၍ ကြက်သီးမွေးညှင်းများ ထမိသည်။ ညီတော်၊ နောင်တော်များထားရန် နန်းမြင့်နားမှာ တိုက်တန်းရှည်ကြီး ဆောက်လုပ်ခိုင်းသည်မှာ အတော်အတန်ပြီးပါပြီ။ ဌင်းတိုက်တန်းကြီး ပြီးကာလ ညီတော်၊ နောင်တော်များကို သားမယား အခြွေအရံနှင့် ပျော်ရွှင်စွာ နေကြပါစေ၊ အပြင်က အစောင့်အရှောက်ထား၊ နောက်ကို ထွက်ပြေးပုန်ကန်မှသာ အပြစ်အလျောက် စီ၇င်ကြပါ မှာထားပါရက်နှင့် သည်ကဲ့သို့ ရက်စက်စွာ ပြုလုပ်ကြသည်ကို ငါအများကြီး ၀မ်းနည်းစိတ်မကောင်းဖြစ်သည်။“ ဟု ပြောဆိုပြီး ကျန်ရစ်သော မင်းသားများ စာရင်းပေးရန်တောင်းမှ ကျပင်းမင်းသား၊ ကောလင်းမင်းသား၊ ပျဉ်းမနားမင်းသား၊ မြင်စိုင်းမင်းသား၊ လယ်ကြားမင်းသား တို့ကို ရရှိခေါ်ဆောင် သင်္ကန်းဝတ်စေပြီးလျှင် ဆရာတော်များထံ အပ်ထားရသည်။ ဌင်းမင်းသားများ ငါ့ကြောင့်သာလျှင် အသက်ရှင်သည်။ တချို့ဆိုလျှင် ယခုတိုင် ရှိကြပါသေးသည်။ မေးလျှင်ပြောလိမ့်မည်။ ရနောင်မင်းသား၏ အခါလည်ကျော်သမီးတော်ကလေး ကျန်ရစ်ကြောင်း သိရ၍ အသက်မသေရန် မိန်းမစိုး မောင်မှဲ့အား ခေါ်ဆောင်ယူစေခဲ့ပြီး၊ မွေးတော်မူလာလို့အသက်ချမ်းသာရာ ရတယ်။ ယခုထက်တိုင် ကြည့်မြင်တိုင် စမ်းချောင်းမှာ အသက်ရှင်လျှက် ရှိသေးတယ်။ တို့နှစ်ပါးမှာ ဌင်းအကြောင်းများ သိသည်မှစ၍ စိတ်နှလုံး ထိတ်လန့် တုန်လှုပ်ခြင်းဖြစ်ပြီး စိတ်ပြေစေရန် နေ့စဉ် တောင်စမုခ်ကထွက်၍ သံဃာတော်များကို ဆွမ်းကြီးလောင်းတော်မူသည်။ ငါလည်း စိတ်မကောင်း၊ တစ္ဆေ လည်းကြောက်၊ နန်းတော်တွင်းမှာ နေ့ညမပြတ် ဆူဆူညံညံ ရှိစေခြင်းဌာ ပွဲခံစေသည်။ ထိုအခါက ငါကလည်း ငယ် အသက် ၂၀အရွယ်၊ မင်းကြီးများ စီမံကြရသောအခါမှာ ဖြစ်သည်။ နောက်မိုးခေါင်လို့ မဟာဆီ မဟာသွေး မြေ၌ မကျရာဟု ပညာရှိများ၊ ဘုန်းတော်ကြီးများက ပြောလျှင် ညတိတ်တဆိတ် အလောင်းများကိုတူးဖော်ပြီး အိုးထုပ်နှင့်ထည့် လှည်းမှာတင် မြစ်ဆိပ်ယူပြီး ရေလယ်မြစ်ထဲ ချကြတယ်”

ဆင်ခြင်စဉ်းစားရန်

အထက်ဖော်ပြပါ သီပေါမင်းတရားကြီးက ဦးစံရွှေအား မိန့်မြွက်ပြောကြားတော်မူသော စကားတို့မှာ မမှန်ဟု မယူဆ၊ မိဖုရားကြီး နတ်ရွာမစံမီအခါကလည်း ထိုကဲ့သို့ပင် ချေဆိုရှင်းလင်းတော်မူခဲ့သည်ကို ကျွန်ုပ်တို့ ကြားသိရဖူးပေသည်။ စင်စစ်မှာလည်း သီပေါမင်းတရားကြီးက “လစ်ကားလေဒီ“ အမည်ရှိသော အင်္ဂလိပ်လူမျိုးတို့ ရေးသောဝတ္ထု စာအုပ်မှာကဲ့သို့ ကြမ်းတမ်းရက်စက်ခြင်း၊ အရက်သောက်သုံးခြင်း ပြုမည်မထင်ပေ “ခပ်သိမ်းမြန်ပြေမှာ ညာဏ်သံဝေ ကိုယ်တော်ပြပါလို့ ဓမ္မပြီပြီ ဟောနိုင်တဲ့ သီပေါရှင်“ ဟူသော ကဗျာလေးချိုးအရ ပိဋကတ်သုံးပုံကို နှုတ်ငုံ ဆောင်န
ိုင်တော်မူ၍ မထမပြန် နှစ်ကြိမ်၊ သုံးကြိမ်တိုင် အောင်တော်မူသော ပုဂ္ဂိုလ်ဖြစ်ရကား မူလ နဂိုစိတ်မှာလည်း နူးညံ့ပြီးဖြစ်၍ ဒေါသ၊ မောဟ ထင်မှတ်စွဲယူကြသလောက် ဖုံးလွှမ်းမင်ည မထင်ချေ။ ငါးပါးပဉ္စသီကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲသည့်ပြင် မြန်မာဘုရင် မင်းမြတ်တို့ ထုံးစံမှာလည်း မဟာဘိသိက်တော်ကြီး ခံပြီးလျှင် သေရည်သေရက် မသောက်၊ သတ္တ၀ါကို ရင်ဝယ်သားကဲ့သို့ ချစ်ခင်ပါမည်ဟု ကျိန်စာ ရွက်ဆိုရထားရသောကြောင့် မလိုသူတို့ စွပ်စွဲသလောက် မဟုတ်မတန်ရာ၊ အရက်သေစာ သောက်သုံးသူ ယစ်ထုတ်ကြီးဘ၀သို့ ရောက်ရှိအောင် ရေးသားပြောဆိုရက်ကြသည်မှာလည်း မြန်မာအမျိုးသားမဟုတ်သူတို့သာလျှင် ဖြစ်သည်ကို သတိပြုရန် ရှိချေသည်။

သို့ရာတွင် အရှင်နန်းမတော် မိဖုရား၏စိတ်မှာ သီပေါမင်းဘုရင်မင်းမြတ်ထက် ထက်မြက်၍၊ မဟုတ်မခံ အမှုအလျှောက် အပြစ်ပြုတတ်သည်ကို ထောက်၍၊ ရက်စက် ကြမ်းကြုတ်သည်ဟု စွပ်စွဲလိုက စွပ်စွဲနိုင်ကြမည် ဖြစ်သော်လည်း ဆွေတော်မျိုးတော် မင်းညီမင်းသားတို့အား သတ်ဖြတ် သုတ်သင်ရာ၌ကား အရှင်နန်းမတော် မိဖုရားကြီးအလိုတူ အလိုပါ၊ မဟုတ်နိုင်သည့် အကြောင်းမှာ ကင်းဝန်မင်းကြီးက အင်္ဂလိပ်အစိုးရ ကိုယ်စားလှယ် ‘ရှော’ထံသို့ပြန်သောစာတွင် ပါသောအချက်ကို ထောက်၍ စဉ်းစားနိုင်ပေမည်။ ထိုစာတွင် မင်းညီမင်းသားများ သတ်ဖြတ်ခြင်း ကိစ္စနှင့် ပတ်သက်၍ လူအများ သေကြေပျက်စီးမည်ကို စိုးရိမ်ရသောကြောင့် တိုင်းပြည်ထုံးစံအတိုင်း သုတ်သင်ရှင်းလင်းရခြင်းဖြစ်ကြောင်းနှင့် ဖော်ပြထားရာ မင်းညီမင်းသားများက သတ်ဖြစ်ခြင်းကိစ္စမှာ၊ ဘုရင်နှင့် မိဖုရားတို့ တာဝန်မဟုတ်၊ အမတ်ကြီးများ တာဝန်သာလျှင် ဖြစ်ကြောင်း၊ ကောင်းစွာ ထင်ရှားနေပေသည်။ သို့ရာတွင် ဘုရင်နှင့် မိဖုရားတို့သာလျှင် နာမည်ပျက်ရချေသည်။ သို့ဖြစ်ရခြင်းမှာ မြန်မာထီးနန်း စည်းစိမ် ပျက်ချိန်တိုင်သည့် နိမိတ်လက္ခဏပင် ဖြစ်ရာ နောင်အခါ နိုင်ငံဆုံးရှုံးသော အရေးတွင် အဆိုပါ ကိစ္စကိုပင် အကြောင်းပြ အသုံးချ၍ အပြစ်မကင်းသော မှူးမတ်တို့သည် မိမိတို့ အပြစ်ကို ကာကွယ်ဖုံးဝှက်ကြလေသည်မှာ စဉ်းစားသင့်သော အချက်ပင် ဖြစ်ပေသတည်း…………။။။။။။။။


လေးစားလျက် တောင်ပေါ်သား



4 comments:

ဖိုးဂျယ် said...

အကိုရေ မှတ်သားသွားတယ်
ကောင်းလိုက်တဲ့ ပိုစ့်လေး
ဆက်လက်ရေးသားပါလို့ ပြောပါ့ရစေ

January 3, 2009 at 8:47 AM
Dr. Nyan said...

မင်းညီမင်းသားတွေရဲ့ဆွေစဉ်မျိုးဆက်ကလေးပေါက်စ
ပါမကျန်အကွပ်မျက်ခံရတာ အသေးစိတ်ရေးထားတဲ့
ဝတ္ထုဖတ်ဖူးတယ်တောင်ပေါ်သားလေးရေ။ စိတ်မကောင်းစရာတွေချည်းပါဘဲ။ ဘယ်သူတွေကဘဲဘာအတွက်သတ်သတ်၊ အာဏာအတွက်
ရက်စက်တတ်တဲ့အကျင့်ဆိုးမျိုးစေ့ကတော့ ရှေးခေတ်ကတည်းက
တို့မြန်မာလူမျိုးတွေရဲ့ရာဇ၀င်တွေပြန်ကြည့်ရင်
တောက်လျှောက်အပင်ပေါက်နေခဲ့တာပါဘဲ။

January 3, 2009 at 7:28 PM
စိုင်းစိုင်းလားရှိုး said...

ဟုတ်ကဲ့ စဉ်းစားစရာ အချက်တွေပါပဲ ကိုတောင်ပေါ်သားရေ။

January 3, 2009 at 8:23 PM
flower.poem said...

မျှဝေပေးတာကျေးဇူးပါကိုတောင်ပေါ်သား မသိတာတွေအများကြီးပဲ :P

January 3, 2009 at 9:20 PM