သီပေါမင်းတရား၏ အတွင်းရေးများ (၂)
သတင်းချွန်သည့် ကင်းဝန်
ဆီးဘန်နီဆရာတော်၏ ရည်စူး ပြစ်တင်ရေးသားခြင်းခံရသော ကင်းဝန်မင်းကြီးအား သီပေါမင်းတရာကြီးသည် စိတ်အနာကြီး နာတော်မူဟန်ရှိသည်ကို မှတ်စုတနေရာတွင် တွေ့ရှိရပြန်သည်ကို ထောက်က နိုင်ငံတော်ဆုံးရှုံး ပျက်စီးရာ၌ ကင်းဝန်မင်းကြီး၏ အပြစ်မကင်းကြောင်း ထင်ဖွယ်ရာ ရှိတော့၏။ ကင်းဝန်မင်းကြီးမြေး အလွန်မှ ဆင်းရဲ၍ အလုပ်တောင်းစာ ၀က်မစွတ်ဝန်ထောက်မင်းက အတွင်းဝန်ကြီး မစ္စတာရိုက်စ်သို့ ပေးရာ ၁၀ရက်မျှ ကြာသောအခါ အလုပ်မရှိ၍ မပေးနိုင်ကြောင်းနှင့် စာပြန်သည့် အကြောငးများကို တနေ့သ၌ စကားစပ်မိကြ၍ ဦးစံရွှေက လျှောက်တင်ရာ သီပေါမင်းတရားကြီးက အောက်ပါအတိုင်း မိန့်မြွက်တော်မူ၏။
“ကင်းဝန်မင်းကြီးသည် ငါ၏ခမည်းတော် လက်ထက်က မင်းကြီးကလေး ငါ့လက်ထက်ကျမှ မင်းကြီးအကြီးဆုံး ရာထူးသနားတော်မူသည်။ ကုန်းဘောင်မင်းဆက်မှာ ဘယ်မင်းမှ မပေးသော ရာထူးဖြစ်သည့် မင်းကြီးမဟာ သက်တော်ရှည်ကို ငါပေးသည်။ ကျောက်စီ တောင်ဝှေးကို ငါသနားတော်မူသည်၊ လက်နက်ဝန်ကြီး ရာထူးကို ငါအပ်နှင်းတော်မူသည်။
ယခုနေအခါ ဌင်းရာထူးနှင့်ဆိုလျှင် သင့်မြေးကို ပေးချင်သော ရာထူးပေးနိုင်သည်။ တို့မောင်နှမ ကုလားပြည်ရောက်ရခြင်းမှာလည်း သင့်ကြောင့် ရောက်ရသည်။ သို့သော ငါတို့မှာဘာကိစ္စမျှ မရှိ၊ အင်္ဂလိပ်က တနှစ် တစ်သိန်းပေးထားသည်။ ဆင်းရဲဒုက္ခမရောက် ၊ ရာဇ၀င် အစောင်စောင်၊ ဗုဒ္ဓ၀င်အစောင်စောင်၊ လောကကြီး အဖြစ်အပျက်ကို ကြည့်လျှင် သစ္စာပျက်သောသူ ကျေးဇူးရှင် ကျေးစွပ်သောသူသည်၊ လူချမ်းသာသော်လည်း စိတ်မချမ်းသာ၊ စိတ်ချမ်းသာ သော်လည်း လူမချမ်းသာ၊ နောင်ကိုလည်း အမြဲဒုက္ခ ရောက်စမြဲ၊ လောကီလောကုတ္တရာလည်း မကောင်း၊ ဘုရားလောင်း မျောက်မင်းသည် မုဆိုးပုဏ္ဏားအား ၊ သွေးအစက်စက်နှင့် လမ်းပြ၍ ရွာအ၀င်မှာ မုဆိုး မြေမျိုသည့်ပုံကို ဆင်ခြင်“
ကင်းဝန်မင်းကြီးကြောင့် နိုင်ငံနှင့် ဘုရင်ပါ အင်္ဂလိပ်လက် ပါရသည်ဟု အထက်ပါစကားဖြင့် ဆိုဖွယ်ရာ ရှိနေတော့သည်။ ထို့ပြင် နန်းတွင်း၌ ဖြစ်ပျက်ပုံ အကောင်းတရပ်သည်လည်း အထူးမှတ်သားဖွယ်ရာ ဖြစ်ပေ၏။
ရွှေဘိုထွက်ရန် စီမံသော်လည်း
ဘုံဘေဘားမားသစ်မူနှင့် ပတ်သက်ပြီး အင်္ဂလိပ်တို့က အလျင်တဆော စစ်ပြုသဖြင့် မရှောင်သာသော မြန်မာတို့မှာ အင်္ဂလိပ်တို့အား ခုခံရန် ပြင်ဆင်ကြသော်လည်း၊ အင်္ဂလိပ်တို့အား ခုခံတိုက်ခိုက်လျှင် သူပုန်ဟု ကင်းဝန်မင်းကြီးထံမှ လှည့်ပတ်သော ကြေးနန်းစာကြောင့် မြန်မာတို့ ဆီးကြိုတိုက်ခိုက်ခြင်း မပြုရချေ။ နေပြည်တော်နှင့် နီးသောအခါ အင်္ဂလိပ်တို့ ရာဇသံပါ အချက်တို့ကို တောင်းဆိုတိုင်း ပေးသော်လည်း စကားမပြန်သဖြင့် ဟန်ပုံမရကြောင်း၊ ထိုအခါမှ သီပေါဘုရင်မင်းမြတ် ရိပ်မိရှာတော့၏။ ထိုအခါမှ အကြံတော်ရ၍ ရွှေဘိုသို့ ထွက်တောမူမည်ဟု လသာသာ တည၌ အမိန့်တော်ရှိပြီး၊ ဒုတိယ သမီးတော်ကို ထိန်းကြည့်ရှုရသော မိုးညှင်းမင်းသမီး၊ ပင်းယမင်းသမီးတို့ လိုက်ပါရန် မိန့်တော်မူရသည်ကား။ ပစ္စည်း၊ ဥစ္စာ၊ ရွှေ၊ ငွေတို့ကို အထုပ်ကြီးထုပ်၍ ပင်းယမင်းသမီ၊ နို့ထိန် ကလေးမင်းသမီးကြီးတို့ကို တောရဘုရားမှ စောင့်နေစေ၏။ ရွှေ၊ ငွေပစ္စည်းစသည်များကို ဆင်၊ မြင်း၊ လူထမ်းနှင့်တင်၍ လက်နက်ကိုင် အမူထမ်းသားများလည်း အသင့် စောင့်ဆိုင်းနေကြလေ၏။
သို့ရာတွင် အသိမပေးပဲထားသော ကင်းဝန်မင်းကြီးသည် ဘုရင်မင်းမြတ် ရွှေဘိုသို့ တိတ်တဆိတ် ထွက်ခွာတော်မူမည့် အကြောင်းကို သိသွားလေသည်နှင့် တပြိုင်နက် ပျားယီးပျာယာ ကတိုက်ကရိုက်နှင့် ရှေ့တော်သို့ ၀င်လာပြီးလျှင် “အင်္ဂလိပ်များလာပြီး မိမိတို့ အလိုရှိရာတောင်းဆို စာချုပ်၍ ပြန်မည်အမှန် ဖြစ်ပါသည်။ ထွက်တောမမူပါနှင့်“ ဟု အကြိမ်ကြိမ်တင်လျှောက် တောင်းပန်လေ၏။ သို့ရာတွင် သီပေါဘုရင်က….
“အင်္ဂလိပ်များသည် တခါမဟုတ်၊ နှစ်ခါမဟုတ်၊ အခါခါရှိပြီ၊ တစ်စတစ်စနှင့် တိုင်းပြည်ကုန်အော် ယူလိမ့်မည် ထင်သည်။ စာချုပ် ချုပ်လျှင်လည်း မင်းကြီးများနှင့် ချုပ်ဆိုရစ်ကြ။ နောက် ကျုပ်သဘောတူ လက်မှတ် အလိုရှိလျှင်လည်း စာချုပ်ကို ကျုပ်ဆီ ရွှေဘိုမြို့သို့ ပို့လိုက်“ ဟု မိန့်တော်မူသည်။
ကင်းဝန်မင်းကြီးလည်း မိမိသြဇာ သီပေါဘုရင် မင်းမြတ်ပေါ်တွင် မစူးရှတော့သည့် အကြောင်းကို ရိပ်မိသိရှိလေလျှင် ဆင်ဖြူမရှင်မိဖုရားကြီးထံတွင် တစ်ဖန်ဝင်ပြီး “ဘုရင်မင်းမြတ် ရွှေဘိုကို မထွက်တော်မူရအောင် တားတော်မူပါဘုရား“ ဟုအနည်းနည်း အဖုံဖုံ၊ လျှောက်ထား ဖြားယောင်းပြန်လေ၏။ ထိုအခါ သားမတ်တော် မင်းတရားကြီးထံထွက်တော်မူပြီး “ရွှေဘိုကို မထွက်ပါနှင့်၊ သမီးတော်များကလည်း ငယ်သေးသည်။ နှမတော်ကလေးလည်း မကျန်းမမာ၊ ကိုယ်ဝန်အရင့်အမာနှင့် လမ်းမှာ ဒုက္ခရောက်ကြလိမ့်မည်။ အင်္ဂလိပ်များ တက်လာသည်မှာ ဘာမျှ စိုးရိမ်ဖို့ မရှိ၊ အလိုရှိရာ တောင်းဆို စာချုပ်ပြီး ပြန်ကြပါလိမ့်မည် အမှန်ပါ“ ဟု ကင်းဝန်မင်းကြီး လေပေါက်အတိုင်း မိန့်ဆိုတော်မူရာ၊ သီပေါမင်းတရားမှာ ယောက္ခမတော် မိဖုရားကြီးအား ငယ်ကြောက်ဖြစ်သည့်အတိုင်း ဆိတ်ဆိတ်နေ၍ စဉ်းစားနေဆဲ၊ ကင်းဝန်မင်းကြီးလည်း အတွင်းတော်မှ ထွက်ခဲ့လေ၏။ အပြင်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် “ရှင်ဘုရင် ရွှေဘိုသို့ ထွက်တော်မမူ၊ ဆင်မြင်းပစ္စည်းအားလုံးကို သိမ်းလိုက်ကြ၊ နောက် အငါ့ အမိန့်မရှိလျှင် မည်သူမျှ နန်းတော်ကို အ၀င်အထွက် မရှိစေရ“ ဟုပြောဆိုလိုက်သောကြောင့် ထွက်မည့်ဆဲဆဲ ကိစ္စမှာ ပျက်ပြန်လေ၏။
နန်းတော်မှ သဘောင်္သို့
ဘုရင်မင်းမြတ်မှာ ထိုစဉ်အခါက ငယ်သူဖြစ်၍ မည်ကဲ့သို့ ဖြစ်ပျက်လိမ့်မည်ကို ကြိုတင်မစဉ်စား၊ မဆင်ခြင်နိုင်ဘဲ သူပြော ဟုတ်နိုးနိုး ငါပြော ဟုတ်နိုးနိုးနှင့် ယောင်တီးယောင်တ အကြံမရ ဖြစ်နေရရှာတော့သည်။ ထို့ကြောင့်လည်း အင်္ဂလိပ် စစ်သဘောင်္များ နေပြည်တော်သို့ နီးကပ်လာသောအခါ၌ ပြင်သစ်ကိုယ်စားလှယ်က ဘုရင်မင်းမြတ်အား “အင်္ဂလိပ်များ နန်းကို မသိမ်းနိုင်ရန် ဒေါင်းလံနှင့် ပြင်သစ်အလံ ယှဉ်တွဲ၍ နန်းတော်မှာ တင်တော်မူပါ၊ သို့မဟုတ် ကျနော်မျိုးတို့ ပြင်သစ်ဝင်းထဲကို ထွက်တော်မူပါ ဘုရား“ ဟုတင်လျှောက်သည်ကိုပင် လိုက်နာခြင်းမရှိ၊ ထိုအကြောင်းကို ကင်းဝန်မင်းကြီး သိပြန်သော အခါ ပြင်သစ်ကိုယ်စားလှယ်မှာ နောက်ထပ်နန်းတော်သို့ ၀င်ခွင့်မရဘဲ ရှိရတော့၏။
ဆီးဘန်နီ ဆရာတော်ဘုရား၏ ရတုတွင် ပါသည့်“ကုလားနိုင်ငံ လွှဲပြောင်းစံရှင့်“ ဟူသော ကိန်းဆိုက်ရလေအောင် ဖန်တီးလာသော ကံကြမ္မာသည် ၁၂၄၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်တွင် အစွမ်းကုန် တန်ခိုးပြလေတော့၏။ အကြောင်းမူကား ထိုနေ့တွင် အင်္ဂလိပ်စစ်သဘောင်္များ ရွှေမြို့တော်ဆိပ်ကမ်းသို့ ဆိုက်ကပ်မိသောကြောင့်ဖြစ်၏။ ထိုအခါ ကာနယ်ဆလေဒင်သည် လက်နက်မပါ တစ်ကိုယ်တည်း နန်းတော်ဝင်လာပြီး သီပေါမင်းတရားအား…..
“စိုးရိမ်ကြောင့်က ဖြစ်တောမမူပါနှင့် ဘုရား၊ ကျနော်မျိုးများသည် နက်ဖြန်အပါးတော်ဝင်ပြီး အလိုရှိရာ တောင်းဆို စာချုပ်၍ ပြန်ပါမည်“ ဟု လျှောက်တင်၍ ပြန်သွားလေ၏။ ထိုသို့ ကာနယ်ဆလေဒင် လျှောက်တင်ချက်စကားမှာ ကင်းဝန်မင်းကြီးအထက်က တင်လျှောက်ချက်နှင့် ထပ်တူထပ်မျှ ဖြစ်နေ၍ အင်္ဂလိပ်တို့အကြောင်းကို မသိသော သူတို့၏စိတ်ထဲတွင် ဟုတ်ကောင်းဟုတ်ပေလိမ့်မည်ဟု ထင်မှတ်ဖွယ်ရာ ရှိပေ၏၊ သို့သော်လည်း နောက်တနေ့တွင် အင်္ဂလိပ် စစ်သဘောင်္ပေါ်သို့ ဘုရင်နှင့် မိဖုရားတို့ ရောက်နေခြင်းကို တွေ့မြင်ရခြင်းအားဖြင့် ကာနယ်ဆလေဒင်၏ လျှောက်တင်ချက်စကားမှာ မလိမ့်တပတ် လျှောက်ထားချက်မျှသာ ဖြစ်ကြောင်း ထင်ရှားပေတော့၏။
ကာနယ်ဆလေဒင် ပြန်သွားပြီးနောက် နောက်တနေ့တွင် ကုလားစစ်သား၊ အင်္ဂလိပ်စစ်သားတို့သည် မြို့တော်ကြီးကိုလည်းကောင်း၊ အတွင်းသစ်တပ်ကို လည်းကောင်း၊ နန်းတော်ကြီးကို လည်းကောင်း အသီးသီး ၀ိုင်းကြလေ၏။ သို့ရာတွင် ကင်းဝန်ဂိုဏ်းမှ အပ ဘုရင်နှင့်တကွ ရိုးလှသော မြန်မာတို့သည် အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို အပြီးသတ် သိမ်းယူကြောင်း မရိပ်မိရှာကြသေးပေ။ တကယ်ပင် စာချုပ်ရအောင်လာသည်ဟု ကာနယ်ဆလေဒင်၏ စကားကို ယုာံကည်နေသေးသော ဘုရင်မင်းမြတ်သည် “ဥယျာဉ်တော်ကို ခေတ္တခဏသာ ရွှေ့ဆင်းတော်မူပါ ဘုရား၊ နောက်စာချုပ် ချုပ်ပြီး အရှင်နန်းမတော်ဘုရားလည်း နန်းတော်ကြီးမှာပင် မီးရှူးသန့်စင်တော်မူပါဘုရား“ ဟု ဆလေဒင် လျှောက်တင်စကားကို ကြားရလျှင် ဘုရင်မင်းမြတ်က “ဆလေဒင် မနေ့က စကားတမျိုး၊ ယနေ့ စကားတမျိုးပါလား“ ဟု မိန်တော်မူရာ “ခေတ္တပါဘုရား“ ဟုသာ ဆလေဒင်က တင်လျှောက်လေ၏။ “မင်းကြီး ဘယ်နှယ်ရှိစ“ ဟု အနားတွင် ခစားနေသော ကင်းဝန်မင်းကြီးအား မိန့်တော်မူသော်လည်း ကင်းဝန်မှာ မည်သို့မျှ မတင်မလျှောက်ဘဲ ၀ပ်ပြားလက်ယှက်၍သာ နေတော့၏။
မငြင်းဆန်သာဘဲ ဥယျာဉ်တော်သို ရွှေ့ဆင်းရပြီးနောက် နံနက်စာပွဲတော် တည်ပြီးလျှင် ဆလေဒင် ပြန်ရောက်လာပြီး “ရေဆိပ်သဘောင်္ပေါ် ဆင်းတော်မူပါအဘုရား၊ ခေတ္တလိုက်တော်မူပါ ဘုရား၊ ဆွေတော်မျိုးတော်များကိုလည်း အရှင်ကြည့်ရှုသကဲ့သို့ ကျနော်မျိုးများ ကြည့်ရှုစောင့်ရှောက်ပါမည်“ ဟုလျှောက်ထားသောအခါမှ ရေတိမ်တွင် နစ်ကြောင်းသိရှိရလေတော့၏။ ထိုအခါမှ “ဘယ်နှယ်တုန်း ဆလေဒင် စကားမမှန်ပါတကား“ ဟုသာ စိတ်အားပျက်စွာနှင့် ဘုရင်မင်းမြတ်က မိန့်တော်မူလေရာ “ဘုရင်မကြီးဆီက ကြေးနန်းရောက်လို့ပါ ဘုရား ခေတ္တပါ“ဟု လျှောက်တင်သဖြင့်…..
“မင်းကြီးများ ကျုပ် ရန်သူလက်သို့ တဖြည်းဖြည်း ရောက်မှန်းမသိ ရောက်ရပြီ။ နောက် မင်းကြီးတို့နှင့် တွေ့ဦးမည် ထင်သေးရဲ့လား“ ဟု အမတ်ကြီးများအား သီပေါမင်းက အမိန့်တော်ရှိလျှင် တိုင်တားမင်းကြီးမှာ ဘုရင့်ခြေတော်စုံကို အတင်းဖက်၍ ကြူကြူချ ငိုရှာလေ၏။ ဆလေဒင်က ကိုင်ဆွဲထားရ၏။ ကင်းဝန်မင်းကြီးကား ခပ်မဆိတ် နေလေတော့၏။ စကားမှ မပြောဝံ့တော်ပြီ။
ထိုနောက် လူနာ၊ လူသေတင်သော ထမ်းစင်နှင့် ဘုရင်အား တင်ဆောင်ယူမည်ပြုရာ တိုင်းတာမင်းကြီးက ဗီရိုလှည်း နှစ်စီး ထုတ်ပေးသဖြင့် သီပေါမင်း၊ မိဖုရားနှစ်ပါး၊ ဆင်ဖြူမရှင်၊ ထိပ်စုဘုရားကြီး၊ သမီးတော်နှစ်ပါး၊ ပင်းယ မင်းသမီး၊ မိုးညှင်းမင်းသမီး၊ သုံးဆယ် မင်းသမီး တို့ပါ ဗီရိုလှည်း နှစ်စီးနှင့် တင်ဆောင်၍ ရေဆိပ်သို့ ခေါ်ဆောင်သွားပြီးလျှင် “သူရိယ“ အမည်ရှိ သဘောင်္ပေါ်သို့တင်ပြီး ဘေးနှစ်ဖက်က သဘောင်္နှစ်စင်းညှပ်၍ ထားလေ၏။ ကြက်ဌက်ငယ်ပမာ လှည့်စားခြင်းခံရ၍ လွယ်ကူစွာ ပါတော်မူရကြောင်းကို သိရှိကြသော မြို့တော်သူ၊ မြို့တော်သားတို့မှာကား ပူဆွေးငိုကြွေးခြင်းမှ တပါးအခြား မည်သို့မျှ မတတ်နိုင်တော့ပြီ။ ပူဆွေးငိုကြွေးခြင်းဖြင့် မျက်ရည်ခံထိုးကြသော်လည်း အကျိုးမထူး၊ ပကတူက အကြံလိမ်သည့်ဥာဏ်ကို ရိပ်မိတန်ကောင်းလျက် အကြောင်းမတန်ဖြစ်ရဟန်ကား မြန်မာပြည်နှင့် အမျိုးသားတို့၏ ကံအကြောင်းတရာဟုပင် ဆိုရမည်လော။ မဆိုထိုက်လေ။ ကင်းဝန်မင်းကြီး၏ အပြစ်ချည်းသာ လော။ ထိုသို့လည်း မဟုတ်။ အချုပ်ကား မြန်မာတို့ ကျွန်ဖြစ်ရသော အမူကြီးတွင်….
၁) တရားခံ ကင်းဝန်၊
၂) တရားခံ ဆင်ဖြူမရှင်၊
၃) တရားခံ မိဖုရား
၎) တရားခံ ရှင်ဘုရင် ဟုသာ ဤဆောင်းပါးရေးသူ ကျွန်ုပ် စွပ်စွဲချင်တော့သတည်း။။။။။။။။။
လေးစားလျက် တောင်ပေါ်သား
3 comments:
ဟင်.... ဒါဆိုလိပ်တွေက မလိမ့်တပတ်နဲ့ခေါ်
January 5, 2009 at 12:31 AMဖမ်းသွားတာပေါ့နော် သိပါဘူးဗျာ စစ်ရှုံးလို့
ဖမ်းဆီးသွားတာလို့ပဲ ထင်နေတာဗျ။
ဆက်ရေးဦးဗျ ကောင်းခန်းရောက်နေပြီ။
သမိုင်းတရားခံတွေလဲသိသွားပြီဗျာ။
တောင်ပေါ်သားလေးရေ---
January 5, 2009 at 4:20 AMနေမကောင်းလို့ အခုမှ လာလည်ဖြစ်တယ်--
ပိုစ့်လေးဖတ်သွားတယ်--
နှစ်သစ်မှာ ပျော်ရွှင်ပါစေ---
ဗဟုသုတ အများကြီးရတယ်။ ကျေးဇူးပဲဗျို့။
January 5, 2009 at 10:00 AMPost a Comment