Tuesday, December 2, 2008

နှစ်ကူး အတွေးများ

တဆောင်းကုန်လို့ နှစ်သစ်လာတော့မယ်
ဒီချိန်ဆို ကျနော်တို့ မြို့လေး အေးနေလောက်ပေါ့
မနက်ခင်း မြူတွေကြားက ပြေးလွှားနေတဲ့ ဈေးသည်တွေ
ဘ၀အတွက် ရုန်းကန်နေတဲ့ ရိုးသားတဲ့ တောင်ပေါ်သားတွေ
အော် အားလုံး လွမ်းမောစရာပေါ့

ဒီအချိန်ဆို ချယ်ရီတွေ ဝေပြန်ပြီပေါ့
တောင်တန်းတွေမှာ ပန်းရောင် ကော်ဇောကြီးခင်းထားသလား
တောတောင်တွေမှာ ထင်းရူးရနဲ့တွေ ပြန့်လွင့်နေပြီလား
ဒီလို လှပတဲ့ ရှမ်းတောင်တန်းတွေကိုလဲ မမြင်ရတာကြာနေပြီးပေါ့
မနက်ခင်း နှင်းတွေ တွဲခိုနေတဲ့ မြက်ကလေးရေ
မင်းကတော့ ပျော်နေရှာမှာပေါ့

တချက် တချက် မြင်ရတဲ့ နေ့လယ်ခင်း နေရောင်ရယ်
မင်းမရှိတော့လဲ ဘ၀တွေ ပျက်စီးသွားမှာပေါ့
ဘယ်လိုပဲ အေးချမ်းနေပါစေ မနက်အိပ်ရာထ အချိန်တော့
ငါတို့ မင်းကိုတောင့်တမိပါတယ်
အေးချမ်းတဲ့ ဆောင်းညလေးမှာ
အမေချက်တဲ့ ထမင်းနဲ့ ဟင်းစားပြီး
စောင်ထူထူထဲ ၀င်အိပ်ရတဲ့ တောင်ပေါ်ညလေးတွေပေါ့

ဒါမှမဟုတ်

ပျက်စီးနေတဲ့ ကမ္ဘာပေါ်မှာ ကျနော်ချစ်တဲ့ မြို့လေး
ဆောင်းဆိုတာ မရှိ မြူနှင်းတွေ ကွယ်ပျောက်ပြီး
အတိတ်က လွမ်းမောဖွယ် အရိပ်တွေ ကွယ်ပျောက်နေပြီလား
အေးချမ်းလှတဲ့ ကျနော်မြို့လေး
ပူလောင်မူတွေ ကျရောက်နေပြီလား

ချယ်ရီတွေ ဝေနေရမဲ့ အချိန်မှာ
သစ်ခိုးခုတ်တဲ့ လူတစ်ချို့….
မီးတိုက်သွင်းတဲ့ လူတစ်ချို့ကြောင့်
ချယ်ရီတွေ ပျောက်နေပြီလား
ထင်းရူးရနံ့တွေ ပျောက်ကွယ်နေပြီလား
တောင်ကတုံးတွေ အဖြစ်ကျရောက်နေပြီလား

ရိုးသားတဲ့ တောင်ပေါ်သားတွေ
ဘ၀အတွက် စားဝတ်နေရေးအတွက်
ရိုးသားမူကို မစောင့်ထိန်းနိုင်တော့ဘူးလား
ဘာတွေ ဘယ်လိုဖြစ်ဖြစ်
ကျနော်မြို့လေးဟာ ကျနော်ရင်ထဲမှာ

တောင်ပေါ်သား

6 comments:

Welcome said...

မြစိမ်းတောင် တောင်ခပန်းက ချယ်ရီတွေလည်း မပွင့်နိုင်တော့ဘူး။ ကျိုင်းတုံ လွယ်မွေမှာတော့ ချယ်ရီပင်တွေ အများကြီး ရှိသေးတယ်။ ချယ်ရီပင်တွေတော့ ကလောနဲ့ ဟဲဟိုးကြားမှာတော့ အတော့ကို များတယ်ဗျ။
ကဗျာလေးကိုခံစားသွားတယ်။ ရွာကိုလည်းလွမ်းတယ်..
http://winzaw-mdy.blogspot.com

December 2, 2008 at 1:22 PM
မသက်ဇင် said...

နှစ်ကူးအတွေးကဗျာကောင်းလေးတပုဒ်ကို-----
လာဖတ်တယ်---
ပျော်ရွှင်ချမ်းမြေ့ပါစေ---

December 2, 2008 at 1:48 PM
Anonymous said...

တောင်ပေါ်သား.. နှစ်ကူးအတွေးလေး လာဖတ်သွားပါတယ်..။ ကျွန်တော်လည်း တော်တော်လေးခံစားနေရတယ်ဗျာ.. :(

December 2, 2008 at 2:12 PM
ခေါင်ခေါင် said...

တူတူ လာလွမ်းကူသွားပါတယ်...
ဘာတွေပဲ ဖြစ်ဖြစ် ဘယ်လိုပြောင်းလဲပြောင်းလဲ...
ဒီမြို့လေး နဲ့ဒီဒေသလေးကို ချစ်စိတ်ကတော့ မပြောင်းလဲဘူး
ဟုတ်တယ်မလား..တူတူပဲ ခေါင်ရောပဲ...

December 2, 2008 at 8:01 PM
တောင်ပေါ်သား said...

ကဗျာလေးကို လာရောက်ကူပြီး လွမ်းသွားတဲ့ ညီအကိုမောင်နှမများ ကျေးဇူးအထူးပါဗျာ.....

December 3, 2008 at 9:13 AM
Anonymous said...

ရှမ်းပြည်တော့ ရောက်ဖူးတယ်ရှိအောင်လာလည်ဦးမယ်ဗျာ။
ဇာတ်လမ်းတွေလဲရှိတယ်ဗျ ဟိုးငယ်ငယ်ထဲက
တွေ့ခဲ့တဲ့ရှမ်းမလေးကို အခုထိမမေ့သေးဘူးဗျာ
ရန်ကုန်မှာတွေ့ခဲ့တာပါ။

December 8, 2008 at 12:22 PM