Tuesday, September 30, 2008

ဖြစ်တတ်တဲ့ သဘောလေး

လူတွေလူတွေ တော်တော်ကို တရားကျဖို့ ကောင်းလှပါလားနော့်.. လူတွေဟာ ဘာလို့ ကိုယ်ဖက်ကို ယှက်တဲ့ လိပ်လို အမျိုးအစားထဲမှာ ပါနေတယ်မသိဘူး..လူတစ်ချို့ဟာ တကိုယ်ကောင်း ဆန်ကြတယ်.. လူတစ်ချို့ဟာ ငါဆိုတဲ့ အတ္တကိုရှေ့တန်း တင်ကြတယ်… လူတစ်ချို့ဟာ ကိုယ်ထက် အဆင့်နိမ့်တဲ့လူတွေကို မညှာမတာ ခိုင်းကြတယ်..လူတစ်ချို့ဟာ ငါမိသားစု ကောင်းစားရင်ပြီးရော ဆိုတဲ့ အတ္တစိတ်တွေထားကြတယ်… လူတစ်ချို့ဟာ သူငယ်ချင်းမပီသကြဘူး.. လူတစ်ချို့ဟာ စိတ်ဓါတ်တွေ ပြိုလဲ အောက်ကျနေတယ်.. ဒီလူတစ်ချို့ထဲမှာ ကျနော်ကော ပါနေပြီးလား.. တခါတလေ စဉ်းစားမိတယ်ဗျာ..


သူတပါးတိုင်းပြည်ကို ရောက်လာမှ လူတွေရဲ့ ဘ၀အပေါ် ဖြတ်သန်းကြပုံတွေကို ကြည့်ပြီး စိတ်တော်တော်ပျက်မိပါတယ်… ကိုယ်တိုင်းပြည်မှာတုန်းက သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး အချိန်ဖြုန်းခဲ့တာလေးတွေကို သတိရမိပါတယ်… လူတွေဟာ လိုအပ်ရင်တမျိုး မလိုရင်တမျိုးနဲ့ ဆက်ဆံတတ်ကြပါတယ်.. ဒီလိုလူမျိုးတွေကို ဘယ်လိုခေါ်မလဲ… လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတဲ့စကားဟာ အရမ်းကိုမှန်ပါတယ်.. ဒီလိုလူတွေကို ဘယ်လိုပေါင်းစပ်ကြမလဲ…ဘယ်လို ဒီစိတ်ဓါတ်တွေကို ပြုပြင်မလဲ.. ကဲ ကျနော် တောင်ပေါ်သားလည်း မေတ္တာလေး ခံယူတော်မူမယ်ဗျာ.. အခုရေးသားလေးက ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုတဲ့ စိတ်နဲ့ရေးတာ မဟုတ်ပါဘူး.. ဖြစ်နေကြ တွေ့နေကြ အဖြစ်လေးတွေကို ရေးလိုက်တာပါ..



ကျနော်ဟာ ဘလော့စ်ဂါဆိုတဲ့ အရာကို စိတ်ဝင်စားတာမကြာသေးပါဘူး.. အလွန်ဆုံးရှိလှ (၆) လလောက်ပဲ ရှိပါသေးတယ်.. ဒါပေမဲ့ ဘလော့စ်က ပေးတဲ့ သင်ခန်းစာတွေ ၊ အတုယူစရာ ၊ မှတ်သားစရာတွေအများကြီးရလိုက်ပါတယ်.. တကယ်တမ်း မှန်တာကို ၀န်ခံရရင် ဘလော့စ်ကာဆိုတာကြီးကို ကျနော် အထင်မကြီးပါဘူး.. ကျနော်လည်း ဘလော့စ်ကာဆိုတဲ့ နာမည်ကြီးကို မကြိုက်နှစ်သက်ပါဘူး.. တစ်ကယ်ကျနော် ကြိုက်မိတဲ့ အရာလေးဟာ ကိုယ်ရဲ့ ကိုယ်ပိုင် ခံစားချက်တွေကို ဒီဘလော့စ်စာမျက်နှာလေးပေါ်မှာ တင်ခွင့်ရတယ်.. ကိုယ်ရဲ့ ၀ါသနာပါတဲ့ စာပေ၊ ကဗျာတွေကို တင်ခွင့်ရတယ်.. ဒါလေးကို ကျနော် အရမ်းသဘောကျပါတယ်…


ပထမဆုံး ကျနော်ဒီရောက်တော့ အင်တာနက်ကို ကောင်းကောင်းမွှေဖြစ်ပါတယ်. ဒီမှာ ကျနော် အစ်ကိုကိုဈာန် နဲ့ စတွေ့ပါတယ်.. သူနဲ့ Online ပေါ်မှာ ခင်မင်မိရာကနေ သူရဲ့ အရေးအသားလေးတွေကို တော်တော်ကို ကြိုက်နှစ်သက်မိပါတယ်... ဒီလိုနဲ့ ကျနော် ဒီဘလော့စ်လောကကြီးထဲကို ရောက်လာတာပါ… အစစ အရာရာ ကိုဈာန်က လိုက်လုပ်ပေးပါတယ်.. ကျနော်ရဲ့ ဘလော့စ် အသွင်အပြင်လေးကောပေါ့.. တကယ်တမ်း စီနီယာ ဘလော့စ်ဂါတွေရဲ့ စိတ်ဓါတ်တွေကို ကျနော် အရမ်းလေးစားပါတယ်.. ဘယ်လိုအချိန်မှာပဲ ဖြစ်ဖြစ် သူတို့ရဲ့ အားပေးတဲ့ အသံ၊ သူတို့ရဲ့ အရေးအသားတွေဟာ ကျနော်တို့လို ဂျူနီယာသမားတွေ အတွက် အားဆေးတခွက်လို့ ပြောရင် မှားမယ်မထင်ပါဘူး… သူတို့ရဲ့ ရင့်ကျက်တဲ့ အတွေးးအခေါ်တွေဟာ ကျနော်တို့ လိုက်နာသင့်တဲ့ အချက်တွေပါပဲ..


အခုကျနော်မြင်မိသလောက်ကတော့ ကျနော်တို့ ဂျူနီယာတွေက အားနေရင် တစ်ယောက်နဲ့ တစ်ယောက် ရန်စောင်နေကြသလိုပါပဲ..အားလုံး စည်းစည်းလုံးလုံးလေးနဲ့ လက်တွဲသွားကြရင် ကျနော်တို့ ရည်မှန်းတဲ့ မျှော်မှန်းချက်လေးတွေ ပြည့်လာမှာပဲလို့ ကျနော် ခံယူပါတယ်… အခုဟာက နဲနဲမကြားလိုက်နဲ့ သွားကြည့်လိုက်ရင် ကျနော်တို့လူငယ်တွေပဲ ဖြစ်နေပါတယ်.. တကယ်တမ်း ကျနော်တို့ အများကြီး လုပ်စရာတွေ လိုအပ်နေပါသေးတယ်.. ဘလော့စ်ဆိုတာ ကိုယ်ရဲ့ ခံစားချက် ၊ စိတ်ခံစားမူလေးကို အစစ်အဆေး မရှိ တင်ခွင့်ရတယ် ဆိုတာ ရာခိုင်နှုန်းအပြည့်မှန်ပါတယ်.. ဒါပေမဲ့ ဒီခံစားချက်လေးတွေကို ဖော်ပြလိုက်မိရင် ကိုယ်အတွက် စိတ်ဖိစီးမူတွေ အထိုက်အလျှောက် ပျောက်သွားပေမဲ့ အခြားဘက်မှာ ဒီလိုလုပ်လိုက်ရင် ကောင်းပါ့မလား၊ ဖြစ်သင့်သလား စဉ်းစားစေချင်ပါတယ်..


အထက်က ပြောသလို ကျနော်တို့ စာတွေကို လာဖတ်တဲ့ Comment / Cbox မှာ အော်သွားတဲ့ စာဖတ်ပရိသတ်တွေကို လေးစားရပါမယ်.. ဘလော့စ်ကာမောင်နှမများကို လေးစားရပါမယ်.. ဒီစာဖတ်ပရိသတ်တွေထဲမှာ လူအမျိုးမျိုး စိတ်အထွေအထွေဆိုသလို ကောင်းတာရော ၊ ဆိုးတာကော ပါပါတယ်.. ဒါပေမဲ့ သူတို့ဟာ ကျနော်တို့ ဘလော့စ်လေးကို လာရောက်တယ်ဆိုကတည်းက အနဲဆုံးတော့ သူတို့ကို အသိအမှတ်ပြုရပါမယ်.. ဒီမှာ ဘာမြင်ရသလဲဆိုတော့ မကောင်းတာ(ကိုယ်သဘောမကျတဲ့ အရေးအသားလေး) တွေ တွေ့တာနဲ့ ရန်ထဖြစ်တော့တာပါပဲ.. ဒါဟာ လုံးဝမဖြစ်သင့်ပါဘူးဗျာ.. နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဘလော့စ်တွေဆိုရင်တော့ ဖြစ်သင့်ပါတယ်.. သူတို့လည်း သူတို့ခံယူချက်နဲ့ ကျိုးပမ်းနေကြတာလေ.. ကျနော်တို့လို ရသအသာပေး ဖော်ပြတဲ့ ဘလော့စ်တွေကတော့ ဖြစ်နိုင်ရင် ဒါကို ရှောင်းကျဉ်းသင့်တယ်လို့ ကျနော်ထင်ပါတယ်..


စာဖတ်ပရိသတ်က ကိုယ်အရေးအသားကို ကြည့်ပြီးဆုံးဖြတ်မှာပဲလေ.. မကောင်းတာတွေ တွေ့ရင်မကောင်းဘူးပြောမှာပဲ.. ကောင်းတာကို တွေ့ရင်လဲ ချီးကျူးမှာပဲ ဒါဟာ ဓမ္မတာပါပဲ.. ဒါကို ကျနော်တို့ လက်ခံနိုင်ကြရမှာပါ.. အစကတည်းက ကျနော်အပါအ၀င် ဘလော့စ်အားလုံးနီးပါးဟာ အချိန်ကုန်၊ ငွေကုန်ပြီး ဘလော့စ် လုပ်နေတာ ပိုက်ဆံရလို့ မဟုတ်ပါဘူး.. အားလုံးရဲ့ ရင်ထဲ ၊ နှလုံးသားထဲမှာ ကိုယ်ရဲ့ ၀ါသနာ၊ ခံစားချက်တွေကို သူများတွေကို ဖော်ပြချင်တာပါပဲ.. ကိုယ်က ဖော်ပြလို့ သူများတွေက တုန့်ပြန်ချက် ကောင်းကောင်းလေးပေးရင် ပျော်ကြတယ်… ဒီတော့ရှေ့ကို ဆက်လှမ်းနိုင်ကြတယ်.. အဲ သူများတွေက တုန့်ပြန်ချက်လေး ဆိုးသွားရင်တော့ ဘာဖြစ်တယ်လေး၊ ညာဖြစ်တယ်လေးနဲ့ ပြောတော့တာပါပဲ ဒါဟာ ဘာလဲဆိုတော့ အထက်က ပြောခဲ့သလို ငါဆိုတဲ့ အတ္တစိတ်တွေ များနေတယ်လို့ ကျနော်ထင်ပါတယ်..


အဲနောက်တစ်ခုက တခါတလေ ကိုယ့်ကို မလိုတဲ့လူတွေလဲ ရှိမှာပါပဲ.. ဒီတော့ သူတို့ရဲ့ အကောင်းဆုံး နည်းလမ်းက ဘာလဲဆိုတော့ Comment(or) Cbox မှာ သူများနာမည်၊ လင့် တွေနဲ့ လာအော်တာပါပဲ.. ဒီမှာဘာဖြစ်သလဲဆိုတော့ ငါကိုတော့ဖြစ် သူကဒီလိုပြောတယ်.. သူခါကျတော့ ဘာဖြစ်တယ်နဲ့ ရန်တွေ့ကြပြန်ရော ဖြစ်သင့်တာက စိတ်ရှည် သည်းခံပြီး နေလိုက်ရင် ဘာဆိုးကျိုးမှ ဖြစ်လာနိုင်စရာ မရှိပါဘူး.. အလွန်ဆုံး သည်းခံနိုင်စွမ်း ကုန်လာရင် သက်ဆိုင်သူနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး ဖြေရှင်းလိုက်ရင် ပြီးသွားမှာပါ.. အခုဟာက ဘလော့စ်ပေါ်ကနေ အော်နေ ဟစ်နေကြတာ ကြားက ကိုယ်ကို မလိုတဲ့သူတွေကတော့ အပျော်ကြီးပျော်နေတာပေါ့.. ဒါလဲ ကျနော် မြင်တဲ့ အချက်လေးတစ်ခုပါ..


နောက်ဆုံး ကျနော်အဆုံးသတ်လို့ ရတဲ့ Result ကတော့ ကျနော်တို့လူငယ်တွေဟာ စီနီယာဘလော့စ်ကာတွေ စောင့်ထိန်းလာတဲ့ ကျင့်ဝတ်တွေ၊ စည်းကမ်းတွေကို ဖျက်မိနေသလိုပါပဲ.. ကျနော်ကို ဘလော့စ်ကာတွေရဲ့ ကျင့်ဝတ်လာမေးရင် ကျနော်တကယ် မသိပါဘူး.. ကျနော်သိတာတစ်ခုကတော့ ကျနော်တို့ဂျူနီယာ ဘလော့စ်ကာတွေဟာ ပြသာနာ တစ်ခုခုဖြစ်လာရင် အကောင်းဆုံးနည်းလမ်းနဲ့ မဖြေရှင်းတတ်ဘူးဆိုတာပဲ.. ရှေးကစီနီယာတွေ မြန်မာဘလော့စ်လောကကြီး နာမည်ကောင်းရအောင် ဘယ်လိုလုပ်သွားလဲ ဒါကို စမ်းစစ်သင့်ပါပြီး.. အခုလဲ ကျနော်ဆီကို ဆူမဲ့စာတွေ ရောက်လာမယ်လို့ ကျနော်တော့ ထင်တာပဲ.. ဟဲဟဲ ကျနော်ကတော့ စောင့်ကြိုလျက်ပါ..
ကျနော်ကတော့ ဒီဖက်နားက၀င်ရင် ဟိုဖက်နားက ထုတ်ပစ်လိုက်တာပဲ (ကောင်းတာမပါ ဆိုးတာအားလုံးကိုပြောတာဗျို့)


တောင်ပေါ်သား

20 comments:

ခေါင်ခေါင် said...

ဟုတ်တယ် အစ်ကို ပြောတာ မှန်တယ်..
ခေါင်တို့က အဲလိုမပြောတတ်လို့ အစ်ကို..
ကြားရတာတွေ မြင်ရတာတွေ
တစ်ကယ် စိတ်မကောင်းတာ..

September 30, 2008 at 11:13 PM
Dr. Nyan said...

ကိုတောင်ပေါ်သားရေ၊ တောင်ကြီးသားချင်းတွေ့ရတာဝမ်းသာတယ်ဗျာ။ အခုမှရောက်ဖူးတာပါ။ အတွေးအခေါ်တွေအရမ်းမြင့်တယ်။ ဒီပို့စ်လေးကို
ကျွန်တော့်ဘလော့မှာ တင်ပြပေးချင်လို့ တင်ခွင့်ပြုနိုင်ပါမလားခင်ဗျား။

September 30, 2008 at 11:18 PM
WWKM said...

မောင်လေး စိုးမင်းထိုက်..
အမ လာဖတ်သွားပါတယ်နော်။ ဒီပို့စ်လေး က အရေးအသား ရော၊အတွေးအခေါ်ပါ အလွန် ကောင်းပါတယ်။ ဘလောဂါလောကသူတွေအားလုံး ဖတ်သင့်တဲ့ ပို့စ်ကောင်း လေးတစ်ခုပါ မောင်လေး ရေ။ ကျေးဇူးတင်ပါတယ်။

September 30, 2008 at 11:23 PM
ဗီလိန် said...

အင်း... ကျနော်ကတော့ ဗီလိန်ပဲ။ သူများကိုဒုက္ခမပေးရရင် ဗီလိန်မပီသတော့ဘူးဖြစ်မှာပေါ့ဗျ။ ဟဲဟဲ။
စတာပါဗျာ။
ကျနော် ဟောဒီ ဘလော့ ဆိုတာကြီးကိုစလုပ်ကတည်းက ရေးခဲ့သမျှစာတွေ၊ ကော်မန့်တွေ၊ ဆီဗုံးတွေ အကုန်လုံးက ရိုးသားစွာနဲ့ ပြောခဲ့သလို ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေတဲ့ စိတ်တွေမရှိပါဘူး။ အားလုံးကိုလည်း မရှိစေချင်ပါဘူး။ ကျနော်ပြောမှားဆိုမှားရှိရင်လည်း ပျော်စေချင်ရုံလေးတစ်ခုကြောင့်မလို့ နားလည်ခွင့်လွှတ်ပေးကြပါလို့ ကိုတောင်ပေါ်သားလေးရဲ့ပို့စ်နဲ့ အတူ တောင်းပန်ခွင့်ပေးပါ။

September 30, 2008 at 11:49 PM
flowerworld said...

ကိုစိုးမင်းရေဒီပို့စ်လေးက တကယ်ကိုဖတ်သင့်တဲ့ပို့စ်တစ်ခုပါပဲ
မီးလေးလဲဘလော့ခ်ရေးတာဘလော့ခ်စည်းမျဉ်း တွေဘာတစ်ခုမှနားမလည်ပါဘူး ကိုယ့်ရဲ့ခံစားချက်လေးတွေချရေးမိတာတစ်ခုပါပဲ မီးလေးရေးတာအမှားများပါခဲ့ရင်လဲ မီးလေးဆီလာလည်တဲ့သူတွေ နားလည်ပေးနိုင်မှာ ပါ...ဟဲဟဲ ခင်မင်လျက်

October 1, 2008 at 1:05 AM
Anonymous said...

စာလာဖတ်ပါတယ်ခင်ဗျ .. ဘလော့ ရေးသူတိုင်း သတိထားရမယ့် အချက်တွေပါပဲခင်ဗျာ ..
ကိုတောင်ပေါ်သားပြောတာ မှန်ပါတယ် ..
ငြိမ်းချမ်းစွာနဲ့ ရသ သုတ စာပေလေးတွေကို ဆက်လက်ရေးသားနိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျာ :)

October 1, 2008 at 3:35 AM
သံလွင် HeRo said...

ဗျိုးကိုကြီးတောင်ပေါ်သား...ကျနော်လည်းအခုမှပျော်စရာကောင်းတဲ့
ဘလော့လောကထဲကိုရောက်ခါစ၂ပတ်သားပဲရှိသေးတဲ့ဂျုနီယာ့ဂျူနီယာ
လေးပါခင်ဗျား...အခုလိုမျိုးမှတ်သားဖွယ်.ဆင်ချင်ဖွယ်ကောင်းတဲ့ပို့စ်လေး
ကိုတင်ပြပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတင်ဗျ။ဘလောဂါအစ်ကိုတို့.အစ်မတို့.ဦးဦးတို့.ဒေါ်ဒေါ်တို့ကိုလည်းတကယ့်ကိုလေးစားသံယောဇဉ်ဖြစ်
မိနေပါပြီ.ကျနော်မလိမ္မာ.ပြောမှား.ဆိုမှားရှိရင်လည်းအစ်ကိုတို့အစ်မတို့
အကုန်လုံးဆိုဆုံးမနိုင်ပါတယ်ဗျား။ရေမြေခြားဝေးနေကြပေမဲ့လည်း
စုစုစည်းစည်း.ချစ်ချစ်ခင်ခင်ကျနော်တို့ရဲ့မြန်မာဘလော့လောက.ကလေးဆက်လက်ရှင်
သန်ပါစေလို့....

October 1, 2008 at 5:51 AM
ဆန်းဝင်း said...

အင်း..အမြင်ခြင်းတူတယ်ဗျ.. ပြတ်သားတဲ့ ဝေဖန်ချက် ကို ကြိုက်တယ်. အချိန်ကုန် ငွေကုန်ခံပြီး ၀ါသနာအရင်းခံ စေတနာထား ကြတာလေ၊ အကျိုးလည်းရှိပါတယ် လက်တွေ့ ကျွန်တော်တော့ မသိတာတွေသိရတယ်၊ သတင်းအချက်လက်တွေပေါ့၊ မြန်မာစာပြန်ပြီး သားရယ် အတွေ့ကြုရယ်..အရမ်းတန်ဖိုးရှိပါတယ်. ဒီတော့ အစဉ်လာ ကောင်းကို ဆက်လက် ထိန်းသိမ်းဖို့ တာဝန်ရှိတယ်ဗျ. ဘယ်သူက ပေးတဲ့ တာဝန်မှမဟုတ်ပါ ဘူး.. ကိုယ်တိုင်ခံယူတဲ့တာဝန်ပါ. (စည်းကမ်း ဆိုတာ ချမှတ်ထားမှ မဟုတ်ပါဘူး၊ လူနဲလူ့ပတ်ဝန်းကျင် မှာ လူရယ်လို့ဖြစ်လာရင် ဆောင်ရန် ၊ ရှောင်ရန်တွေ သဘာဝက သင်ပေး ပြီးသားပါ၊ အတ္တစိတ်ကြောင့် မြင်ရက်နဲ မမြင်၊ သိရက်နဲ မသိ တွေဖြစ်နေကြတာ၊ ကိုယ့်ဘာသာ ပြန်လိမ်နေကြတာပါဗျာ)

ဆန်းဝင်း (ကျောက်ပန်းတောင်း)

October 1, 2008 at 10:47 AM
Dream said...

ဦးဦးတောင်ပေါ်တားရေ..
ဘလော့လောကမှာဖြစ်တတ်တဲ့သဘောလေးတွေကို
ရေးသားထားတာအင်မတန်ကောင်းတဲ့post လေးပါပဲ။ တကယ်တော့ဘလော့ကာတိုင်းဒီပိုစ်
လေးကိုဖတ်ပြီးလိုက်နာကြမယ်ဆိုရင်အင်မတန်ကို
ဘလော့လောကကြီးလှပလာမှာပါ..။အချင်းချင်းတိုက်ခိုက်မှု
တွေမပြုဘဲဘလော့မှာကိုယ်ပိုင်ခံစားချက်တွေကိုလွတ်လွတ်
လပ်လပ်ချရေးကြတဲ့ဘလော့ကာတွေတစ်ဦးနဲ့တစ်ဦးအားပေး
ကူညီပြီးလက်တွဲသွားနိုင်ကြရင်သိပ်ကောင်းကြမှာပါ။
မက်မက်လည်းဘလော့လောကထဲကိုရောက်တာမကြာသေးတော့
လိုအပ်တယ်ထင်ရင်ညွန်ကြားပေးပါ။ဝေဖန်ပေးပါလို့...နော်..နော်.

ဘလော့လောကကြီးအဓွန့်ရှည်ပါစေ။

Dream

October 1, 2008 at 11:27 AM
သက်တန့် said...

မောင်လေး စိုးမင်းထိုက်ရေ...
သတိပြုသင့်တာတွေ ဖြစ်တတ်တာလေးတွေကို ပြောထားတဲ့ တကယ်ကောင်းတဲ့ ပို့စ်လေးပါပဲ...
ကျေးဇူးတင်ပါတယ်... :)

စည်းကမ်းဆိုတာ ချမှတ်ထားတဲ့ စည်းကမ်းကျင့်ဝတ်မှ မဟုတ်ပါဘူး...
လိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ်လေးတွေကို ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ် လိုက်နာစောင့်ထိန်းတာသည်လည်း မိမိရဲ့တန်ဖိုးပါပဲ...

ဘလော့ဂ်ရေးတဲ့သူတွေ လိုက်နာသင့်တဲ့ ကျင့်ဝတ်တွေကိုလည်း ဝေမျှပါဦးနော်...

October 1, 2008 at 12:10 PM
ကိုရင်နော်ခင်လေးငယ် said...

ဖြစ်တတ်တဲ့ သဘောလေးကို
ိုတင်ပြပုံလေး အရမ်းကောင်းတယ်..
အရမ်းတော်ပါတယ် ကိုတောင်ပေါ်သားရေ..

October 1, 2008 at 12:26 PM
ဝေလေး said...

လာဆူပေးပါဆိုလို့ဘာများလည်းလို့အစ်ကိုရေ......
မှတ်သားသွားပါတယ်.......
ဘလော့လောကထဲရောက်တာမကြာသေးတော့ လိုအပ်တာရှိရင် ပြောပါ.. :)

October 1, 2008 at 1:54 PM
Anonymous said...

အတွေးအခေါ်ကောင်းလေးပဲဗျ။ ဘလော့ဂ်တွေညီညွတ်ကျပါစေ။

October 1, 2008 at 10:17 PM
ဇင်ယော် said...

ကိုတောင်ပေါ်သားရေ ဘလော့ရေးတဲ့ သူတွေအတွက် ဖတ်သင့်တဲ့  ပို့ စ်လေးပါဗျာ။ စေတနာရှိရှိနဲ့  အခုလို ရေးပေးတာ အားလုံးရဲ့ အကျိုးအတွက်ပါပဲ။ တစ်ဦးနဲ့ တစ်ဦး ဖေးမကူလို့  ဘလော့အချင်းချင်း ညီညွတ်ကြပါစေဗျာ။

October 2, 2008 at 3:34 AM
Anonymous said...

အရမ်းကောင်းတဲ့ ပို့စ်လေးပါပဲ..
မှတ်သားထိုက်တာကို မှတ်သားရတာပေါ့ဗျာ..

October 2, 2008 at 3:25 PM
puluque said...

brother ရေ..
ကျတော် ဘာမှပြောစရာမလိုအောင် အစ်ကိုတွေ အစ်မတွေ အားလုံးကပြောသွားကြပြီလေ။ အားလုံးက ညီညီညွတ်ညွတ်နဲ့ ရှေဆက်သွားကြမှာပဲလေ။

October 2, 2008 at 9:19 PM
GTHS (Putao) said...

ညီလေးစိုးမင်းထိုက်ရေ
အကိုလာဖတ်သွားပါတယ်။ ဘလော့လောကရဲ့အမြင်မတော်တာလေးကို
မီးမောင်းထိုးပြသွားတဲ့ ဒီပို့စ်လေးကို အကိုလေးစားမိပါတယ်.. တကယ့်
ကိုကြိုက်နှစ်သက်မိပါတယ်.. ဘလော့ဂ်ဂါအားလုံးရဲ့ အတ္တကို ဒီပို့စ်လေး
နဲ့ ခွာချနိုင်ပါစေလို့ ဆုမွန်ခြွေခဲ့ပါတယ် ညီရေ....

October 3, 2008 at 12:35 AM
GTHS (Putao) said...

ညီလေးရေ
ပန်းပျိုးလက်ဆိုတာ အကိုပါ ရေးနေကျ အကောင့်နဲ့ ၀င်ရေးလို့မရလို့
ကိုဥယျာဉ်မှူး
http://winminsan.isgreat.org

October 3, 2008 at 12:38 AM
ညီအကိုများ said...

ဘာပြောရမှန်းကိုမသိပါဘူးဗျာ...
ဘာပဲဖြစ်ဖြစ်ဗျာ. အစ်ကိုဒီပိုစ့်လေးရေးပြီးထောက်ပြပေးတာ ကောင်းတယ်ဗျို့.

မိုးကြယ်

October 3, 2008 at 12:43 AM
thonn thonn said...

အင်း..ရေးသင့်တယ်။ ဒါနဲ့ ဘလော့ကို ဘာလို့ စလုံးသံနဲ့ စာလုံးပေါင်းမှန်းနားမလည်ဘူး။ သတိထားမိတာတော်တော်ကြာပြီ..။ မေးမယ် မေးမယ်နဲ့ မမေးဖြစ်ဘူး။ Blog မှာ စသံ ပါတာလည်း မတွေ့ရပါဘူး။

October 3, 2008 at 10:46 AM