ညမီးကျီး အပိုင်း (၂)
ပို၍အန္တရာယ်ကြီးသည်ဟု ဆိုပါစို့။ အခုလွှတ်တင်နေကြသော မီးပုံးပျံများတွင် အမျိုးအစား နှစ်ခုကွဲပြား၏။ တစ်ခုက “စိန်နားပန်” ဟုခေါ်သော အလှချိတ်ဆွဲ တန်ဆာဆင်ရုံသက်သက်မီးပုံးပျံအမျိုးအစား။ နောက်တစ်ခုက “ညမီးကျီး”ဟုခေါ်သော မီးရှုးမီးပန်းဖောက်သည့် အမျိုးအစား။ စော၏ ယခုနှစ်ညသုံးည မီးပုံးပျံကြည့်ရသည့် အတွေ့အကြုံအရပြောလျှင်“ညမီးကျီး”မီးပုံးပျံက ပို၍စိတ်လှုပ်ရှားစရာကောင်းသည်။ သူကကောင်းကင်အမြင့်သို့ရောက်သောအခါ တစ်ဆင့်ပြီးတစ်ဆင့် အမျိုးအစားကွဲပြားစွာ လှပစွာပေါက်ကွဲပြလေသည်။ ဘေးပတ်ဝန်းကျင်လေထုထဲ အမှောင်ထုထဲသို့ တည့်တည့် ထိုးဖောက်ဖြာထွက်သော မီးရှူးမီးပန်းများကတစ်ဆင့် ထို့နောက်ငါးကလေးတွေ ရေမှာကူးလွန့်ကူခတ်သလို လှစ်ခနဲလှစ်ခနဲဖြာထွက်သော မီးရှူးများကဆင့်၊ထို့နောက် ခိုကလေးများ ပျံသန်းသွားသလို မီးရှူးမီးပန်းကလေးများ လေမှာဝေ့၀ဲပျံတက်ကာ လောင်ကျွမ်းစေသည့် ခိုပျံဟု အမည်ရသော ပေါက်ကွဲမှု အမျိုးအစားကလေးများက
တစ်ဆင့်၊ ကောင်းကင်သို့ တောက်ပသောမီးပုံးပျံကြီးတက်နေသည့်အချိန်အတွင်း နောက်ထပ်ဆင့်ကဲဆင့်ကဲ ရောင်စုံဖြာထွက်သောမီးရှူးမီးပန်းလှလှများ၏ ပုံစံအမျိုးအမျိုး၊ လှပဆန်းကြယ်မှုအမျိုးမျိုးကို စုစည်းရောနှောကာ
မြင်ရကြည့်ရသည်မို့ ပြည့်စုံစွာ စိတ်လှုပ်ရှားစေတတ်သည်။အဲသည် အဆင့်ဆင့်သော မီးရှူးမီးပန်းများကို စနစ်တကျလှပစွာ ပေါက်ကွဲအောင်တွက်ချက်ပြီး တပ်ဆင်ရသည့်အတက်ပညာကလည်းတော်တော်ချီးကျူးဖို့ကောင်းပါသည်။

“လေကြောင်းပြောင်းသွားပါတယ်ခင်ဗျား၊ ပရိသတ်များ သတိထားကြပါ၊ မီးပုံးပျံရဲ့အောက် တည့်တည့်မှာမနေကြပါနဲ့ခင်ဗျား”
မီးပုံးပျံကြီးသည် ဘေးတိုက်ရွေ့လျားလျက် အကဲဖြတ်လူကြီးများ ထိုင်ကြည့်ရာ ပွဲကြည့်စင်၏အနောက်ဘက်သို့ ယိမ်းထိုးပါသွားသည်။ လူတချို့ အော်ဟစ်ကာ ပြေးလွှားနေကြသည်။ မီးသတ်ကားသည် အဆင်သင့်စက်နှိုးကာ ကွင်းပြင်ဆီသို့ ဦးတည်ထားရာမှ စတင်မောင်းထွင်လေသည်။
“မီးသတ်ကားရဲ့ ရှေ့တည့်တည့်မှာ မနေကြပါနဲ့ခင်ဗျား၊လွတ်ရာသို့ ရွှေ့ပေးကြပါခင်ဗျား”
မီးပုံးပျံကြီးဆီသို့ အုန်းခနဲ ပေါက်ကွဲသံတစ်ချက်ကြားလိုက်ရသည်။
ဝေါခနဲအောင်ဟစ်သံများ ကြားရသည်။ စော၏ဘေးနားကလူတွေအထိတ်တလန့်ပြေးရာ စောသည် ထိုလူအုပ်နှင့်အတူ ကပ်ငြိပြီးရွေ့သွားသည်။
“စော . . .”
သူ့အသံသည် အထိတ်တလန့် အော်ဟစ်သော လူအုပ်အသံနှင့် ရောထွေးသွား၏။ စောတို့ရပ်နေသော ကွင်းပြင်သည် ညီညာသောမြေပြင်မဟုတ်။ အနည်းငယ်စောင်းနိမ့်သွားသော ဆင်ခြေလျှောမြေပြင်ဖြစ်သည်။ ထို့ကြောင့်ပြေးလွှားရင်းမှ အရှိန်အထိန်းနိုင်ဘဲ စောတစ်ချက်ခြေခေါက်ကာလဲကျသွားသည်။ လူတွေသည် စော၏ခြေတွေ လက်တွေကို
အမှုမဲ့အမှတ်မဲ့ တက်နင်းပြေးကြ၏။ နာကျင်မှုနှင့် ထိတ်လန့်မှုပေါင်းစပ်ကာလဲရာမှ ဇွတ်ထထိုင်ဖို့ကြိုးစားဆဲ လက်တစ်ဖက်က စော၏ပခုံးမှ ဆွဲညှစ်ကာထူမပေးလိုက်သည်။
“ကျေးဇူး”
ကျေးဇူးတင်စကားဆိုဖို့ အာရုံသိစိတ်ဖြင့် စကားစလိုက်ပေမယ့် ထိုသူက စောကိုလက်မောင်းရင်းမှ တင်းတင်းဆုပ်ကာ သူ့နောက်ဘက်သို့ တွန်းပို့ပြီးအကာအကွယ်ပေးလိုက်သဖြင့် စကားစပြတ်သွားသည်။ ရုပ်ရုပ်သဲသဲလူအုပ်ကို
ရှောင်ရင်း၊ မတ်တတ်ရပ်အတွန်းခံရင်း အမှောင်တစ်ဝက် အလင်းတစ်ဝက်အောက်မှာ မြင်လိုက်ရသော မျက်နှာကတော့ မျက်ခွံမို့မို့နှင့် နုနယ်သေးသော လူငယ်တစ်ဦး၏မျက်နှာပဲ။ ရှမ်းလား၊ အင်းသားလား၊ ပအိုဝ်းလား။ တောင်ပေါ်တိုင်းရင်းသားလူမျိုးမှန်းတော့ သိသည်။
“ကျေးဇူးတင်ပါတယ်”
ထိုစကားကို သူကြားပုံမရ။ သူ့အာရုံသည် သူ့လက်မောင်းမှ တင်းတင်းဆွဲဆုပ်ထားမိနေသော မိန်းမထံမှာ ရှိမနေတာ သေချာသည်။ သူ့အာရုံသည် တစ်ဖက်မှာ ပေါက်ကွဲပျက်စီးကာ မီးလောင်နေပြီဖြစ်သော မီးပုံပျံကြီးထံ ရောက်နေသည်။ မြေပြင်အထက် ပေ၁၀၀၊၂၀၀မှာပေါက်ကွဲပျက်စီးခြင်းဖြစ် မီးတောက်မီးလျှံများ နေရာအနှံမှာ ရှိနေသည်။ ကွင်းပြင်ရှိ ပရိသတ်သည်လည်း ကွင်းလယ်မှာမရှိကြတော့ဘဲ ဘေးပတ်လည်မှာ ကပ်နေကြပြီ။ သစ်ပင်နှစ်ပင် မီးလောင်နေသည်။ ယမ်းနံများ မွှန်ထူနေ၏။ ပတ်ဝန်းကျင်တစ်ခုလုံး မီးခိုးမှိုင်းများဖြင့်မှောင်နေ၏။ နောက်ထပ် ကြီးမားသောပေါက်ကွဲသံကြီးတစ်ခု ထပ်ကြားရပြန်သည်။ထိုပေါက်ကွဲသံကြောင့် တိုင်းရင်းသားလူငယ်သည် သူမ၏လက်ကို လွှတ်လိုက်ပြီး မျက်နှာဆီလွင့်စဉ်လာနိုင်ဖွယ်မရှိသော မီးစ၊ယမ်းစများကိုကာကွယ်ဟန်ဖြင့် လက်များကို မျက်နှာရှေ့ အမှတ်တမဲ့ ကာလိုက်လေသည်။ထို့နောက် လူငယ်က ကြိတ်မနိုင် ခဲမရဟန်ဖြင့် တောက်တစ်ချက် ခေါက်သည်။
“သွားပြီကွာ”
လူငယ်သည် ရွှေအင်းသားအဖွဲ့ထဲမှ ဟုတ်ဟန်မတူပါ။ သို့သော် မီးပုံးပျံကြီးပေါက်ကွဲပျက်စီးသွားသည့်အတွက် သူခံစားနေရဟန်ဖြစ်သည်။
“ဒီကောင်ကြီးသာ အောင်အောင်မြင်မြင်တက်သွားလို့ကတော့ ကြည့်လို့ကောင်းလိုက်မယ့်မြင်ကွင်း”
စော၏အနီးမှ အားရပါးရ ညည်းညူလိုက်သံတစ်ခုကိုလည်းကြားလိုက်ရသည်။ပရိသတ်သည် ယခုအခါ ထိတ်လန့်တုန်လှုပ်မှုမှ လွတ်ကင်းခဲ့ပြီ။စိတ်ဆင်းရဲမှု၊ နှမြောတသမှု၊အားမလို အားမရဖြစ်မှုတို့နှင့်မီးပုံးပျံကြီးအား တဖွဖွ တသနေကြသည်။ ကံအားလျော်စွာ ပေါက်ကွဲမှုသည်ကွင်းတစ်ဖက်က ငှက်ပျောပင်အုပ်ဆီမှ ဖြစ်ပေါ်ခဲ့သဖြင့် ပရိသတ်ထဲမှအသေအပျောက်လုံးဝမရှိခဲ့ဘဲ မီးဟတ်သူ၊ဒဏ်ရာရသူ အနည်းငယ်မျှသာ ရှိခဲ့သည်။
“မီးပုံးပျံတိုင်းဟာ ကောင်းကင်ထိ တက်ချင်မှတက်နိုင်မှာပေါ့၊ အောင်မြင်မှုဆိုတာ ဒီလိုပါဘဲ၊မျှော်လင့်တိုင်းမရကြပါဘူး”
တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို အားပေးနေသံကြားရသည်။သို့သော် ပွဲကြည့်စင်အခြေမှာတော့ အသံထွက် ငိုကြွေးနေသူတစ်ယောက်ရှိသည်။
“ဆယ့်ငါးရက်လုံးလုံးပါပဲ၊ ကျွန်မတို့ မနားမနေ အလုပ်လုပ်ခဲ့ကြတာ”
ငိုကြွေးနေသည့် လူငယ်လေးဘေးမှာ ခြေပစ်လက်ပစ်ထိုင်နေသော မိန်းကလေးက ရေရွတ်နေ၏။
“တခါတလေ ဒီလိုပါပဲ ငါ့ညီရာ၊စိတ်ကိုဖြေပါ”
ယောင်္ကျားခပ်လတ်လတ်တစ်ယောက်က ငိုနေသောလူငယ်၏ ပခုံးကို ပုတ်သည်။
“တခါတလေ . . . ဟုတ်လား၊တနှစ်လုံးလုံး တည်ဆောက်လာခဲ့ရတဲ့ မျှော်လင့်မှုတွေထဲမှာ တစ်ခါတလေဆိုတာ
ဘယ်နေရာမှ မပါခဲ့ဘူး”
“တစ်နှစ်မှာ တစ်ခါတည်းသာပါပဲ”
မကျေမနပ်ရေရွတ်သံကို ကြားရသည်။စော သူ့ကို သွားဖျောင်းဖျချင်စိတ် ပေါ်နေ၏။ချာတိတ်ရယ်၊ တစ်နှစ်မှာ တစ်ခါသာဆိုတဲ့ မျှော်လင့်မှုအောက်မှာဆုံးရှုံးရတာဟာ ဘ၀မှာ တစ်ခါသာပါဆိုတဲ့ မျှော်လင့်မှုအောက်မှာဆုံးရှုံးရသလောက် မနာကျင်နိုင်ပါဘူးကွယ်၊ နောက်နှစ်ဆိုတာရှိပါသေးတယ်၊အေးလေ . . . နောက်နှစ်အထိ အခြေအနေ ပေးလားခဲ့သေးရင်ပေါ့။ စော သူ့ကို ငေးစိုက်ကြည့်နေမိသည်။မျှောင်လင့်ချက်တွေ ပြိုကွဲပျက်စီးသွားသူတစ်ယောက်၏ မျက်နှာမှာ နာကျင်မှုတွေ အပြည့်ပါ၏
“စော”
သူမယောင်္ကျား၏အသံ။ သူမလှည့်ကြည့်လိုက်သောအခါ လူတွေကြားမှာ တိုးဝှေ့လာနေသောသူမယောင်္ကျားကို တွေ့လိုက်ရသည်။
“ရှာလိုက်ရတာ စောရယ်” သူအနီးရောက်လာပြီး စော၏လက်တစ်ဖက်ကို လှမ်းဆွဲလိုက်သည်။
“ကိုယ်တို့ချင်းကွဲသွားရင် ဘယ့်နှယ့်လုပ်မလဲ၊မင်း ကိုယ့်လက်ကို တွဲထားခဲ့ဖို့ ကောင်းတယ်”
“ကျွန်မ ဟိုတယ်ဆီ ပြန်တတ်ပါတယ်”
“မင်းကို ပြောလိုက်ရင် အဲဒီအတိုင်းချည်းပဲ၊ လာ ပြန်ကြစို့၊ အေးလဲအေးလှပြီ၊ ခုဟာက ကံကောင်းလို့မသေတာ”
ထို့နောက် သူသည် အငိုတိတ်စပြုနေပြီဖြစ်သော၊ အံတင်းတင်းကြိတ်ထားသော
ရွှေအင်းသားလူငယ်ဆီ မျက်လုံးရောက်သွား၏။ ယောင်္ကျားတစ်ယောက်၏အငိုမျက်နှာကို သူ မကြည့်ချင် မမြင်ချင်သလိုပင် မျက်နှာလွှဲလိုက်သည်။
“သနားပါတယ်နော်”
စော သူနှင့်အတူလိုက်လာရင်း ရေရွှတ်မိတော့ သူက စောအား လိုက်လျောဟန်ဖြင့် ခေါင်းတစ်ချက်ညိတ်သည်။
“အေးလေ . . . နှစ်သိန်းကြီးများတောင်”
စော သူ့ကို ဖျတ်ခနဲ မော့ကြည့်မိ၏။ ဒီဆုံးရှုံးမှုမှာ ငွေနှစ်သိန်းဟာ အဓိကမကျဘူး။ သို့သော် ခံစားချက်ကို သူ နားလည်မည့်ပုံမပေ ဖြင့် စော တိတ်တိတ်ပဲ နေလိုက်သည်။
“မအေးဘူးလား စော”
“အင်း . . . အခုမှ အေးမှန်းသိတော့တယ်”
“ကိုယ့်တော့ ခိုက်ခိုက်တုန်နေပြီ”
မနက်ဖြန် စောတို့ပြန်ကြတော့မည်။ ငါးရက်ကြာ ခွဲခွာထားခဲ့ရသောသမီးလေးဆီပြန်ကြတော့မည်။ သမီးလေအတွက် တိုင်းရင်းသားဝတ်စုံလေးတစ်ခုလက်ဆောင်ပါလာသည်။ သူမစိတ်မှတ်မထင် ပြုံးမိသွား၏။
“အခုဆက်လက်ပြိုင်ပွဲဝင်မယ့်အဖွဲ့ကတော့ ဖိုးသာထူးအဖွဲ့ဖြစ်ပါတယ်၊ ဖိုးသာထူးအဖွဲ့ကလွှတ်တင်မယ့် မီးပုံးပျံအမျိုးအစားဟာလဲ ညမီးကျီး ပဲဖြစ်ပါတယ်”
သြော် . . . အခုဟာ ရိုးရိုးမီးပုံပျံလွှတ်နေတာမဟုတ်။ပြိုင်ပွဲလုပ်နေတာပါလားဟု
သတိရသွား၏။ ရွှေအင်းသားအဖွဲ့၏ ဆုံးရှုံးမှုများမှာ ထင်တာထက် ပိုကြီးမားပါလိမ့်မည်။အချိန်ကာလ၊ငွေကြေး၊ဂုဏ်သိက္ခာ၊ စည်းလုံးမှုအင်အား၊ ယုံကြည်ခံရမှုနာမည်၊စိုက်ထုတ်လိုက်ရသည့် ခွန်အား၊အားလုံးထက် ပို၍ဆုံးရှုံးလိုက်ရသောအရာမှာ မျှော်လင့်ချက်ဖြစ်ပါလိမ့်မည်။
“ကိုယ်နားမလည်တာက ဒီငွေတွေကို မီးပုံးပျံလုပ်ပြီးမီးရှို့ပွဲကျင်းပတော့မယ်လို့ ဆုံးဖြတ်ပြီးတဲ့နောက်တော့ မီးလောင်ပေါက်ကွဲတာဟာ ဘာခံစားစရာရှိသေးလဲ၊ ကောင်းကင်အမြင့်ကျမှပဲ ပေါက်ကွဲကွဲ၊ မြေပြင်နီးနီးပဲ ပေါက်ကွဲကွဲ ပျက်စီးတာတော့ ပျက်စီးသွားတာပဲ၊ ဒါဟာ ဘာထူးခြားလို့လဲ၊ လူတွေ အသက်အန္တရာယ်မရှိရင်
ပြီးတာပဲမဟုတ်လား”
“ထူးခြားတာပေါ့”
“ဘာထူးခြားတာလဲ”
ဘုရားစောင်းတန်းရှိရာသို့လျှောက်လာရင်း စောသည် မီးပုံးပျံကွင်းပြင်ဆီသို့ တစ်ချက်ပြန်ကြည့်မိ၏။ တစ်ယောက်ယောက်က ဤအဖြေကို စောထက်ပို၍ ရှင်းပြပေးနိုင်ကောင်းပေးနိုင်လိမ့်မည်။
“မီးပုံးပျံလွှတ်တယ်ဆိုကတည်းက တစ်ချန်မှာတော့ ဆုံးရှုံးပျက်စီးမှာဆိုတာမှန်ပါရဲ့။ အခုလိုညမီးကျီး မီးပုံးပျံမှာတော့ စိန်နားပန်ထက် မျှော်လင့်မှုပိုတယ်၊ စိန်နားပန်မှာက အောင်အောင်မြင်မြင် လွှတ်တင်ဖို့ တစ်ခုပဲ၊ ညမီးကျီးမှာက အောင်အောင်မြင်မြင် လွှတ်တင်နိုင်ဖို့က တစ်ဆင့်၊ မီးရှူးမီးပန်းလေးတွေ ကိုယ်လိုချင်သလိုလှလှပပတစ်မျိုးပြီးတစ်မျိုးပေါက်ကွဲဖို့က နောက်တစ်ဆင့်၊ အခုလို ဘာမှမရလိုက်ဘဲ အလဲလဲအကွဲကွဲ ပျက်စီးဆုံးရှုံးသွားရတာက ရင်နာစရာကြီးပါ၊ ဘယ်သူမဆိုလေ ဂုဏ်သိက္ခာရှိရှိ လှလှပပလေး ပေါက်ကွဲအဆုံးသတ်သွားချင်တာချည်းပါပဲ”
စော၏ စကားကို သူသိပ်နားလည်ပုံမပေါ်ပါ။ စော ညံ့တာပဲဖြစ်ပါလိမ့်မည်။
“ကျွန်မလဲ ဘ၀နဲ့ရင်းပြီး ညမီးကျီးမှ လွှတ်တင်တော့မယ်ဆိုရင် အထိတ်တလန့် အလဲလဲအကွဲကွဲတော့ အဆုံးမသတ်သင့်ဘူး၊လှလှပပ သိက္ခာရှိရှိလေး”သူ ရယ်မောသည်။
“မီးပုံးပျံနဲ့ မင်းနဲ့ ဘာဆိုင်လို့လဲ”
“သမီးလေး မြန်မြန်ကြီးပြင်းစေချင်လှပြီ”
သူမ ညည်းညည်းကလေးပြောရင်း စကားကို အဆုံးသတ်လိုက်မိ၏။
လောကတစ်ခုလုံးမှာ သူမဂရုစိုက်ဆုံးအရာမှာ သမီးလေး၏ စိတ်ခံစားမှုပဲ ဖြစ်သည်။ ။
1 comments:
တောင်ကြီးပွဲအကြောင်း တစေ့တစောင်း လေ့လာသွားတယ် ..း)
February 17, 2010 at 3:59 AMPost a Comment