Wednesday, April 16, 2008

ကွန်တော့်အကြောင်းအပိုင်း (၁)

ဟိုအလွန်ဝေးကွာတဲ့ တောင်ပေါ်မြို့ လေးကနေ ကျွန်တော် ရန်ကုန်ဆိုတဲ့ လူတွေထူထပ်ပြီး ရှုပ်ရှပ်ခပ်နေတဲ့မြို့ ကြီးကို ပထမဆုံး ဘ၀ရဲ့ခြေလှမ်း အနေနဲ့ရောက်ရှိခဲ့ပါတယ်။ ပထမဆုံး အိမ်ကို အကြာကြီးခွဲခွာရမယ်ဆိုတဲ့ အသိက လူကိုအတော်ကိုတုန်လှုပ်စေပါတယ်။ ဒါပေမဲ့ ဘ၀ဆိုတဲ့အရာကြီးကို အရွယ်ရောက်တဲ့ လူတိုင်းကြုံတွေ့ ကြရမှာပဲ ဆိုတဲ့အသိ ကလေးက ကျွန်တော်ကို အခိုက်အတန့် တော့ အားတက်စေပါတယ်။ သွားခါနီး အမေအဓိက မှာတာ ကတော့ သား ဟိုမှာ ကိုယ့် ကို ကို ဂရုစိုက်ပါတဲ့။ အစစ အရာရာ စဉ်းစားပြီးမှ လုပ်ပါတဲ့။ အမေ့ရဲ့  မျက်ဝန်းထ်ဲမှာတော့ ရစ်ဝဲနေတဲ့ မျက်ရည်စလေးတွေ ကျွန်တော်တွေ့ နေရတယ်။ ဒီလိုနဲ့ရန်ကုန်ဆိုတဲ့မြို့ကြီးကိုရောက်ခဲ့ပါတယ်။ရောက်စကတော့ရင်ထဲမှာအပျော်ကြီး ပျော်နေတာပေါ့။ ဒါပေမဲ့ ၃ လလောက်နေတော့ ကိုရဲ့မြို့လေးကိုအရမ်းသတိရမိတယ်။ လူတိုင်းကြုံဖူးကြပါလိမ့်မယ်။တကယ်တော့ ရန်ကုန်ဆိုတဲ့မြို့ကြီးက ကျွန်တော်တို့လို အဝေးသင် တက္ကသိုလ်တက်မဲ့ လူတွေအတွက်တော့ပျော်စရာ ဘာမှမရှိပါဘူးဗျာ။ တက္ကသိုလ်ဆိုတာကလေ အားလုံးသိတဲ့အတိုင်း မြို့ရဲ့ အပြင်မှာဆိုတော့ ကျောင်းသူ၊ ကျောင်းသားတွေ အတွက်ဘာပျော်စရာရှိမှာလဲဗျာ။ လူသူမရှိ ချောက်ချားစရာအသိ နဲ့ ပြည့်နေတဲ့ တက္ကသိုလ်ကြီးပါ။ ဒီလိုနဲ့ပဲ စာပေးစာယူတက်ရင်နဲ့ ကိုဝါသနာပါတဲ့ Computer သင်တန်းတွေကိုပဲ တက်ဖြစ်ပါတော့တယ်။ စာပေးစာယူဆိုတာကလဲ အားလုံးသိတဲ့ အတိုင်း စာမေးပွဲဖြေခါနီးမှ ဆရာ၊ဆရာမတွေဆီ ပြေးကပ်ကြရတဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ ခေတ်မီတိုးတက်သော ပညာရေးလမ်းစဉ် များထဲက ၁ ခုလားတော့ ကျွန်တော်လည်း အသေအချာ မသိပါဘူးဗျာ.. ဒီလိုနဲ့ ဘွဲ့ရသွားတဲ့လူတွေလည်း မနဲတော့ပါဘူး ကျွန်တော်အပါအ၀င်ပေါ့ ……..ဒီလိုနဲ့ပဲ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသား ဘ၀တွေကို ကုန်ဆုံးစေခဲ့ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်အနေအထားအရ လည်း အလုပ် လုပ်နေတဲ့ လူတစ်ယောက်က သူရဲ့ရတဲ့လစာဟာ သူတောင်ပြန်သုံးလို့မလောက်ဘူး။ အဲဒါကြောင့်လည်း မိသားစု တိုင်းမှာ ရှိတဲ့လူတိုင်းက အလုပ် လုပ်မှ ကိုယ်ရဲ့ပါးစပ်ပေါက်တစ်ပေါက်ကို ကိုယ်တိုင်တာဝန်ယူနိုင်မှာ မဟုတ်လား။ အကြောင်းမျိုးစုံ လို့ ဒုက္ခတွေလည်းစုံလို့ ကိုယ်အတွက် ဘယ်လိုမှ မတိုးတက်နိုင် ဘူးလို့ ယူစလို့ စင်ကာပူဆိုတဲ့ နိုင်ငံလေးကို ထွက်လာခဲ့ပါတယ်။

0 comments: