Thursday, February 4, 2010

ကူညီကြပါစို့


ကျနော်တို့ နေထိုင်ကြတဲ့ ဤကမ္ဘာလောကကြီးမှာ လူရယ်လို့ ဖြစ်လာရင် ကောင်းတာတွေ ဆိုးတာတွေကို မျိုးစုံခံစားကြရတာပဲ။ ဒီလိုပဲသိပ္ပံပညာတွေ ဘယ်လောက်တိုးတက်တိုးတက် လူလောကမှာ တချို့သောရောဂါဝေဒနာတွေကို ပျောက်ကင်းအောင်မကုသနိုင်သေးသလို တချို့ရောဂါတွေကလဲ ဆေးပညာအရ ရှာဖွေကုသဖို့ ခက်ခဲတတ်ပါတယ်။ ဥပမာ အေအိုင်ဒီအက်စ်၊ ကင်ဆာရောဂါ စသည်ဖြင့်ပေါ့.. ဒီလိုရောဂါမျိုးတွေကို ခံစားနေရတဲ့လူတွေဟာ လူလောက အပြင်ဘက်ကို အလိုလိုနေရင်း ရောက်ရှိသွားတတ်ပါတယ်။ ဒါတွေဟာ ဘယ်သူ့အပြစ်လဲဆိုတော့ ကျနော်တို့လို လူကောင်းတွေရဲ့ လူမဆန်မှုတွေ၊ လူသားတယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ကျင့်ဝတ်တွေကို ကျနော်တို့ မကျင့်ကြံနိုင်လို့လဲ ဖြစ်ပါတယ်။ တကယ်တမ်းလူပမာတယောက်ကို နေ့စဉ်ပြုစုပေးနိုင်ဖို့ဆိုတာကလဲ စိတ်ဓါတ်တွေ တော်တော်လေးရှည်ရှည်ထားပြီး စိတ်ရင်းစေတနာအပြည့်နဲ့ မေတ္တာတွေမျှပြီး ပေးစွမ်းနိုင်ဖို့လိုပါတယ်။ လူအချင်းချင်း နေ့စဉ်ထိတွေ့ဆက်ဆံနေရတဲ့ ကျနော်တို့လူသားတွေအဖို့ အလုပ်ထဲမှာ အဆင်မပြေခဲ့ရင် အိမ်မှာကျန်ခဲ့တဲ့ ရောဂါသည်ကို ဘယ်လောက်ထိ စိတ်ရှည်နိုင်မလဲ။ ကျနော်တို့ရဲ့ရောဂါသည်ကရော အပေါ်မှာပြောခဲ့သလို အေအိုင်ဒီအက်စ်လို ရောဂါမျိုးဆိုရင်ကော သင့်အနေနဲ့ အမြဲတမ်းပြုစုပေးနိုင်ပါ့ဦးမလား။ ကျနော်တို့တွေ တတ်နိုင်သလောက် ကူညီကြဖို့ မစဉ်းစားတော့ဘူးလား...

ကျနော်အမြဲသွားပြီး ဖတ်နေကြ ဘောလုံးသတင်း ဆိုဒ်လေးကနေပြီးတော့ ဦးဆောင်လုပ်ပေးတဲ့ Program တခုကို ကျနော်ချစ်တဲ့ ညီအကို မောင်နှမတွေနဲ့ မိတ်ဆက်ပေးချင်တာပါ။ ဒါကတော့ ဘာ Program လေးလဲဆိုတော့ ကျနော်တို့ တိုင်းပြည်ထဲမှာ ရှိတဲ့ အနာကြီးရောဂါသည်(လူနဲစု)တွေရဲ့ ကုန်ဆုံးသွားမဲ့ သက်တမ်းကို သက်တောင့်သက်တာဖြစ်အောင် တဖက်တလမ်းကနေ ကူညီဆောင်ရွက်နေတာလေးတခုပါ။ သူရဲ့ ဆိုဒ်လေးက ဒီမှာ ပါ။ အသေးစိတ်ကြည့်နိုင်ပါတယ်။

ဒီလိုရောဂါမျိုးတွေထဲမှာ အနာကြီးရောဂါသည်တွေရဲ့ဘ၀ဟာ အတော့်ကိုဆိုးရွားလှပါတယ်။ အနာကြီးရောဂါသည်တွေကို ကျနော်တို့မြန်မာပြည်သူ၊သား တော်တော်များများကတော့ အနာကြီးရောဂါဆိုတာထက် အနူရောဂါလို့ ပြောရင် ပိုသိကြပါတယ်။ ကျနော်ငယ်စဉ်ကဆို တောင်ကြီးမြို့ပေါ်မှာ အဲ့လို အနာကြီးရောဂါသည်တွေ တော်တော်များများတွေ့ဖူးခဲ့ပါတယ်။ အများကတော့ ပအိုဝ့်၊ပလောင်စတဲ့ တိုင်းရင်းသားမျိုးနွယ်တွေကိုတွေ့ရတတ်ပါတယ်။ အခန့်မသင့်လို့ ရောဂါဖြစ်ပွားခဲ့ရတဲ့ လူတွေရှိသလို၊ ဆင်းရဲတွင်းနက်ပြီး အနေအထိုင်မဆင်ခြင်လို့လဲ ကူးစက်ခဲ့ရတဲ့လူတွေ ရှိနေခဲ့ကြပါတယ်။ ဘယ်လိုကြောင့်ပဲ ဖြစ်ပွားဖြစ်ပွား အနာကြီးရောဂါသည်လို့ ပြောလိုက်တာနဲ့ လူတွေရဲ့ မျက်နာမှာအလိုမကျတဲ့အရိပ်လေးတွေ ပြတတ်ပါတယ်။ ကျနော်လဲ မစဉ်းစားတတ်သေးတဲ့ ကလေးဘ၀အရွယ်တုန်းက အနာကြီးရောဂါသည်တွေမြင်ရင် ကြောက်ပြီးအနားမကပ်ရဲခဲ့ပါဘူး ခုချိန်များ ပြန်စဉ်းစားကြည့်မိတော့ လူမပီသတဲ့ ကိုယ့်အဖြစ်ကို ကိုယ်ရှက်ရွံ့မိပါတယ်။

""အနာကြီးရောဂါသည်လို့ ဖြစ်လာရင် လူတွေက အနူ ဆိုတာမျိုး ပြေးမြင်မိကြတာပါ။ တကယ်တော့ ဒါဟာ ပြည့်စုံတဲ့အမှန်တရားမဟုတ်ဘဲ သူတို့တွေဟာ ခံစားချက်ရှိတဲ့ လူသားတွေပါ။ အနာကြီးရောဂါသည်လို့ ဖြစ်လာပြီဆိုရင် .... ဝေဒနာသည်တွေရဲ့ လက်တွေဟာ ခံစားမှုမရှိတော့ပါဘူး။ အနာကြီးရောဂါ ပိုးသတ်ဆေး သောက်လိုက်လို့ ပိုးသေသွားပေမယ့် နောက်ဆက်တွဲ ဝေဒနာတွေကြောင့် သူတို့တွေဟာ လက်တွေ ခြေထောက်တွေတိုပြီး ဘာမှမလုပ်နိုင်ကြတော့ပါဘူး။ အလုပ်လုပ်ဖို့ ဝေးစွ ခြေထောက်ထဲ သံစူးရင်တောင် သံစူးမှန်းမသိ ပေါင်ကအကျိတ်ခိုလာမှ ခြေထောက်မှာ အနာရှိလောက်တယ် ထင်ပြီး ဖြဲရှာရတဲ့ဘ၀ပါ။ အဲလိုကနေ ရောဂါကျွမ်းသွားလို့ လက်ဖြတ်၊ ခြေဖြတ်လိုက်ရတဲ့ ဘ၀မျိုးမှာ ရပ်တည်ဖို့တောင် ပစ္စည်းကိရိယာတွေရဲ့ အကူအညီယူရပါတယ်။ ဒီလိုရောဂါသည်တွေဟာ အလုပ်မလုပ်နိုင်ကြတော့ပါဘူး။ ရောဂါသည်အများစုက မိသားစု ငွေကြေးမပြည့်စုံလို့ ဆေးမမှီဘဲ ဖြစ်လာကြရတာမို့ မိသားစုကလည်း သူတို့တွေရှင်သန်ရေး မကူညီပေးနိုင်ပါဘူး။ ဒါကြောင့်ပဲ သူတို့တွေကို စုပေါင်းစောင့်ရှောက်ထားတဲ့ သူတို့တွေရဲ့အိမ် လို့ဆိုရမယ့် စောင့်ရှောက်ရေးဂေဟာ ရှိလာရတာပါ။ အလှူရှင်တွေရဲ့ ကူညီလှူဒါန်းမှုအားနဲ့ ရပ်တည်ရတဲ့ ဒီဂေဟာမှာ သူတို့တွေနေကြပါတယ်။"" ဆိုဒ်ကလေးရဲ့ Home Page မှာ တင်ထားတာလေးပါ

ဘယ်လောက်ထဲ ကြေကွဲစရာ၊ ရင်နာစရာကောင်းတဲ့ လူ့ဘ၀ကိုရောက်နေပါသလဲ.. ကျနော်တို့နေ့စဉ်ရှာဖွေနေတဲ့ ငွေတွေက ဘယ်လိုနေရာအတွက် အကျိုးချမှာလဲ ကျနော်တို့ သေချာပြန်စဉ်းစားဖို့ လိုအပ်ပါတယ်။ သုံးသင့် သုံးထိုက်တဲ့နေရာမှ ကျနော်တို့ သုံးစွဲတတ်ဖို့လိုပါတယ်။ ကျနော်တို့ မိသားစု၊ ဆွေမျိုး၊ အသိုင်းအ၀န်းတွေထဲမှာကော ဒီလိုရောဂါသည်တွေ မဖြစ်လာနိုင်ဘူးလို့ အတပ်ပြောလို့ရမလား ဘယ်အရာမဆို ကိုယ်ပြုခဲ့တဲ့ ကံတရားအတိုင်းသွားကြရမှာပါပဲ။ ဘုရားပေးတဲ့အတိုင်းသာ ခံစားကြရမှာပါပဲ ကျနော်တို့တွေ တတ်နိုင်သလောက် ကူညီမယ်ဆို သူတို့လေးတွေရဲ့ဘ၀က ပိုပြီးသက်တောင့်သက်တာလေး ရှိကြမှာပါ။ ကူညီချင်သူများအားလုံး ဒီဆိုဒ် လေးကိုသွားပြီး အသေးစိတ်ဖတ်နိုင် လှူဒါန်းနိုင်ပါတယ်


မှတ်ချက်။ ။ မက်ဖန်ဆိုဒ် မှခွင့်ပြုချက်ယူ၍ ရေးသားပါသည်။



လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။




လေးစားလျက် တောင်ပေါ်သား

10 comments:

noblemoe said...

ဒီ စာဖတ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့  ဒီလိုအသိစိတ်လေးရှိ
တဲ့  မောင်လေးကိုလေးစားမိပါတယ်

လူသားတိုင်းဒီလိုစိတ်ဓါတ်ရှိရင်လောကကြီးကသာယာ
မှာအမှန်ပဲ
သာယာချမ်းမြေ့ ပါစေ။
ိမိုး

February 4, 2010 at 4:59 PM
နေ၀သန် said...

လေးစားပါတယ်ဗျာ.... (မနက်ဖြန်ကစလို့ စီးတီးဟော မသွားနဲ့တော့.. ဖြစ်သလို အိမ်မှာ ချက်စား...း))) )

ခင်မင်တဲ့
ဂျပန်ကောင်လေး

February 4, 2010 at 5:13 PM
may16 said...

တကယ်လိုအပ်တဲ့နေရာမှာ ကူညီတာ ပိုကောင်းပါတယ်. .
လက်ဆင့်ကမ်းဖော်ပြပေးတာကျေးဇူးတင်ပါတယ် ကိုတောင်ပေါ်သား

February 4, 2010 at 6:28 PM
kiki said...

ဒုက္ခရောက်နေသူတွေကို တတ်နိုင်သလောက် ဝိုင်းဝန်းကူညီပေးကြဖို့  လူသားဆန်တဲ့ လူသားတိုင်း တာဝန်ပါ ။
ဒီလို တင်ပြပေးလို့  သာ သိလိုက်ရတယ် ဆရာပေါ်ရေ .. ကျေးဇူးပါပဲ ..

( paypal acc : နဲ့ မဟုတ်ပဲ credit card နဲ့ပဲ လုပ်တာ ဘာတွေ လိုနေလဲ မသိ .. တဝက်မှာ ခံနေတယ် .. ပြောပါအုံး...ဆရာပေါ်ရေ..၂ ခါတော့ နှိပ်လိုက်ပြီ.. ခန ခန လဲ ကလစ် မလုပ်ရဲဘူး...း))

February 4, 2010 at 9:42 PM
moekhar said...

ငယ်ငယ်တုန်းကတော့ ကြောက်တယ်
ခုတော့ သနားဖို့ ကောင်းတယ်ဆိုတာ သိတယ်
ကြောက်တဲ့စိတ်ကလည်း ရှိတုန်းပဲ
မကောင်းဘူးနော် ....း((
ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးးးး

February 4, 2010 at 11:45 PM
Sein Lyan Tun said...

ညီလေးပေါ်ပေါ်ရဲ့ စိတ်ဓာတ်လေးကို လေးစားပါတယ်။


တတ်နိုင်သလောက်ကူညီကြမယ်။


လုပ်ချင်တဲ့ ဆန္ဒလေးတွေလဲ ပြည့်ဝပါစေဗျာ။

February 5, 2010 at 2:53 AM
ဏီ(န်)ကင်း said...

ဒီလိုပိုစ့်လေးတွေရေးပေးလို့ကျေးဇူးပါဗျာ...
အားလုံးတတ်နိုင်သလောက်ဝိုင်းဝန်းကူညီတာပေါ့..
ကိုယ်တိုင်ဆိုတဲ့ကိုယ်ချင်းစာစိတ်လေးရှိရင်အရာရာမှာ
နားလည်နိုင်မှာ

February 5, 2010 at 9:16 AM
မငုံ said...

ဒီပိုစ့်ကိုဖော်ပြဝေမျှတာ ကောင်းတယ်။ တတ်အားသရွေ့လှူကြတာပေါ့နော့။

February 5, 2010 at 4:18 PM
Anonymous said...

လှူနိုင်အောင်လို့ မျှဝေပေးတာ ကျေးဇူးပါဗျာ..။

February 6, 2010 at 3:31 AM
ဆောင်းနှင်းရွက် said...

ဂျပန် ကောင်လေး ပြောသလိုပဲ ..
အိမ်မှာ ဖြစ်သလို ချက်စားးး..
လမ်း မများနဲ့ ..
ဖဲ မကစားနဲ့ ..
တတ်နိုင်သလောက် ခြွေတာပြီး
အဲ့ဒီ့ ကုန်ကျမယ့် ပိုက်ပိုက် တွေကို
လှူလိုက်ပါ ...:P

(အခုလို သတင်းပေးတာ
လှူခွင့် ရှိရင် လှူလို့ ရတာပေါ့ ..)

February 6, 2010 at 2:42 PM