Saturday, December 19, 2009

အိမ်လွမ်းသူ



ကျနော့်ရင်တွေအရမ်းခုန်နေသည် မခုန်ပဲနေပါ့မလား မွေးရပ်မြေကို မပြန်ဖြစ်သည်မှာ နှစ်ပေါင်းမနဲတော့ပေ။ ခုတော့ ကျနော်ခင်တွယ်သော မွေးရပ်မြေ၊ ချစ်သောအမေ၊ မိသားစုတို့နှင့် တွေ့ရတော့မည်။ ညအမှောင်အောက်မှာ တရိပ်ရိပ်ပြေးနေသော အဝေးပြေးကားကြီးပေါ်မှာ နားကြပ်လေးတပ်ပြီး ဘိုဖြူရဲ့ မွေးရပ်မြေ သီချင်းလေးကို ထပ်တလဲလဲ နားထောင်ပြီး ပျော်ရွှင်နေမိသည်။ မနက်ဖြန်မနက်ဆိုလျှင် ကျနော်နေသော အရပ်သို့ရောက်တော့မည်။ အတွေးများနဲ့ တကိုယ်တည်း စိတ်ကူးယဉ်နေစဉ် ကားဆရာ၏ အော်သံကိုကြားလိုက်ရသည်။ အပေါ့အပါးသွားရန်ခဏနားခြင်း ဖြစ်ပေသည်။ ကားထဲက ဆင်းလိုက်သည်နှင့်တပြိုင်တည်း ညအမှောင်မှာ အေးမြသောလေတို့သည် မောပန်းနေသော လူရဲ့စိတ်ကို အတော်အတန်တော့ လန်းဆန်းစေသည်မှာ အမှန်ပင်.... ဒီလိုနဲ့ ကားပေါ်ပြန်တက် နားကြပ်လေး နားထဲထိုးထည့် မျက်လုံးလေး မှိန်းပြီးလိုက်လာခဲ့တော့သည်။ ပစ္စည်းတွေ သေချာကြည့်နော် ကိုယ့်ပစ္စည်းသေချာပါမပါကြည့် ပျောက်ရင်တာဝန်မယူဘူး..... ဟူသော စပါယ်ယာ၏အော်သံကြောင့် ကျနော်နိုးလာခဲ့သည်။ အချိန်ကိုကြည့်လိုက်တော့ မနက်လင်းအားကြီးချိန် လမ်းခုလတ်မှာ ခရီးသည်တယောက် ဆင်းနေခြင်းဖြစ်ကြောင်းစိတ်က အလိုလိုသိလိုက်သည်။ ဘေးမှာထိုင်နေသော အကိုကြီးကို ဘယ်နေရာရောက်နေပြီးလဲမေးတော့ နောက် ၃၊၄ နာရီလောက်ဆို ကျနော်နေတဲ့ မြို့လေးကိုရောက်တော့မည်ဟု သိလိုက်သည်...

တရိပ်ရိပ်နဲ့ လေအလျင်လား ပြေးလွှားနေသောကားလေးသည် ကျနော်တို့မြို့လေးပေါ်ကိုတက်ရန် တောင်ခြေအောက်နားရောက်တောင်လာပြီ။ ကျနော်စိတ်တို့ကားအငြိမ်မနေနိုင် ကျနော်ချစ်သော တောင်တန်းတွေကို ကြည့်ချင်လာသည်။ ဒါနဲ့ရှေ့ခေါင်းခန်းက ကားစပါယ်ရာထိုင်နေသော နေရာနားသွားထိုင်ပြီး အရှေ့တည့်တည့်ကနေ တောင်တန်းတွေကို တ၀ကြီးကြည့်လိုက်သည်။ဖွင့်ထားသော တံခါးမှသည် ရှမ်းပြည်ရဲ့လေအေးအေးလေးကို ရှူရှိုက်ရသည်ကိုကား ကျနော်လို တောင်ပေါ်သားတယောက်အတွက် ရသတခုပင်မဟုတ်ပါလား... တောင်ပတ်လမ်းလေးအတိုင်း တဖြည်းဖြည်းကားလေးကတက်လာသည်။ ခုဆို အမေလည်းအိမ်ပေါက်ဝက သားပြန်အလာကို မျှော်နေတော့မည်။ သူငယ်ချင်းတွေကတော့ လာကြိုမည်ဟု ပြောထားသည်။ ဒီကောင်တွေတောင် မိန်းမတွေရလို့ ဘာတွေ ပြောင်းလဲကုန်ပြီလဲမသိ..... ပြန်တွေ့မှ အရင်အကြောင်းတွေ ပြောကြရင်း ညှင်းဆဲရဦးမည် အနိုင်ကျင့်ရဦးမည်.......


ကားဂိတ်ကို ကျနော်တို့ကားကြီး ဆိုက်ကပ်လိုက်သည်နှင့်တပြိုင်တည်း မျက်လုံးကဘေးဘီကို လျှောက်ကြည့်နေမိသည်။ Taxi ငှားမလားဟု ဟန်ဆောင်မူကင်းတဲ့ စကားသံဝဲ၀ဲနဲ့ ဦးလေးကြီးများ၏ အသံကိုလဲ ကြားနေရသည်။ စိတ်ထဲမှာတော့ ငိုချင်သလိုလိုဖြစ်မိသည် ဟန်ဆောင်မှုများပြီး အပေါ်ယံပေါင်းတတ်တဲ့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံနေရတာ ဒီလိုရိုးသားတဲ့ လူတွေကိုတွေ့ရတော့ ဘ၀ကိုအားမလိုအားမရဖြစ်မိပြန်သည်။ ထိုစဉ် ကျနော့်ခေါ်သံကို ကြား၍ နောက်လှည့်ကြည့်လိုက်တော့ ဦးထုပ်၊အနွေးထည်အပြည့်အစုံနဲ့ ကျနော်ရဲ့ အခင်ဆုံး သူငယ်ချင်းတွေကို တွေ့ရသည်။ တယောက်နဲ့ တယောက် ပခုံးချင်းဖက်ပြီး ပေါင်းလာသည် ပြောမနာဆိုမနာသူငယ်ချင်းတွေ ယခုတော့လဲ မိန်းမတွေရလို့ လူကြီးစတိုင်တွေနဲ့တောင် ဖြစ်နေပါကောလား...... ထို့နောက် တယောက် အိတ်တလုံးစီ ထမ်းပြီးကားပေါ်တက် အမေ့အိမ်ရှိရာသို့.........

ကားလေးဖြတ်သန်းရာ လမ်းတလျှောက်ကိုကြည့်လိုက်မိတော့ တိုက်တာအဆောက်အဦးတွေက အရင်ကထက် ပိုမိုတိုးတက်လာခဲ့သည်ကို သတိထားမိသည်။ ခေတ်စနစ်ရဲ့ တိုးတက်မူတွေနောက်လိုက်ပြီး ပြောင်းလဲခဲ့ရပေမဲ့ အရင်ရှိခဲ့တဲ့ ရိုးသားတဲ့ စာရိတ္တလေးတွေကိုတော့ ကျနော်မပြောင်းလဲစေချင်ပေ... ရိုးသားတဲ့ ၀တ်စားဆင်ယင်မှုတွေကိုလည်း အရင်အတိုင်းရှိနေစေချင်သည်။ ဈေးကိုဖြတ်သွားတော့ ချစ်စရာတိုင်းရင်းသူတွေရဲ့ ဖြူစင်တဲ့အပြုံးတွေကိုလဲ ကားပေါ်မှ ဖြတ်ခနဲ တွေ့လိုက်ရသေးသည်.... အိမ်ရှေ့မှာ ကားရပ်လိုက်သည်နှင့် တဦးတည်းသော အမနဲ့ကလေးတသိုက်ထွက်လာသည်။ အော် ကလေးတွေကိုမြင်မှ ငါလဲ ဦးလေးဘ၀ကို အလိုလိုနေရင်းရောက်နေပါ့လားလို့ တွေးမိသား..... ဘာလိုလိုနဲ့ အမေတောင်မှ အဖွားအဖြစ် တဆင့်တိုး တာဝန်တွေ ယူနေရပါ့လား... အိမ်ရှေ့ခြံတံခါးကနေအထဲကို လှမ်းကြည့်လိုက်တော့ အိမ်တံခါးဘေးမှာ မတ်တပ်ရပ်နေသော အမေ့ကိုတွေ့ရသည်..... ပါးပြင်မှာ မျက်ရည်စတွေနဲ့ ၀မ်းသာလွန်းလို့ အမေငိုနေပြီ အော် အမေရယ် အရင်တုန်းလို စိတ်ကငိုလွယ်ရီလွယ်ပါပဲလား... လူအများရှေ့ရောက်ရင် ပြတ်သားတတ်သလောက် တကယ့်နှလုံးသားက ပျော့ပြောင်းနေဆဲပါ့လား အမေ.....


အိတ်တွေကိုချ အိမ်ရှေ့ခန်းမှာ သူငယ်ချင်းတွေနဲ့ ထွေရာလေးပါးစကားတွေ ပြောနေကြတာ မောတာတွေလဲ ဘယ်ဆီပျောက်မှန်းမသိတော့ အမေကတော့ ကုလားထိုင်လေးပေါ်မှာထိုင်ပြီး ချစ်သားရဲ့ခေါင်းလေးကို ကိုင်ရင်း သားပြောသမျှကို ပြုံးရွှင်စွာနဲ့ နားထောင်နေတာပဲ... ချစ်စရာ တူလေးတွေနဲ့ပျော်ရွှင်ဖွယ်အမတို့ မိသားစုရဲ့ဘ၀ကိုကြည့်ပြီးလဲ အဝေးရောက်လူတယောက်အနေနဲ့ ထူးဆန်းနေမိသလိုလို... ဒီလို ပျော်ရွှင်ဖွယ်မိသားစုလေးနဲ့ မဆုံဆည်းဖြစ်တာ နှစ်တွေလဲ မနဲတော့ဘူးလေ.... ဒီလိုနဲ့စကားတွေ ပြောပြီး ခဏနားတရေးအိပ်ပြီး ညနေရောက်တော့ အမေရဲ့ မစားရတာကြာပြီဖြစ်သော ငါးခေါင်းဟင်းချိုလေးနဲ့ ထမင်းကိုစား... လူစုံစွာနဲ့ ပျော်ရွှင်ဖွယ် ထမင်းဝိုင်းလေးမှာ အပျော်ဆုံးလူသားကတော့ အမေပဲဖြစ်ပါလိမ့်မယ်... ထမင်းစားပြီးတော့ သူငယ်ချင်းတွေလာခေါ်လို့ ကျနော်တို့မြို့ရဲ့ ညအလှဆည်းဆာကို ခံစားဖို့ထွက်ခဲ့ပြန်သည်... ရောင်စုံမီးတွေကြားထဲက မြို့ငယ်လေးတခု သာမာန်လူတွေအတွက် ဘာမှ အနှစ်သာရမရှိတဲ့ မြို့ငယ်လေးဖြစ်ပေမဲ့ ကျနော်တို့တောင်ပေါ်လူတွေ ရင်ထဲမှာတော့ ဒီမြို့လေးသည် ကျနော်တို့ဘ၀.... ကျနော်တို့အားမာန်တွေကို မွေးဖွားပေးခဲ့သည့်မြို့လေး....

ညဈေးရဲ့ လမ်းဘေးလက်ဖက်ရည်ဆိုင်လေးရဲ့ ထောင့်တနေရာကိုယူပြီး ခေါပုတ်ကင်လေးကိုစားလို့ လက်ဖက်ရည်လေးရဲ့ အရသာကို ဇိမ်ခံရင်းသူငယ်ချင်းတွေ ဟိုအရင်ကအကြောင်းတွေ ပြောလိုက် ကိုယ်တွေဘ၀ရဲ့ အတွေ့အကြုံတွေကို ပြန်ပြောလိုက် ငယ်စဉ်က ချစ်သူတွေအကြောင်းပြောလိုက်နဲ့ ပျော်ရွှင်စရာလေးတွေနဲ့ အချိန်ကိုကြည့်တော့ ညမိုးချုပ်နေပြီ အိမ်အပြန်လမ်းတွင်တော့ အရင်တုန်းကအတိုင်း မှောင်အတိလမ်းလေးမှာ သူငယ်ချင်းတသိုက် စလိုက်နောက်လိုက်နဲ့ ပျော်ရွှင်ခဲ့ကြသည်.. အိမ်ရှေ့တံခါးကို ခေါက်မလို့ရှိသေး အမေ့ရဲ့အပြုံးတွေနဲ့အတူ တံခါးဖွင့်ပေးမှုက ဆီးကြိုနေသည်။ တညလုံး အမေ့ရဲ့ကုတင်လေးပေါ်မှာ သားအမိနှစ်ယောက်တူတူ အိပ်လို့ဘ၀ရဲ့အကြောင်းတွေ ပြောရင်းအမေ့ရဲ့ ရင်ခွင်ထဲမှာ ကလေးလေးတယောက်လို့ နွေးထွေးမှုတွေယူရင်းအိပ်မောကြခဲ့သည်။ တူတော်မောင်တွေကတော့ သူတို့အဖွားနားကပ်နေသော ကျနော့်ကို စိတ်ဆိုးနေရော့မည်.....

မကြားရတာကြာပြီဖြစ်သော အမေ့၏အော်သံလေးကြောင့် ကျနော်အိပ်ချင်မူးတူးဖြစ်နေရာကနေ နိုးထလာခဲ့သည်။ နာရီကိုကြည့်လိုက်တော့ မနက် ၇ နာရီပင်ကျော်ကျော်လေးပင်ရှိသေးသည်။ နောက်ထပ် ၁၅မိနစ်လောက် ပြန်အိပ်ဦးမှဟုတွေးကာ စောင်ကို ခေါင်းမြီးခြုံပြီး ကွေးနေမိသည်။ သားကြိုက်တဲ့ တို့ဟူးနွေး ၀ယ်ထားတယ် ဆိုသော အမေ့စကားသံကြောင့် ကျနော်မထချင် ထချင်နဲ့ထလာရသည်။ မျက်နှာသစ်ရန် အိမ်ပြင်ထွက်လိုက်တာနဲ့ အေးမြတဲ့ ဆောင်းလေတွေက လူကိုလာကျီစယ်နေပြန်သည်။ အေးမြတဲ့လေနှင့်အတူ မြေရနံ့သင်းသင်းလေးကိုလဲ ခံစားမိသလိုလို.. ရေပီပါထဲက ရေကိုလှမ်းခပ်လိုက်တော့ ရေခဲတမျှအေးနေသည်ကို သတိထားမိသည်။ ဒီလိုအထိအတွေ့ကို ကျနော်မခံစားခဲ့ရသည်မှာ ၅ နှစ်လောက်တောင် ရှိခဲ့ပါ့လားဟု တွေးနေမိပြန်သည်။ သွားတိုက် မျက်နှာကို အမြန်သစ်ပြီး အိမ်ထဲဝင်လာတော့ အမေပြင်ပေးထားသည့် မနက်စာက အဆင့်သင့် ကျနော်ကြိုက်တတ်သော အချိုရည်မပါသည့် တို့ဟူးနွေးနှင့် ပဲပြုတ်ထမင်းကြော်... ပြီးတော့ တောင်ပေါ်လက်ဖက်ခြောက်နဲ့ ငါးရံ့ခြောက်ဖုတ်မွှေးမွှေးလေး.....

တီ...တီ... တီ..တီ...တီ တီ...တီ... တီ..တီ...တီ..တီ..တီ..တီ.. တီ...တီ... တီ..တီ...တီ တီ...တီ... တီ..တီ...တီ..တီ..တီ..တီ..

စူးရှသော အသံကြောင့် လူက ၀ုန်းခနဲ ထထိုင်မိလေသည်... ဘေးဘီကိုကြည့်မိလိုက်သော မျက်စိထဲ အသားကျနေသော မမြင်ချင်သည် မြင်ကွင်းတွေ... ကျဉ်းမြောင်းလှသည့် ထောင်သာသာ အခန်းကျဉ်းလေးထဲ မဆံ့မပြဲထည့်ထားသော လူတွေနဲ့ အ၀တ်တွေ၊ ပွစိကျဲနေသာ စာရွက်၊စာအုပ်တွေနဲ့ ကွန်ပြူတာတွေ... သြော်.... ငါအိပ်မက် မက်နေတာပါ့လား.... နာရီကိုကြည့်လိုက်တော့ မနက် ၈း၄၅... သြော် စင်ကာပူရောက် လူသားတယောက်ရဲ့ဘ၀တွေပါ့လား..... အိပ်မက်တို့ကို မပျောက်ပျက်စေလို ဒီလိုအိပ်မက်မျိုးဘယ်တော့မှ အကောင်အထည်ဖော်နိုင်မည်မသိ... ဤအိပ်မက်ကို သိမ်းထားလို့ရရင် သိမ်းထားလိုက်ချင်သည်... ဆုံးဖြတ်လိုက်သည်... ဖုန်းကိုကောက်ကိုင် မက်ဆေ့တစောင်ရေးပြီး ပို့လိုက်သည် အလုပ်က မန်နေဂျာဆီသို. ....... စောင်ကို ခေါင်းအထိလွှမ်းခြုံပြီး အိပ်မက်ကို ဆက်လက်မက်နိုင်စေရန် ကျနော် အကောင်အထည်ဖော်တော့သည်.... သည်လိုနဲ့ ကျနော်ရဲ့ ခွင့်ရက်တွေလဲ တရက်ပြီး..တရက် ကုန်ဆုံးခဲ့ပြန်သည်... ဒါပေမဲ့ ကျနော် ကျေနပ်ပါသည်.....


စာကြွင်း။ ။ နေ့အိပ်မက် ရဲ့ အိမ်လွမ်းသူဆိုတဲ့ Tag ပိုစ့်လေးဖြစ်ပါသည်။ သူရေးစေချင်တာက ဘာကိုလဲတော့ ကျနော်မသိပါဘူး.. ကျနော်လွမ်းသော ကျနော်ချစ်သော မြို့လေးကိုပဲ ရေးသားလိုက်ပါတယ်။ အားလုံး နားလည်ပေးကြပါလို့ တောင်းဆိုပါတယ်။ Tag တွေ များနေပါတယ် အကြွေးပိနေပါတယ် နောက်ထပ် ၃ ခုလောက် ကျန်ပါသေးတယ် တဖြည်းဖြည်းရေးပါ့မယ်လို့ နောက်ကျရင် ခွင့်လွှတ်ပါလို့.... ပြန်မ Tag တော့ပါဘူးး)


ပုံကို Google မှ ယူထားပါတယ်။


လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။




လေးစားလျက် တောင်ပေါ်သား

22 comments:

reenoemann said...

ငါ့နှယ် တကယ်ပဲ ပေါ်ပေါ် ပြန်သွားတာလာလို့ထင်လိုက်မိတာလေ။
ပိုစ့်ကိုများ ရှယ်ဂျူနဲ့ ထားခဲ့တာလာပေါ့။
အတွေးတွေနဲ့ အိပ်မရပဲ မျက်လုံးပိုကြောင်သွားတယ်။

တော်တော်ဆိုးတဲ့ အိမ်မက် ပြီအောင်ပဲ မက်ပါတော့လာနာ်။ လွမ်းတာတော့ ပြောမနေပါနဲ့တော့ ငါ့ညီရာ။

December 20, 2009 at 2:38 AM
Welcome said...

ပုံတွေဘာတွေနဲ့ဆိုတော့
အမှန်ပဲ ရွာပြန်ရောက်ပြီထင်နေတာ
ဆောင်းအိပ်မက်ရဲ့ ရိုက်ချက်ကတော့ လုပ်ချလိုက်ပြန်ပြီ။

ဝါးလုံးကွဲရယ်သွားရပါကြောင်း

December 20, 2009 at 2:40 AM
နေ့အိပ်မက် said...

ဒါကိုပဲရေးစေချင်တာပါ.. ကိုတောင်ပေါ်သားလွမ်းတာက ပီပြင်လိုက်တာအဟုတ်.. ဒါနဲ့ တို့ဟူနွေးရော ထမင်းကြော်ရော အကုန်စားတယ်လား.. မနက်စာမှာတင်လေ...

December 20, 2009 at 3:23 AM
ရေတမာ said...

တကယ့်ကိုကြည်နှုးဖွယ် ဆုံတွေ့မှုလေးပဲ။ အမြန်ဆုံးပြန်နိုင်ပါစေဗျာ။

December 20, 2009 at 10:51 AM
Anonymous said...

i know your feelings..
for me , worse than you, 15 years...

my parents are so old..
wanna meet with them..

but no way for me..
i m working here for them..

thanks for your post

December 20, 2009 at 11:22 AM
သံလွင် HeRo said...

ဦပေါ်ကြီး....
ရေးချက်ကတော့ထိတယ်ဗျာ
စိတ်ကူးနဲ့လက်တွေ.အမြန်ဆုံး
အကောင်ထည်ဖော်နိုင်ပြီး
တောင်ကြီးအိမ်ကိုအမြန်ဆုံး
ပြန်နိုင်ပါစေ။ ဒါပေမဲ့တစ်ခဏပြန်ခြင်း
သာဖြစ်ရင်ပိုကောင်းလိမ့်မယ်
ငါးစားလျက်
သံလွင်ဟီးရိုး

December 20, 2009 at 11:41 AM
flowerpoem said...

အလွမ်းတွေက ပီပြင်တယ် ကိုတောင်ပေါ်သားရေ

December 20, 2009 at 2:41 PM
ရွှေရတုမှတ်တမ်း said...

ဘယ်အချိန်ကများပြန်သွားသလဲလို့

December 20, 2009 at 4:35 PM
ဖိုးဂျယ် said...

လွမ်းနေတာလား ညီလေး သံလွင်ပြောသလို
ခဏတာပဲ ပြန်လာတာ ကောင်းမယ်။

ငါးကို ပြန်စားလျှက်
ဖိုးဂျယ်

December 20, 2009 at 5:03 PM
မေဇင် said...

ဘယ်တုန်းက ပြန်သွားပါလိမ့်ဆိုပြီး ဆက်ဖတ်နေတာ...အဲ့လို စိတ်ကူးအိမ်မက်လေးတွေ လေ...နေ့တိုင်းနီးပါး မက်နေခဲ့မိတယ်...။ ဒါပေမယ့်...မပြီးဆုံးတဲ့ အိမ်မက်ရှည်တွေ အတွက် ခရီးဆက်ရဦးမယ်...အမေ့အိမ် နဲ့ ဝေးနေရဦးမယ်..။

December 20, 2009 at 7:34 PM
အိုက်ခီလောက် said...

ပြန်ပေါ့ လွမ်းရင် အဟတ်
ဒီပိုစ့်ကို လေ အရင်ကလည်းတစ်ခါ ဖတ်ဖူးလားလို့ ပါ
အော် အဲ့တုန်းက ပိုစ့်က တစ်ခြားဟာပါ
မနက်ခင်း ကနေ စထားတာလေ
မနက်ခင်းအလှကို ဖွဲ့ ထားတာ
ကမွတ်ဆိတ် ဟုတ်တယ် ဟုတ်
ပြန်လိုက်ပါ ခဏလေးဖြစ်ဖြစ် အလွမ်းပြေတာပေါ့

December 21, 2009 at 1:06 AM
ကောင်းကင်ပြာ said...

အိမ်မက်လေး ဆက်မက်ပါစေ...မပြန်နိုင်ခင်တော့ အိမ်မက်တွေက အရေးပါနေတယ်နော်..ဆက်မက်ပါ...

December 21, 2009 at 1:24 AM
ကိုအောင်(ပျူနိုင်ငံ) said...

မွေးရပ်မြေကို ပျော်ရွှင်မှုတွေ အပြည့်နဲ့ ပြန်နိုင်ပါစေ။

December 21, 2009 at 3:09 AM
Anonymous said...

ဖတ်ရင်း လွမ်းမိတယ်ဗျာ။ ကျနော်တို့ ဘဝတွေက ဆိုးတာလား... အိအင်လောဘကြောင့်လား... ဝဋ်ကြွေးလား... ဝေခွဲမရဘူးဗျာ...။

December 21, 2009 at 4:45 AM
မိုးခါး said...

သနားပါတယ်
တို့ဟူးနွေးလေးတောင် မစားလိုက်ရရှာဘူးး))
အိမ်ပြန်ပြီး မြန်မြန် အလွမ်းသယ်နိုင်ပါစေး))

December 21, 2009 at 8:53 AM
ညီမလေး said...

ဘိုဖြူသီချင်းကိုနားထောင် ၊ အိမ်လွမ်းသူကိုဖတ် ...
မပြန်ချင်ဘယ်နေနိုင်ရိုးလဲကွယ် ။။။

December 21, 2009 at 1:14 PM
ဒဏ္ဍာရီ said...

ကိုတောင်ပေါ်သား ရေးထားတာ တကယ့်ကို ပြန်သွားတာလားလို့ ထင်မိတယ်။ စာအရေး ကောင်းသလို အိမ်မက်တွေနဲ့ လွမ်းတာလေးကလည်း ပီပြင်လိုက်တာ။ အိမ်မက်တွေ လက်တွေ့အမြန် အကောင်အထည် ဖေါ်နိုင်ပါစေ။ မရောက်ဘူးသေးတဲ့ ကိုယ့်တိုင်းပြန်က ချစ်စရာ ဒေသလေးကို သေချာ လေ့လာသွားပါတယ်။

ခင်မင်လေးစားလျှက်

December 21, 2009 at 2:54 PM
စည်သူ said...

ကိုတောင်ပေါ်သားရေ
အိမ်လွမ်းသူကိုဖတ်ပြီး လွမ်းသွားပြီဗျာ

အေးဗျာ.. ဘယ်လိုအကြောင်း ဘယ်လိုသဘောလဲ မသိဘူးဗျာ.. ဘယ်နေရာရောက်ရောက်.. တစ်ခါတစ်ခါ မွေးရပ်မြေကို လွမ်းရင် ရင်ထဲ မကောင်းဘူးဗျာ

လိုအင်ဆန္ဒတွေ ပြည့်ဝပါစေဗျာ

ခင်မင်စွာဖြင့်
စည်သူ။

December 21, 2009 at 4:26 PM
ဆောင်းနှင်းရွက် said...

ဘယ်လို ကွန်မန့် ပေးရမှန်း
မသိလို့ ..
ဖတ်သွားတယ် ပဲ ပြောတော့မယ် ..

ဒါပေမယ့်
စဖတ်ဖတ်ချင်းတော့ကတော့
တကယ် ပြန်သွားတယ် ထင်နေတာ ..
ဘယ်တုန်းက ပြန်သွားတာပါလိမ့်ပေါ့ ...
နောက်မှပဲ .....
ဟွန်းးးးး ....

December 21, 2009 at 11:55 PM
Vigor said...

same as you cos same home town. I miss home. There is an Old Man & an Old Lady, every day waiting for their home coming son. But I don't know when I can go back again.
Please post more. Thanks

December 22, 2009 at 10:11 AM
မြစ်ကျိုးအင်း said...

အိမ်တံခါးဝမှာ မတ်တပ်ရပ်စောင့်နေတဲ့ အမေ မျက်ရည်ကျတယ်ဆိုတဲ့နေရာရောက်တော့ ရင်ထဲမှ ထိ သွားတယ်ဗျာ ။ ကျနော်ပြန်ရင်လည်း မေမေအဲဒီလိုပဲ ဖြစ်နေမှာ သေချာတယ်။
အမေကိုချစ်သော အဝေးရောက်သားတွေ အိမ်ပြန်နိင်ပါစေဗျာ

December 23, 2009 at 9:55 PM
သီဟသစ် said...

ညီလေးပေါ်ရေ

အိမ်ပြန်ရတာ အဲလောက်မခက်ပါဘူးကွာ။ ကုန်ကျစရိတ်တော့ နည်းနည်းများမှာပေါ့။
တကယ်ပြန်ချင်စိတ်ရှိရင် ခဏအလည်ပြန်ဖို့ အားပေးပါတယ်။ မပြန်တာ တော်တ်ေကြာပြီ မို့လား.

ခင်မင်စွာဖြင့်
သီဟသစ်

December 29, 2009 at 8:30 PM