Wednesday, November 4, 2009

ဘလော့ရပ်ဝန်း


ကျနော်တို့ မြန်မာတွေ ကိုယ့်တိုင်းပြည်ကို ဘယ်လောက်ချစ်သလဲ ကျနော်သိပ်သိချင်သည်။ မြန်မာတွေဟုဆိုလိုက်လို့ ဗမာဆိုတာနဲ့ကို သွားမရောစေချင်။ မြန်မာပြည်မှာမွေးပြီး မြန်မာပြည်မှာကြီး မြန်မာရေသောက်လာသည်ကို ကျနော်ကတော့ မြန်မာဟု ခေါ်ဆိုချင်သည်။ အခုလဲ ကျနော်သိချင်သောအကြောင်းအရာတွေကို ခန့်မှန်းအားဖြင့် သိလိုက်ရသဖြင့် ကျနော်ဝမ်းသာသည်။ ကျေနပ်သည်။ အားရသည်။ နားရှုပ်သွားလားမိတ်ဆွေ လွန်ခဲ့တဲ့လက ကျနော် ဘလော့ရဲ့ဘေးတွင့် စစ်တမ်းတခုလုပ်ခဲ့ပါတယ်။ ဒို့တိုင်းပြည်(အမိမြေ) လွတ်လပ်ရင် သင်ဘာလုပ်မလဲဆိုပြီးပေါ့ အားလုံးကို ဖြေဆိုသူပေါင်း (၄၃)ယောက် ရှိခဲ့ပါတယ်။ အဲ့ထဲကမှ အားလုံးနီးပါး (၄၁)ယောက်က ကိုယ့်မွေးရပ်မြေ၊ ကိုယ့်တိုင်းပြည်ကို ပြန်ကြပါ့မယ်တဲ့... ကျနော်ကတော့ ဒါလေးကိုကြည့်ပြီး ၀မ်းသာနေမိတယ်။ တကယ့်ကိုကျေနပ်တယ်.....

နောက်တခုက.... ခုတလော စဉ်းစားနေမိတာလေးတွေ ရှိတယ်။ ဘာလို့များ လူတွေ ငါဆိုတဲ့အတ္တကို ချုပ်ကိုင်ထားချင်ရသလဲမသိပါဘူး။ တကယ်တမ်း လူဆိုတာ သေသွားရင် ဘာမှ မရသလို ကိုယ်မြင်တဲ့အတွေး၊ အယူအဆတွေဟာလဲ မှန်သလား မှားသလား ဘယ်လိုမှမသိဘူးမလား။ ဒီတော့ ကိုယ်မှန်ရင် ကိုယ်လုပ်ပေါ့.. ဒါပေမဲ့ ကိုယ့်အယူအဆကို တယူသန် ငါပဲမှန်တယ်ဆိုပြီး လိုက်လုပ်နေလို့ကတော့ ဘယ်တော့မှ တိုးတက်ဖို့ရာမမြင်မိပါဘူး။ ဆိုလိုတာက ကျနော်တို့ မြန်မာတွေ စိတ်ဓါတ်ပါပဲ။ ကျနော်တို့ ကိုယ့်ဟာကိုယ် ပြန်သုံးသပ်ဖို့တော့ လိုနေပါပြီ။ တယောက်နဲ့တယောက် နစ်နာအောင် လုပ်မယ်၊ တယောက်ကို မကျေနပ်ရင် အဲ့ဒီတယောက်ရဲ့ ဘ၀ပျက်သွားဖို့ ဘာတွေ စတေးရစတေးရ လုပ်ရဲတယ် လုပ်ရက်တယ်။ ဒါတွေဟာ ကျနော်တို့ မြန်မာတွေမှာ အများဆုံးတွေ့ရတာပါ။ မြန်မာနဲ့မဆိုင်ဘူး လူတွေ ခံယူတဲ့ စိတ်ဓါတ်နဲ့ပဲဆိုင်တယ်ဆိုပြီးတော့ လာပြန်ငြင်းမယ်ဆိုလဲ ကျနော်မှာအဖြေတခုပဲ ရှိပါတယ်။ ကျနော်တို့ မြန်မာတွေရဲ့စိတ်ဓါတ်ကိုက အဖက်ဖက်က ချွတ်ခြုံကျနေပါပြီ။

ခုလဲကြည့်လေ ဘာမှမဟုတ်တဲ့ ဒီဘလော့စာမျက်တွေပေါ်တက်ပြီး ရန်တွေဖြစ်နေကြတာ တကယ်တမ်း ရှက်ဖို့တောင် ကောင်းပါတယ်။ အရင်ပိုစ့်မှာရေးသလိုပေါ့ သာမာန် မသိသေးတဲ့ အင်တာနက်သုံးသူတွေအဖို့ ဘလော့ဂါဆိုတာ ဒီလို တဦးနဲတဦး ရန်စောင်းနေကြတယ်လို့ မြင်သွားတော့မှာ မလွဲပါဘူး။ တကယ်တော့ ပြဿနာက ဘာမှ အရေးတယူလုပ်ရမဲ့ ကိစ္စမဟုတ်။ ဒီဘလော့လောကပေါ်မှာ စာပေကို စာပေလို့ခံယူပြီး အမြတ်တနိုးခုန်မင်တဲ့လူစုတွေ ရှိသလို၊ အပျော်တမ်း စိတ်ခံစားချက်လေးတွေ ရင်တွင်းခံစားချက်လေးတွေကို ဖော်ပြချင်ရုံတတ်တတ် စာရေးသားကြသည့် လူစု ဟူ၍ အဖွဲ့တွေ ရှိနေသည်သာ ဖြစ်သည်။ ဒါကို ကျနော်တို့သေချာ ညှိုနှိုင်းအဖြေရှာလျှင် အဖြေသည် အလွယ်လေးသာ။ ဒါမှမဟုတ် ငါ... ငါ သာသည် အမှန်ဟုသာ တစွတ်ထိုး ခံယူထားသည်ဆိုပါက အဖြေသည် ဘယ်တော့မှ ရတော့မည်မဟုတ်။ ဒီတော့ ကျနော်တို့ဘလော့လောကပေါ်မှ အုပ်စု (၂)ခုကို ကျနော် အမြင်နဲက ကျနော်ရှင်းပြချင်သည်။ကျနော့်ခံယူချက်ကတော့ ကျနော်သည် ဘယ်တော့မှ မိမိကိုယ် မိမိ ဘလော့ဂါတယောက်လို့ မခံယူထားသလို ကျနော်သည်လဲ စာကောင်းပေကောင်းတွေ မရေးတတ်ပါ။ ထိုကြောင့် ကျနော်ပိုစ့်များတွင် ကျနော့်ကို ကျနော်သုံးနှုန်းမည်ဆိုပါက ဘလော့ဂါဆိုသူများဟု အများဆုံး သုံးနှုန်းခဲ့ပါတယ်။ ဒါပေမဲ့ ကျနော် ဒီဘလော့ပေါ်တွင် စာရေးသည့် အချက်များစွာ ရှိသည်။

၁) သာမန် အပျော်တမ်း ရေးသားသူများ

အပျော်တမ်းရေးသားသူတို့သည် သူတို့ရဲ့ တိုင်းပြည်၊ မိသားစုကိုလွမ်းသည်။ ဒီအတွက် သူတို့အလွမ်းစာတွေ ရေးသည်။ ကဗျာတွေတင်သည်။ အားလုံးသောစာတွေသည် စာပေလောကအတွက် တန်းဝင်ဖြစ်သည်ဟု တခါမှ မတွေးဖူးပေ။ ဒါပေမဲ့ သူတို့ပျော်ကြသည်။ အဘယ်ကြောင့်နည်း.. သူတို့လို အမိမြေ၊ မိသားစုကိုလွမ်းနေသူများက သူတို့၏ ခံစားချက်များကို ၀င်ရောက် ခံစားပေးသည်။ စာရေးသားသူကို အတတ်နိုင်ဆုံး အလွမ်းတွေ ပြေပျောက်အောင် သူတို့နှစ်သိမ့်ပေးသည်။ အဓိကအားဖြင့် သာမန်ရေးသားသူများသည် စိတ်၏စေစားရာ၊ လက်ရှိစိတ်ထဲတွင် ဖြစ်ပေါ်နေသောအရာများကို ဦးစားပေး ဖော်ပြတတ်သည်။ ဥပမာ အသဲကွဲနေသူတယောက်အတွက် အသဲကွဲ ကဗျာတွေ၊ အိမ်လွမ်းနေရင်လဲ လွမ်းတဲ့အကြောင်းလေးတွေ .... စသည်ဖြင့် ဒါတွေသာ များနေပေမည်။ အဓိက သူတို့သည် တယောက်နဲ့တယောက် ပုဂ္ဂိုလ်ရေး ပိုမိုခင်တွယ်သူများ ဖြစ်ပေလိမ့်မည်။ စာလာဖတ်သည် ပြီးရင် ကောမန့်ပေးသည်။ တခါတလေ စာကိုသေချာတောင် မဖတ် အပေါ်ယံလေး ဖတ်ပြီး ကောမန့်ပေးတတ်သည်။ ဒါကို သူတို့ အပြစ်မမြင်။ သူတို့လိုချင်သည်မှာ တယောက်နဲ့တယောက် အပြန်အလှန် ရင်းနှီးမူ အထီးကျန်ဆန်မူကို မလိုချင်သည်သာ ဖြစ်ပေသည်။


(၂) စာပေကောင်းများကို မြတ်နိုးသူ....

ဤအဖွဲ့ကတော့ အပေါ်ကအဖွဲ့နှင့် ဆန့်ကျင်ဖက် ဖြစ်ပေလိမ့်မည်။ နံပါတ် (၂)အဖွဲ့သည် စာရေးသူများ တနည်းအားဖြင့် ဘလော့ပေါ်တွင် စာရေးပြီးဆိုကတည်းက စာပေကိုလေးစားရမည်သာဖြစ်သည်။ သူတို့၏ စိတ်ထဲတွင် ယခုတလော မြင်နေရသော စာပေများကို အားမလို အားမရဖြစ်နေပေမည်။ စာဖတ်ပရိသတ်ကို အနဲနှင့် အများဆိုသလို ထိခိုက်သည်ဟု သူတို့မြင်သည်။ အဘယ်ကြောင့်နည်း... သူတို့သည်က စာပေကို ပရိုဆန်စွာ မြတ်နိုးသောကြောင့် ဖြစ်ပေလိမ့်မည်။ သူတို့သည် သာမန်ကာလျှံကာပေးသွားတဲ့ ကောမန့်များကို အလိုမရှိ၊ သူတို့ရေးသားသော စာပေကို သူတို့ မြတ်နိုးသည်ထက် စဖတ်သူ ပရိသတ်ကို လေးစားသည်။ ဤသည်သာဖြစ်ပေသည်။



တကယ်တမ်း ဤ အုပ်စု (၁) နဲ့ (၂)သည် အားလုံးကို အပြုသဘောဆောင်နေပါသည်။ အားလုံးသည် စာကောင်းပေကောင်း ဖြစ်သည်ဟု ရေးသားသူတိုင်းက ခံယူမည်သာဖြစ်ပေသည်။ မည်သူမျှ စာဖတ်ပရိသတ် ငြိုငြင်အောင် လုပ်ဆောင်သည့် ပိုစ့်တခုမျှ ကျနော်လက်ရှိ အသိုင်းအ၀ိုင်းထဲတွင် ယခုထိမရှိသေးပေ။ တယောက်နဲ့တယောက် နားလည်မူလွဲနေခြင်းသာ ဖြစ်ပါစေဟု ကျနော်ကတော့ ကြိတ်ဆုတောင်းနေမိသည်။

အရေးကြီးသည်က ကျနော်တို့ဘလော့ပေါ်မှာ စာကောင်းပေကောင်းဆိုသည်ကို ဘယ်လို အတိုင်းအတာနဲ့ တိုင်းတာသလဲ။ ဒါသည်လဲ အရေးကြီးပေသည်။ ကျနော်တို့သုံးနေတဲ့ ဘလော့ဆိုသည်မှာ ဂျီမေးအကောင့်တခုရှိလျှင် ဘလော့ဆိုတာကို တခုထက်မကလုပ်နိုင်ပေသည်။ အားလုံးသည် တကယ်တမ်း နာမည်အရင်းတွေနဲ့ကော ရေးသားနေသည်လား။ အယောက် ၁၀၀ မှာ ၉၀ကျော်သည် နစ်နိမ်း (နာမည်ဝှက်)တွေနဲ့သာ ရေးသားကြပေသည်။ ဘယ်သူမှလဲ အမည်ရင်းကို ဖော်ပြ၀ံ့သည် စိတ်ရှိမည်မဟုတ် အဘယ်ကြောင့်ဆိုသော အင်တာနက်ဆိုသည်မှာ လိမ်ညာမူတွေနဲ့ ပြည့်နေသောကြောင့်ဆိုသည့် ကျနော်တို့၏ အမြင်ကျဉ်းများကြောင့် ဖြစ်ပေလိမ့်မည်။ ဒါမှမဟုတ် ကိုယ့်ရဲ့ ပါစင်နယ်ကို မသိစေချင်၍လဲ ဖြစ်ပေမည်။ ကျနော်တို့သည် တကယ်တမ်း အပြင်မှာ ဒီလူကိုမြင်ဖူးဖို့ မဆိုနဲ့ ဘလော့ပေါ်မှာတောင် တွေ့ဖို့ဆိုတာ သိပ်သေချာသည်မဟုတ်။ ဒီတော့ ဒီလူတယောက်ရဲ့ စိတ်ဓါတ်ကို ဘယ်လိုပေါင်းစည်းမလဲ အပေါ်ယံတွေသာကောင်းနေသည့် လူဆိုလျှင်ကော.. ဆိုလိုချက်က စာကောင်းပေကောင်းများကို ရေးသားသင့်သည်မှာမှန်ပေသည် ဒါပေမဲ့ ကျနော်တို့ဘယ်လိုစာတွေကို စာပေစာကောင်းဟု စံနှုန်းထားမလဲ... တကယ်တမ်း စာပေစာကောင်းတွေမှ ရေးသားရမည်ဆိုလျှင်တော့ ကျနော်သည်လဲ ကျနော့်ဘလော့ကို ပိတ်ရရုံသာ ရှိပေတော့မည်။ ကျနော်ခံယူထားသည်မှာ ကျနော်တခါမှ စာပေစာကောင်းများ မရေးထားသောကြောင့် ဖြစ်ပေသည်။ ဒါပေမဲ့ ကျနော်ဒီထက်မက ကြိုးစားချင်သေးသည်။ ဒါဆိုလျှင် အပေါ်က နံပါတ်(၂) အဖွဲ့အနေနဲ့ ကျနော်၏ ကြိုးစားမူကို မကြိုဆိုတော့ဘူးလား.. ဘလော့ဆိုတာကို တကယ့်အပြင်မှာ စာရေးဆရာ၊ ဆရာမများသာ ရေးသားရမည်ဟု ဆိုလိုခြင်းသည်လား.. ဒါဆိုရင်တော့ မြန်မာဘလော့ သိန်းဂဏာန်းကျော်မှသည် ဆယ်ဂဏာန်းသို့ ပြန်ရောက်သွားပေမည်။

ပရိသတ်အကြိုက်လိုက်ပြီး စာကောင်းပေကောင်းများကို ရေးသားရမည်ဆိုတော့လဲ ကျနော်တို့တွင် ပရိသတ်က မရှိပေ။ တကယ်တမ်း စာဖတ်ပရိသတ်များသည် အပေါ်ယံသာများနေခြင်းဖြစ်ပေသည်။ တကယ်စာကောင်းပေကောင်များ ရေးသားသူများ၏ ဘလော့များတွင်တောင် ပေးသွားသောကောမန့်များသည် လူကိုခင်၍ ဖြစ်စေ၊ အပေါ်ယံဖတ်ပြီး ဖြစ်စေ ပေးသွားတတ်သည်ကား များပေသည်။ တကယ်တော့ ဘလော့လောကတွင် အဖြစ်သင့်ဆုံးသော အရာများသည်ကားးးးးးး...

၁) သင့်မြတ်စွာရေးသားသူတိုင်းကို ကြိုဆိုပါ။ (ပရိသတ်၊ အချင်းချင်း တဦးကိုတဦး ရန်စောင်းခြင်းမဟုတ်လျှင် ကြိုဆိုသင့်ပါသည်။)
၂) စာကောင်းပေကောင်းမဟုတ်လဲ တချိန်တွင် သူ၏လက်မှ အဖိုးတန်စာပေကောင်းများ ထွက်လာနိုင်ပေသည်။
၃) ဘလော့ဂါဆိုသူတွေ အချင်းချင်းသည်လဲ အပေါ်ယံ ကောမန့်ပေးခြင်းထက် ရေးသားထားတဲ့စာပေကို သေချာဖတ်ပြီး လိုအပ်ချက်တွေ၊ ပိုလွန်ခြင်းတွေကို မျှတစွာ ဝေဖန်ပိုင်းခြားဖို့ လိုနေပါတယ်။
သာမာန်ခင်မင်ချင်ရင်တော့ စီပုံးမှာတာ ရေးသားသင့်ပါသည်။

၎) စီပုံးမထားသော ဘလော့များအနေနဲ့ စီပုံးကို ထားသင့်ပေသည်။ ဒါမှ ကောမန့်နဲ့ စီပုံးမရောသောအခါ အမြင်ရှုပ်ပြီး စိတ်အခန့်မသင့်ခြင်း မဖြစ်တော့ပါဘူး
၅) ရေးခြင်းသာရေးမယ် မလာချင်မလာနဲ့လို့ မပြောဆိုပါနဲ့..


တကယ်တမ်း ကျနော်စဉ်းစားနေတယ်။ ပရိသတ်တွေအကြိုက်လိုက်လုပ်ရစတမ်းဆိုရင်တော့ ကျနော်တို့ ဘလော့ကင်း (စာရေးသားခြင်းကိုရပ်ပြီး) Porn ဆိုဒ်တွေထောင် ကြော်ငြာပေးပြီး လုပ်စားကြရအောင်လား ဒါဆို ကျနော်တို့ ပိုက်ဆံလဲ ပိုရလာမယ် သူဌေးလဲဖြစ်တာမြန်မယ်နော့် ပရိသတ်လဲ အကြိုက်ပေါ့ အဟားဟား တကယ်တမ်း စာဖတ်ပရိသတ်များအနေနဲ့က သူတို့အတွက် ကောင်းသည်ကိုယူပြီး မကောင်းသည်များကို ကျော်သွားတတ်မည်ဆိုလျှင်တော့ ကျနော်တို့အတွက် အတိုင်းထက်အလွန် ၀မ်းသာစရာသာ ဖြစ်ပေလိမ့်မည်။ တကယ်တော့ ဘလော့ရေးသားသူတိုင်းသည် ပိုက်ဆံမရ အချိန်ကုန်ခံပြီးတော့ စိတ်ခံစားမူလေးတွေ၊ ၀ါသနာလေးတွေကို အခြေခံပြီး ရေးသားနေခြင်းသာ ဖြစ်ပါသည်။ အားလုံးကို တယောက်နဲ့တယောက် ရန်မစောင်းကြပဲ လူလောကအတွက် ရှိသင့်တဲ့ ဘလော့လေးတွေဆိုရင်တော့ အားလုံးပဲ ၀ိုင်းဝန်းပြီး ကြိုဆိုမယ်ဆို မကောင်းဘူးလားဗျာ....


မှတ်ချက်။ ။ လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။



လေးစားလျက် တောင်ပေါ်သား

23 comments:

Sein Lyan Tun said...

တစ်

November 5, 2009 at 11:20 PM
Sein Lyan Tun said...

အမှန်တွေ ရေးထားတယ်..

ဟုတ်တယ်..

ပြောစရာဘာမှ မရှိ...

ထောက်ခံပါတယ်..

ချစ်တဲ့

စိန်

November 5, 2009 at 11:27 PM
ကိုလူထွေး said...

တဖြည်းဖြည်းနဲ့ ရွာတရွာလို ဖြစ်လာတော့ ရွာသားအချင်းချင်း ကတောက်ကဆ ဖြစ်တာမျိုးတော့ ရှိမှာပေါ့လေ...

တမိထဲကပေါက်ဖွားကြတဲ့ မောင်နှမအရင်းတွေတောင်မှ စိတ်အခန့်မသင့်ဘူးဆိုတာ ရှိတတ်ကြသေးတာ...

ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့ တောင်ပေါ်သားပြောသလို ဝိုင်းပြီး ကြိုးစားနိုင်ကြရင် အကောင်းဆုံးပါပဲ...

လွတ်လပ်စွား ထောက်ခံပါတယ်...

းဝ)

November 6, 2009 at 3:53 AM
Waing said...

အရင်တုန်းကတော့ ဘလော့ရဲ့ စာဖတ်ပရိသတ်တစ်ဦးပါ
အခုနောက်ပိုင်းမှ ဘလော့ရေးဖြစ်သွားတာလေ ဘလော့တွေလည်း ဖတ်ဖြစ်ပါတယ်။ ဗဟုသုတဖြစ်စေမယ့် အရာတွေကို တတ်နိုင်တဲ့ဘက်က အသိပညာပေးစေချင်လို့ အခုလို ဘလော့ရေးဖြစ်သွားပါ။ ဘလော့ဂါ မောင်နှမတွေ အားလုံးကို သူများတွေထက် ပိုပြီး ခင်မင်မိပါတယ် ဘလော့က ၀ိုင်းဘ၀ရဲ့ တစိတ်တပိုင်းအဖြစ် အရေးကြီးတဲ့ တစ်ထောင့်တစ်နေရာမှာ ရှိနေပါတယ်။ စာဖတ်သူတွေ အားလုံးလည်း လေးစားတယ်။ စာရေးတတ်သူ၊ ကဗျာတွေရေးတတ်သူတွေ အားလုံးအားလုံးကိုလည်း လေးစားပါတယ်။ ဘလော့ဂါရပ်ဝန်းကြီး အဓွန့်ရှည် တည်တံ့စွာနဲ့ ခိုင်မြဲသော လက်များဖြင့် တစ်ယောက်ကို တစ်ယောက် ဖေးမကူညီ အသိပညာဖြန့်ဝေနိုင်ကြပါစေလို့.....

November 6, 2009 at 11:38 AM
flowerpoem said...

ဘလော့ဂါတွေအားလုံးကိုလေးစားပါတယ်.. . တတ်သလောက်ကြိုးစားအားထုတ်သူတွေဖြစ်လို့ပါ..
ကျန်တာတော့သိပ်မပြောတတ်ပါဘူး

November 6, 2009 at 2:58 PM
စည်သူ said...

အင်း..

မှန်ပါတယ် ကိုတောင်ပေါ်သားရေ..
မပြောတတ်တော့ ဘာမှမပြောတော့ဘူး

ထောက်ခံပါတယ်..
ဘလော့ပေါ်ရောက်နေတဲ့ စာတော်တော်များများဟာလည်း
ကောင်းပါတယ်..

ဒီ့ထက်ကောင်းအောင် ဝိုင်းပြီး ကြိုးစားကြပါစို့လို့ပဲ ပြောချင်ပါတယ်..

ခင်မင်စွာဖြင့်
စည်သူ။

November 6, 2009 at 3:10 PM
မိုးခါး said...

ဘလော့ပေါ်မှာ စာတွေ ရေးနေကြတယ် ဆိုကတည်းက အနည်းဆုံးတော့ ကိုယ့်ဘလော့အပေါ်မှာ သံယောဇဉ်ရှိကြမှာပဲလေ .. တဦးအပေါ်တဦး လေးစားမယ် နားလည်ပေးနိုင်မယ်ဆိုရင် အဆင်ပြေပါတယ် ..း))

November 7, 2009 at 12:08 AM
Libratun said...

တစ်ဦးနဲ့ တစ်ဦးရန်စောင်လည်း စိတ်ထိခိုက်စရာ မလိုပါ။ ဘလော့ကြီးကို သုံးမရအောင်ပိတ်ပစ်လဲ ထပ်ဖွင့်ပြီး ကိုယ်ပေးနိုင်သလောက် အကောင်းဆုံးတွေ ပေးနေဦးမှာပဲဗျာ။ ဒီရက်တွေကတော့ ကွန်ပျူတာ နဲ့ နတ်ဝက် မရှိလို့ဗျာ ငြိမ်ချက်သားကောင်းနေတာ။

November 7, 2009 at 2:13 AM
khin oo may said...

တို့လဲရေးသမျအရေမရအဖတ်မရဖြစ်သွားတယ်။

November 8, 2009 at 12:12 AM
ဆန်းဝင်း said...

ညီရေ.. လာဖတ်သွားပါတယ်..
အကို ကိုယ်တိုင် အပျော်တန်း အဆင့်ရေးသားသူ တစ်ဦးပါ... ဒါပေမယ့် သူများရေးထားတဲ့ စာကောင်းပေကောင်းတွေကို ဖတ်ရတဲ့အခါ.. လေးစားမိပါတယ်။

November 8, 2009 at 7:22 AM
ပုံ့မေ said...

အတ္တဆိုတာ ရှိကောင်းပါတယ်။ ဒါပေမဲ့ ရှိသင့်တဲ့ အတ္တက သူတပါးထိခိုက်စေမဲ့ အတ္တမဖြစ်စေရဘူး။ ဒါကိုတော့ လက်ခံထားတယ်။

စာရေးဆရာနဲ့ ဘလော့ဂါဆိုတာ ပြောချင်သေးတယ်။ ဘလော့မှာ စာရေးနေတဲ့သူတွေ စာရေးဆရာ အမည်မခံဘူးထင်ပါတယ်။
သူတို့ ကွဲတာမှာ စကတည်းက ကွဲတာပဲ။ စာလုံးပေါင်းတောင်ကြည့်လေ။ မတူဘူး။ အင်္ဂလိပ်လိုဆို author နဲ့ blogger၊ မြန်မာလိုဆို စာရေးဆရာနဲ့ ဘလော့ဂါ။

ပြီးတော့ အသက်မွေးမှုကွာတယ်။ စာရေးဆရာရဲ့ အသက်မွေးမှုက စာရေးမှုပေါ်မူတည်တယ်။ ဘလော့ဂါရဲ့ အသက်မွေးမှုက ဒီအပေါ်မှာမူမတည်ဘူး။ ခံစားချက်ပေါ်မူတည်တယ်။

အဲတော့ သူတို့ ရဲ့ စွမ်းဆောင်နိုင်မှုတွေက မတူနိုင်ဘူး။

စာကောင်းပေကောင်း.... တိုင်းတာတာနဲ့ ပတ်သက်လို့ ... မေသူတခါ ကော်မန့် မှာပေးဖူးသလို ... ဒါ တယောက်ချင်းစီနဲ့ ဆိုင်ပါတယ်... လူတိုင်းမှာ ကိုယ့်စံသတ်မှတ်မှုရှိတယ်။ သတ်မှတ်စံနဲ့ ချော်သွားရင် စာကောင်းပေကောင်းမဟုတ်တော့ဘူး။ အဲတော့ တယောက်အတွက် စာကောင်းပေကောင်းမဖြစ်နိုင်ပေမဲ့၊ ကျန်တဦးတယောက်အတွက်တော့ ဖြစ်သွားနိုင်တယ်။

အစွန်းနှစ်ဖက်မှာ ထိုင်နေရင် ဘယ်အစွန်းဖြစ်ဖြစ် အခန့် မသင့်ရင် ပြုတ်ကျနိုင်တယ်။ ဘုရားတောင် အလယ်အလတ်ကျင့်စဉ်လိုက်ရမယ်မှာထားခဲ့သေးတာပဲ။
ဟိုဖက်စွန်းဒီဖက်စွန်း နှစ်ဖက်ကိုနားလည်ပြီး ကိုယ့်အတွက် အကောင်းဆုံးသော အမြင်ကို ဆွဲနိုင်ရမယ်။

မေသူကတော့ သာမန်အပျော်တမ်းရေးသူအဖွဲ့ ထဲမှာ နံပါတ်တစ်နေရာမှာ ပါပါတယ်။ အဟီးး :D

ဘယ်သူမဆိုတော့ ကိုယ်ဖန်တီးထားတဲ့ အရာပေါ်မှာတော့ မြတ်နိုးမှုရှိကြတာပါပဲ။ စကားပုံတောင်ရှိတာပဲ "ကိုယ်ထင်ကုတင် ရွှေနန်း"လေ။

အဟတ် ကော်မန့် ရှည်သွားတယ်။ အပြင်မှာတောင် မဟုတ်ဘူးနော် ကိုတောင်ပေါ် ဘလော့ပေါ်မှာပါ လျှာရှည်တယ် :P

November 8, 2009 at 4:24 PM
နေ့အိပ်မက် said...

တစ်ကယ်ကောင်းတဲ့ပို့စ် ရှိရှိသမျှဘလော့ဂ်ဂါတွေ လိုက်ပေးဖတ်သင့်တယ်..

ဒါနဲ့ ဂဏန်းက ရေးချပါဘူးထင်တာပဲ

November 9, 2009 at 10:56 PM
Pwint Myue Zin said...

Totally agree :P

November 10, 2009 at 11:28 AM
ဂျပန်ကောင်လေး said...

ပြောချင်တာနဲ့ အတော်ပဲ..း)...

November 11, 2009 at 7:56 PM
ဏီ(န်)ကင်း said...

လုပ်စမ်းပါဗျာ.. ဒါမျိုးလေးတွေ.. ကောင်းတယ်.. လက်ခံတယ်.... အခုဒီလောကကိုကြည့်ရတာ.. မိုးလေ၀သသိပ်မကောင်းပေးဘူး

November 12, 2009 at 10:57 AM
ကဗျာဦး said...

မှန်ပါပေတယ်

November 14, 2009 at 8:21 PM
ဖိုးသင်္ကြန် said...

ဘာပဲပြောပြော
ခုလို ဘလော့တွေဖွင့်၊ စာတွေရေး၊ ဝိုင်းဆွေးနွေး၊ နှုတ်ဆက်၊ ဝေဖန်၊ တိုက်ခိုက်၊ ... ကြတာကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ စိတ်လိုလက်ရ စကားပြောခွင့်၊ ချပြခွင့်ရကြတာ ဒီတနေရာပဲ ရှိတာ မဟုတ်လားခင်ဗျာ။

November 15, 2009 at 4:33 AM
စိုင်းစိုင်းလားရှိုး said...

တောင်ပေါ်သားရေ စာပေဆိုတာ သက်ဆိုင်ရာ လူမျိုးစုတွေရဲ့ ယဉ်ကျေးမှုကိုဖော်ပြတာပါ။ စာရေးတတ်သည် မရေးတတ်သည်ထက် စာပေကို မြတ်နိုးတဲ့ စိတ်နဲ့ ဘလော့ပေါ်မှာ လာပြီး ဘလော့ဂင်းတယ် ဆိုကတည်းက သူဟာ စာပေကို မြတ်နိုးတဲ့စိတ် ရှိနေပြီ။
အဲ့တာကို ကိုယ်က ၀မ်းသာတယ် ကြိုဆိုတယ်။ စာပေမြင့်မှ လူမျိုးတင့်မှာလေ အလိမ္မာဆိုတာလဲ စာပေကသာ အများဆုံး ဖေးမထားတာပါ။ ဆက်ရေးမယ်ဆိုရင် အရမ်းရှည်သွားမယ် ညီလေးရေ... ကိုယ်ဘာကိုဆိုလိုတာလဲဆိုတာ ညီ မင်းလဲ သိမှာပါ...ဒီကွန်မန့်ကို ဖတ်မိသူတိုင်းလဲ နားလည် နိုင်မယ်လို့ ထင်ပါတယ်။ နင့်ရဲ့ ပို့စ်လေးကို အရမ်းကြိုက်ပါတယ် ဒါမျိုးတွေကို များများရေးပေးပါ။

November 16, 2009 at 10:27 PM
Ðaywalker[Soul] said...

လာဖတ်တယ်ဗျာ

November 17, 2009 at 8:48 AM
Unknown said...

ကိုတောင်ပေါ်သားရဲ့ အိုက်ဒီယာလေးကောင်းပါတယ်
မမေသူ ရေးထားတာလေးကိုလဲ သဘောကျတယ်
အားလုံးရဲ့ အမြင်လေးတွေ ခံယူချက်လေးတွေကို ခုလိုဖတ်ခွင့်ရတာ အများကြီး ဗဟုသုရပါတယ် .....
ခင်မင်လေးစားလျှက်
နှင်းဟေမာ

November 17, 2009 at 10:42 AM
နန်းညီ said...

အဖွဲ့ ၃ အကြောင်းကျတော့ မပါသေးဘူး.. ရှိသေးတယ်လေ အဖွဲ့၃ အမျိုးအစား .. :D

November 17, 2009 at 12:09 PM
ကောင်းကင်ပြာ said...

အားလုံး အေးအေးဆေးဆေး ဆို အကောင်းဆုံးပါလေ..

November 19, 2009 at 2:41 AM
မြစ်ကျိုးအင်း said...

သိပ်ကောင်းတဲ့ပို့စ်လေးပါပဲ

အားလုံး အပြုသဘောဆောင်ပြီး ကိုယ့်ဆီစာလာဖတ်တဲ့ သူအတွက် စေတနာပါပါလေးတွေ လုပ်ကြစေချင်တာ ပါပဲ။ စေတနာပါပါဆိုတာက စာတပုဒ်ကို ပြီးစလွယ် မရေးတာကို ပြောချင်တာပါ..။ ဒါပေမယ့်စာဖတ်သူ တွေက ခွဲခြားတတ်ပါတယ်လေ

ဒီပို့စ်လေး သဘောကျတယ်..။

November 19, 2009 at 10:32 AM