Thursday, August 13, 2009

နောက်ဆက်တွဲ


ပြီးခဲ့တဲ့ ကဗျာပိုစ့် လေးကို တင်လိုက်တော့ ကျနော်ချစ်တဲ့ ညီအကိုမောင်နှမများက ကျနော့်ကို အသဲကွဲနေတယ်၊
ဘာညာနဲ့ အမျိုးမျိုး တွေးထင်နေကြပါတယ်။ ဒီအတွက် ကျနော့်ကို စိတ်ပူတဲ့၊ ခင်တဲ့ ကျနော့်ညီအကို မောင်နှမများကို ကျနော် တောင်းပန်ပါတယ် ကျနော်တကယ်တမ်း တင်လိုက်တဲ့ ကဗျာလေးက ၁၁ ရက်နေ့မှာ ကျနော်တို့မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်စူးပြီး ကဗျာတပုဒ် စိတ်ကူးပြီး တင်လိုက်တာပါ။ ဒီလိုရေးရတဲ့ အကြောင်းကလဲ ကျနော်တို့လူမျိုးတွေဟာ ကိုယ့်ကို တိုင်ပတ်မှာကြောက်တယ်ဆိုတဲ့ စကားကိုစွဲကိုင်ထားတတ်ပါတယ်။ ဘလော့ဂါ တော်တော်များများ ကအေးဆေးနေချင်ကြတာပါပဲ။ ဟိုရှုပ်ဒီရှုပ် မပါချင်ပါဘူး။ ဒါပေမဲ့ ကျနော်တို့ လိုအပ်နေတာလဲ အဲ့ဒီစိတ်လေးပါပဲ။ အဲ့ဒါလေးကို ပြင်များပြင်လိုက်နိုင်ရင် ကျနော်တို့လိုအပ်နေတဲ့ အရာတွေ ရမှာပါ။ ကျနော်တို့ကို ကျနော်တို့ မြန်မာနိုင်ငံသား (လူမျိုးစုံ၊ ဘာသာစုံ)လို့ ခံယူထားရင် ကျနော်တို့ရဲ့ အမိမြေကိုချစ်တာကတော့ တူတူပါပဲ။ဒီတော့ မထင်မှတ်ပဲ စဉ်းစားရင်းနဲ့ အချစ်လိုလို ကဗျာလေး ဖြစ်သွားတယ်း) သေချာဖတ်လိုက်ရင်တော့ သိသူတွေ သိလောက်ပါတယ်။

ကျနော်တို့ဟာ တကယ်တမ်း နိုင်ငံရေးသမားမဟုတ်သလို တိုင်းပြည်အတွက် ဘာမှလဲ မစွမ်းဆောင်နိုင်ခဲ့ကြပါဘူး။ ဒါပေမဲ့ ကျနော်တို့လို မြန်မာလူမျိုးတိုင်း ကိုယ့်တိုင်းပြည် ကောင်းစားမူကို လိုလားကြပါတယ်။ ဒီလို လိုလားတယ်ဆိုတဲ့နေရာမှာ ကျနော့်တဦးထဲ အမြင်နဲ့ဆိုရင် ဘယ်သူတွေပဲ အုပ်ချုပ် အုပ်ချုပ် ကောင်းမွန်စွာ တရားမျှတစွာ အုပ်ချုပ်ပြီး ပြည်သူတွေ ဖြစ်တဲ့ ကျနော်တို့အပေါ်ကို လုပ်ပေးသင့်သလောက် လုပ်ပေးခဲ့မယ်ဆိုရင် ၀မ်းမြောက်စွာနဲ့ ဆုတောင်းမေတ္တာပို့သဖြစ်မှာပါ။ ထိုင်းနိုင်ငံမှာ ဘယ်လောက်ပဲ နိုင်ငံရေးအဓိကရုဏ်းတွေ ဖြစ်ဖြစ်၊ သူတို့လက်ရှိအစိုးရကို ဘယ်လောက်ပဲ မကျေနပ်တာပဲဖြစ်ဖြစ် သူတို့ရဲ့ ကျေးဇူးရှင် ဘုရင်ကိုတော့ အတော်လေး တန်းဖိုးထား ချစ်ခင်ကြတာကို တွေ့ရပါတယ်။ ဒါဟာ အခြေခံသဘောတရားကို လေ့လာကြည့်ရင် ဘုရင်လုပ်သူသည် သူ့ရဲ့ ပြည်သူတွေကို ချစ်ခင်တယ် ဒါပါပဲ။

ကျနော်တို့တိုင်းပြည်ကို နိုင်ငံအများစုက မတိုးတက်သောနိုင်ငံ၊ အဆိုးဆုံး နိုင်ငံအဖြစ် စာရင်းသွင်းကြတာကိုလဲ ၀မ်းနည်းဖွယ်တွေ့ရပါတယ်။ အထူးသဖြင့် ပြည်ပမှာ အလုပ်လုပ်နေတဲ့ လူတိုင်းဒီဒုက္ခတွေကို ရင်နာနာနဲ့ ခံစားနေရတာပါ။ စကားစပ်မိလို့ တိုင်းပြည်အကြောင်းပြောလိုက်ရင် ကျနော်တို့မှာ ပြန်ပြောစရာမရှိလောက်အောင်ကို သိမ်ငယ်နေရတာပါ။ ၀မ်းနဲမိပါတယ်။ အရင်က ဘာမှ မဟုတ်တဲ့ ဖတွေတောင် ကျနော်တို့ကို ကျော်တက်နေပါပြီ။ ကျနော်အလုပ်နဲ့ သက်ဆိုင်တဲ့ အိုင်တီကုမ္မဏီတွေဆို ဗီယက်နမ်မှာ အခြေစိုက်နေကြပါပြီ။ ဘယ်လောက်တောင် တိုးတက်နေပါသလဲ။ ကျနော်တို့တိုင်းပြည်ကို လှမ်းကြည့်လိုက်တော့ ရေ၊မီး မပြည်စုံတဲ့ ဘ၀ထဲမှာ နေခဲ့ရတာ ကျနော် အသက်လောက်တောင် ရှိနေပါတော့မယ်။ ဘယ်လောက်ထိ ဆက်နေရဦးမှာလဲ။ စလုံးလို ရေရှားတယ်လို့ ပြောနေကြတဲ့ နိုင်ငံမှာ ရေ၊မီး ၂၄ နာရီ ပေးနိုင်တာ ဘာကြောင့်လဲ ဘယ်လို ပြောမလဲ.....

တိုင်းပြည်ကို ချစ်တာဟာ နိုင်ငံရေးလုပ်မှ၊ စစ်သားလုပ်ပြီး စစ်တိုင်မှ မဟုတ်ပါဘူး။ အဓိက လိုအပ်နေတာလေးက လူရဲ့ စိတ်ဓါတ်လေးတွေပါ။ တရားမျှတမူလေးရှိမယ် တဖက်သားကို နစ်နာသွားအောင် မလုပ်မိအောင်ထိန်းသိမ်းမယ်ဆိုရင်ဖြင့် လူသားတိုင်း ပျော်ရွှင်နေရမှာပါ။ နိုင်ငံရေးလုပ်ပြီး နိုင်ငံကြီးတွေမှာ လိမ်စားနေတဲ့လူတွေ ရှိသလို ဟိုချောင်ကြိုချောင်ကြားမှာ ထမင်းမ၀မလင်စားပြီး စိတ်ဓါတ်တခုထဲနဲ့ ရှင်သန်နေတဲ့ လူတွေလဲ အများကြီးပါ။ စစ်သားလုပ်ပြီး တိုင်းပြည်အတွက် ကောင်းကျိုးထမ်းဆောင်ပေးချင်တဲ့ လူတွေ ရှိသလို မြို့ပြနဲ့ ဝေးတဲ့ ရပ်ရွာတွေမှာ မုဒိမ်းမူပြုကျင့်၊ ၀က်လု၊ ကြက်လု ခေါင်းပုံဖြတ်နေတဲ့ လူတွေလဲ အများကြီးပါ။ ကျနော်တို့တွေအဓိက ပြင်သင့်နေတာက စိတ်ဓါတ်လေးတခုထဲပါ။ ဒါပေမဲ့ ကျနော်အပါအ၀င် လူတိုင်းပြင်ဖို့ သိပေမဲ့ ပြင်ရခက်နေတာလဲ ဒီစိတ်ဓါတ်လေးပါ၊ လူတိုင်းဟာ ကိုယ်ဆုံးရှုံးမှာကို အရမ်းကြောက်တတ်ကြတာ သဘာဝကပေးတဲ့ လက်ဆောင်တခုပါ။ ဒီအရှုံးကို လက်မခံနိုင်တော့ အနိုင်ရအောင် လုပ်ချင်တယ်။ နိုင်ပြီးတဲ့ လူကလဲ ဆက်နိုင်ချင်တယ်။ ဒီအတွက် မတရားမူတွေ များလာတယ်။

ဒီအတွက် တိုင်းပြည်ကို ချစ်တဲ့ လူမျိုးတိုင်း ကိုယ့်တိုင်းပြည်ကောင်းစားရေးကို လုပ်ချင်တာပါပဲ။ လူမျိုးလို့ ပြောရင် တိုင်းရင်းသားအားလုံး၊ ဘာသာအားလုံး ပါပါတယ်။ အရာရာကို ကျနော်တို့ သေးငယ်တဲ့ မျက်စိလေးနဲ့ ကြည့်နေလို့ မရတော့ဘူး။ ဒါတွေကို ဖျောက်ဖျက်လိုက်သင့်နေပါပြီ။ ကျနော်တို့တွေ ၀ါးလုံးခေါင်းထဲ လသာနေတာ ခုချိန်ထိပါပဲ။ ကမ္ဘာမှာ မြန်မာဟေ့လို့ ကြွေးကြော်ယုံလောက်နဲ့ ဘာမှ ဖြစ်လာမှာမဟုတ်ပါဘူး တကယ့်ဖြစ်အောင် လုပ်ပြဖို့လဲ လိုအပ်ပါသေးတယ်။ သို့မို့ဆို အော်နေရုံနဲ့ အသံတွေ ပျက်ပြီး လည်ချောင်းကွဲ သေဖို့ပဲ ရှိလာမှာပါ။ ကျနော်တို့မြန်မာလူမျိုးအားလုံး သွေးစည်းကြရင်ဖြင့် လိုအပ်နေတဲ့ ကွက်လပ်တွေ၊ လိုအပ်ချက်တွေဟာ အမြန်ဆုံး အကောင်အထည်ပေါ်လာမှာပါ။ အားလုံးစုံညီစွာ ညှိုနှိုင်းအဖြေရှာရင်ကော အဆင်မပြေတော့ဘူးလား ကျနော်တို့ တိုင်းပြည်ကြီး အမြန်ဆုံး တိုးတက်လာအောင် ကျနော်တို့ မစွမ်းဆောင်နိုင်ကြဘူးလား။ အားလုံးစိတ်တူကိုယ်တူနဲ့ မစွမ်းဆောင်နိုင်တော့ဘူးလား.. တိုင်းပြည်ထဲက ဆိုင်းပုဒ်တွေအထဲကအတိုင်းပေါ့ ခေတ်မီဖွံ့ဖြိုး တိုးတက်သောနိုင်ငံသစ်ဆီသို့... ကဲ သင်ကောမလှမ်းချင်ဘူးလား..........



လေးစားလျက် တောင်ပေါ်သား

9 comments:

ကိုပေါ said...

လာဖတ်သွားပါတယ် ကိုတောင်ပေါ်သား။

နှမ်းတစေ့နဲ့ ဆီမဖြစ်ဘူး…
ရေတပေါက်နဲ့ သမုဒ္ဒရာ ဖြစ်မလာဘူး…
ကြယ်တလုံးနဲ့ ကောင်းကင်မလင်းဘူး…….. စသဖြင့် ပြောကြလေ့ရှိတယ်။

ဒါပေမယ့် နှမ်းစေ့ကလေးတွေ စုပေါင်းလိုက်တဲ့အခါ…
ဆီကိုရေချိုး ဆေးရိုးမီးလှုံ ဖြစ်လာနိုင်တယ်။

ရေစက်ရေပေါက်ကလေးတွေ စုပေါင်းလိုက်တဲ့အခါ…
လှိုင်းတံပိုးထန်တဲ့ မဟာသမုဒ္ဒရာကြီး ဖြစ်လာနိုင်တယ်။

ကြယ်ကလေးတွေ စုပေါင်းလိုက်တဲ့အခါ
မဟူရာညအတွင်းမှာ သွားလာလို့ရလောက်အောင် အလင်းဓါတ်ပေးနိုင်မယ်။

အဓိက ကတော့ လူအများရဲ့ Participation အရေးကြီးတယ်။ လူတိုင်းလူတိုင်း ပါဝင်ကြမယ်ဆိုရင် ကျနော်တို့ဖက်က အင်အားသာပြီ။ အဲဒီလို ပူးပေါင်းပါဝင်ကြဖို့ဆိုတာက ကိုယ်လုပ်တဲ့အလုပ်ပေါ်မှာ ယုံကြည်မှုအားကောင်းဖို့ လိုတယ်။ ယုံကြည်မှုအားကောင်းရင် မအောင်မြင်သေးခင်မှာ အလွယ်တကူ စိတ်ပျက်အားလျော့သွားတာမျိုး မဖြစ်တော့ဘူးပေါ့။ ဦးဝင်းတင်၊ ကိုမင်းကိုနိုင်၊ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ယုံကြည်မှု အင်မတန် ခိုင်မြဲလှတဲ့ အတုယူဖွယ် ခေါင်းဆောင်တွေပေါ့။

ကြည်ညိုဖွယ် ရဟန်းသံဃာတွေကို မြင်ရတဲ့အခါ သဒ္ဓါတရား တဖွားဖွား ပေါ်ပေါက်လာနိုင်သလို ယုံကြည်မှုခိုင်မာသူတွေကို မြင်တွေ့ရတဲ့အခါမှာလည်း သတ္တိတွေ၊ ခွန်အားတွေ နိုးကြားလာနိုင်ပါသေးတယ်။ ဒါကြောင့် ဘလော့တွေ၊ အင်တာနက်တွေပေါ်မှာလည်း ကိုယ်ယုံကြည်ရာကို စိုက်လိုက်မတ်တတ် လုပ်ကြသူတွေရှိရင် စာဖတ်သူတွေကို အနည်းနဲ့အများတော့ ပူးပေါင်းပါဝင်လာအောင် စွမ်းဆောင်နိုင်မယ်လို့ ကျနော်ထင်ပါတယ်။ ဒီတော့ ကိုတောင်ပေါ်သား… အခုလို ပို့စ်ကလေးတွေကို အလျဉ်းသင့်တိုင်း ဆက်ရေးပါလို့ တိုက်တွန်းပါတယ်။

မှန်ပါတယ်။ ကျနော်တို့ နိုင်ငံလွတ်လပ်မယ်ဆိုရင် အာရှက အခြားနိုင်ငံတွေကို အနှေးနဲ့ အမြန် တန်းတူယှဉ်လာနိုင်မှာ အသေအချာပါပဲ။

August 13, 2009 at 1:18 PM
ဏီ(န်)ကင်း said...

အပေါ်ကစာသားတွေကိုထောက်ခံပါတယ်။ညီညီညွတ်ညွတ် လေးတွေရှိစေချင်တယ်ဗျာ။

August 13, 2009 at 1:59 PM
မိုးခါး said...

အင်း
စိတ်ဓါတ်တွေပြင်ရမယ်လေ
အကိုတယောက်ကပြောဘူးတယ်
ဒါမှားနေတယ် ဒါမတရားဘူးဆိုတာ သိရင် ပြောရဲရမယ်တဲ့
ပြောဖို့ သတ္တိလည်း ရှိသင့်တယ်
အဲဒီ သတ္တိလည်း မွေးရဦးမယ်

August 13, 2009 at 10:41 PM
Anonymous said...

ဒီပို့စ်တခုလုံး ရေးထားတာကြိုက်တယ်....
သဘောထားတွေ ထပ်တူကျတယ်....

mie nge

August 14, 2009 at 2:10 AM
စိုင်းစိုင်းလားရှိုး said...

တောင်ပေါ်သားရေ တူတူလှမ်းရအောင်နော်

August 14, 2009 at 9:42 AM
စည်သူ said...

ဟုတ်တယ်ဗျာ...

ကောင်းတယ်ဗျာ... ကိုတောင်ပေါ်သား
အဓိကအချက်က အဲဒါပဲလေ.

လေးစားစွာဖြင့်...........။

August 14, 2009 at 5:22 PM
ဇော် said...

ဟူးးး
အမောဆို့တယ်။ အဲ့လို နိုင်ငံအကြောင်းအမေးခံရရင် သိပ်စိတ်ညစ်ဖို့ကောင်းတာပဲဗျာ။ နောက်ဆုံး ပိုက်ဆံပေါက်ဈေးမေးလို့ ၁ဒေါ်လာကို ၁၁၀၀၊ ၁၂၀၀ ဆိုရင် အဲ့ဒီ ဘာမဟုတ်တဲ့ဖား( ဖိလစ်ပိုင် )တွေက အစ နှာခေါင်းရှုံ့ကြတာရယ်ဗျ။ နောက်ဆုံး မြန်မာလို့တောင် သိပ်မပြောချင်တော့ဘူး။ =(
အဲ့ဒီ အိပ်မက်ဆိုးတွေ မြန်မြန်ကုန်ပြီး မိုးမြန်မြန်လင်းပါစေတော့ ....။

August 14, 2009 at 10:29 PM
မောင်ဖားကြီး said...

ဟုတ်တယ် အစ်ကိုရေ လူငယ်ချင်းက စိတ်ဓါတ်ခြင်းတူပါတယ်... စေတနာနဲ့ လုပ်ပေးမယ့် ခေါင်းဆောင်တွေ အစိုးရကိုပဲ အလိုရှိပါတယ်ဗျာ... အခုတော့... ၀ူး...................

August 18, 2009 at 12:02 AM
မြစ်ကျိုးအင်း said...

ဒီပို့စ်ကိုဖတ်ရတော့ နိင်ငံရေးအမြင်ချင်းတူနေတာ တွေ့မိတယ်...။ထိုင်ခုံပေါ်မှာ ဘယ်သူပဲဖြစ်ဖြစ် အရေးမကြီးပါဘူး အဓိကက နိင်ငံအပေါ်ထားတဲ့ မူကိုပဲ ပြောချင်တာပါ...။
အောက်ကျနောက်ကျ ဘ၀တွေက ရုန်းထွက်ဘို့အတွက်
လူတိုင်းစိတ်ဓါတ်လေးတွေ ပြင်းထန်ကြပါ...။
ငါတို့ခေတ်မီပစ္စည်းတွေသုံးနေရတယ်ဆိုပြီး နိင်ငံရေးကို ကိုယ်နဲ့မဆိုင်သလို သဘောမထားဘို့ အရေးကြီးတယ်။
လူတန်းမစေ့တဲ့ သန်း၅၀ ရှိနေသလိုနောက်ထပ်မွေးဖွား လာမယ့်မျိုးဆက်တွေကိုပါ မမေ့သင့်ဘူး...။
အားလုံးညီညွတ်စေချင်တယ်။နိင်ငံအပေါ်ထားတဲ့
စိတ်ချင်းတူလို့ လေးစားမိပါတယ်

August 20, 2009 at 1:11 AM