Saturday, June 27, 2009

ဟိုအရင်အတိတ်


အပြင်မှာ မိုးခြိမ်းသံတွေကို ကျနော်နားထောင်နေမိသည်။ တချက်တချက် မှန်ပြတင်းပေါက်မှ မြင်လိုက်ရသော လျှပ်စီးများကိုကြည့်ပြီး ဟိုအရင်အတိတ်ကို ပြန်တွေးနေမိသည်။ ဟိုအရင် ကျနော်ငယ်တုန်းက ကျနော်တို့မြို့လေးမှာ ဒီလိုမျိုး မိုးတွေရွာချိန်ဆို မိသားစုတွေစု မီးပုံဘေးမှာ စုထိုင်ပြီး စကားပြောကြသည်။ ကျနော်တို့ယောကျာ်းလေးများက မိုးရွာထဲ ပြေးပြီး ဘောလုံးကန်ကြသည်။ ကျနော်တို့ အိမ်ရှေ့တွင် အလွန်မြင့်မားသော သရက်ပင်ကြီးရှိသည်။ ထိုသို့ မိုးရွာနေလျှင် သရက်သီးများကြွေကြလျှင် သူငယ်ချင်းတသိုက် အလုအယက်ပြေးကာ ကောက်ကြသည်။
တယောက်တကိုက်နှင့် မြိန်ယှက်စွာ စားခဲ့ကြသည်။

မိသားစုဘ၀သည်လဲ ပျော်စရာအတိနှင့် အပြည့်။ မီးဖိုလေးပေါ်မှာ အခါးရည်အိုးလေးတည်လို့ အသားခြောက်ကြော်လေးဖြစ်ဖြစ်၊ ကြက်သွန်ဖြူလေးနဲ့ လက်ဖက်သုပ်လေးဖြစ်ဖြစ် စားပြီး စကားတွေ ပြောကြသည်။ အဒေါ်တွေနှင့်အတူတူ မိုနိုပိုလီတွေ ကစားကြသည်။ ၅၀၀ကျပ် ၁၀၀၀ ကျပ်တန်ပိုက်ဆံများခိုးပြီး မနိုင်နိုင်အောင် လုပ်ရသည်က အမောပေါ့…. ညပိုင်းများ လသာလို့ အလင်းရသည်ဆိုသည်နှင့် နောက်ဖေးလမ်းတွင် ထုပ်စီးထိုးတန်း ကစားကြသည်။ နို့ဆီခွက်လေးများထောင်ပြီး တင်ဘူးဟုခေါ်သော ကစားနည်းများဆော့ကစားခဲ့ကြသည်.. သူငယ်ချင်းတွေ အများကြီးနှင့်အတူတူ ပျော်ရွှင်ခဲ့ကြဖူးခဲ့သည်များကို မှတ်မိနေသည်။ အခုတော့……

တဖြည်းဖြည်း အရွယ်ရောက်လာတော့ လူက ပတ်ဝန်းကျင်နဲ့ တနေ့တခြားကင်းဝေးလာသလိုလို.. အရင်တုန်းကလို ငယ်စဉ်ကလို ပျော်စရာများလဲ မရှိတော့ လုပ်ချင်သည်ထက် လုပ်သင့်လုပ်ထိုက်သည်များကို စဉ်းစားတတ်လာသည်…အရာရာသည် လိုချင်သလောက် မရပေ.. အရာရာကို ပိုင်ဆိုင်ချင်သလောက် ပိုင်ဆိုင်နိုင်လျှင်လဲ ဒီကမ္ဘာမှာ ပျက်စီးမူတွေ ပိုများလာပေမည်။ ဟိုအရင်လို ကလေးဘ၀ကပျော်စရာတွေလဲ ဘယ်ပျောက်ကုန်သလဲမပြောတတ်ပေ….
အခုလိုပြောနေလို့ တောင်ပေါ်သား တရားရသွားပြီဟု ထင်ချင်ထင်နေပေမည်။း) တကယ်တော့ တရားမပြောနဲ့ တရားနဲ့ပတ်သက်တဲ့ စကားလုံးတွေတောင် ကိုယ့်အနားမှာ ရှာမရဖြစ်နေသေးသည်။
လူတယောက်ကို ချစ်ရတာသည် ဒုက္ခ ဖြစ်သလို.. အချစ်ခံရသူအဖို့သည်လဲ စိတ်ဒုက္ခရောက်နေမည်မှာ မလွဲပေ... အချစ်ကို ကိုးကွယ်နေသေးတရွှေ့တော့ ဘာသာတရားဖက်က အာရုံရောက်ဦးမည်မဟုတ်ပေ :P

ဒါမှမဟုတ် မသိသူများအနေနဲ့ တောင်ပေါ်သားကို အဖိုးကြီးတယောက်လို့ ထင်ချင်ထင်နေပေဦးမည်။ တကယ်တမ်း အသက်ကတော့ သိပ်မကြီးသေးပါ။ ဒါပေမဲ့ ကျနော်အထင်တော့ သာမန်လူတယောက်ထက်ပိုပြီး စဉ်းစားနေမိသည်ဟု ထင်ပါသည်။ မြန်မာပြည်ရှိ ခုခေတ်ကလေးတွေကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိသည်။ သူတို့လေးတွေ ကျနော်တို့တုန်းကလို မဆော့ရတော့ပေ.. ကစားနည်းမျိုးစုံလဲ သူတို့မသိတော့.. ဒီနိုင်ငံက ကလေးတွေနဲ့ယှဉ်လျှင်ကော ပညာရေးကအစ အစစအရာရာလို နိမ့်နေသလိုလို ဘာလို့နိမ့်တာလဲ ထက်စဉ်းစားတော့ မြန်မာပြည်က သူငယ်တန်းကအစ ကျူရှင်ယူမှ ဖြစ်မည်ဟူသော ပညာရေးစနစ်ကြီးကြောင့်ဖြစ်မည်။ ဟိုနေ့က အိမ်နဲ့ဖုန်းရတော့ တူအကြီးကောင်က ကျူရှင်သွားနေတယ်တဲ့ ဘယ်နှတန်းလဲ မေးတော့ သူငယ်တန်းတဲ့လေ ရယ်လိုက်ရတဲ့ အဖြစ်..း)

စင်ကာပူတွင် အလုပ်တွေလဲ အဆင်မပြေသူတွေ များနေသည်။ အားလုံးကို အဆင်ပြေစေချင်သည်.. အဆင်မပြေသည့်ကြားမှ ကြိုးစားထွက်လာသူများလဲ အဆင်ပြေစေချင်သည်။ ဒါပေမဲ့ ကိုယ့်တွင် ဘာမှ လုပ်ပေးနိုင်သည့် အခွင့်အရေးကမရှိဖြစ်နေသည်။ ဒီရောက်မှ သေချာတာတခုကို သိလိုက်သည်။ ဘ၀မှာ လုပ်စရာတွေ အများကြီး၊ လူ့ဘ၀ကို ဖြတ်သန်းရတာ ဘယ်လောက် ခက်ခဲမှန်း သိလိုက်ရသည်။ မွေးဖွားကျွေးမွေးခဲ့သော အမေ့ကို ဘယ်လို ချီးကျူးရမှန်းကို မသိဖြစ်နေမိသည်။ ငယ်စဉ်ကတည်းက အမေ့ရဲ့စွမ်
းအားနဲ့ ဒီလိုမျိုး အခြေအနေကို ရောက်ခဲ့သည်။ ခုတော့ အမေ့ခြေရာနင်းဖို့နေနေသာသာ အမေ့ကိုတောင် ကောင်းမွန်စွာ မထားနိုင်သေးပေ……


လာအော်နေကြသော ချစ်သောအကို၊မောင်နှမများအားလုံးကို တောင်းပန်ပါတယ်။ ခုတလော စာတွေမရေးဖြစ်ပါဘူး ရေးလိုက်မယ်လုပ်တိုင်း စိတ်က မလွတ်လပ်တာနဲ့ ဘာရေးလို့ ရေးရမှန်းမသိဖြစ်နေတာပါ.. အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ဗျာ..



လေးစားလျက် တောင်ပေါ်သား


11 comments:

မငုံ said...

တူတော်မောင်ရဲ့ခံစားချက်ကို ကြီးဒေါ် နားလည်စွာနဲ့ ဖတ်သွားတယ် ။ ဟုတ်တယ် ။အခုခေတ် ကလေးတွေ ဒီလိုကစားနည်းတွေ တကယ်မသိတော့တာ။ ကျူရှင်၊ ကျောင်း၊နဲ့လုံးချာလည်နေတယ်။ သနားဖို့ကောင်းတယ်။

June 27, 2009 at 7:56 AM
ဂျပန်ကောင်လေး said...

အင်း..း).. စာတော့ မရေးဖြစ်ဘူး... (... )... ??

June 27, 2009 at 8:14 AM
မီးမီးချစ် said...

တို့ နိုင် ငံ ပညာရေး စနစ် ကြီး တိုးတက် ချက်ကတော့
လိုက်မမှီ လောက်အောင် ပါပဲ..

June 27, 2009 at 8:22 AM
သီဟသစ် said...

ပေါ်ပေါ်

စာတော့မရေးဖြစ်ဘူး... But ဘာတွေလုပ်?
တရားဘက်လေးစဉ်းစားဖြစ်ရင် ခေါ်လိုက်ပါကွယ် အအေးလေးလာတိုက်ချင်လို့

ခင်မင်စွာဖြင့်
သီဟသစ်

June 27, 2009 at 8:26 AM
ဖိုးဂျယ် said...

တရားများ ပေါက်သွားပီလားလို့

June 27, 2009 at 8:49 AM
အိမ် said...

ဒီလိုပဲဗျို့ အစူစူပဲ။ ဘာမှမညစ်နဲ့ အမေခြေရာ လိုက်မမှီလို့လဲ စိတ်ဓာတ်မကျနဲ့ တနေ့သူ့ဟာသူ ဖြစ်သွားလိမ့်မယ်။

June 27, 2009 at 10:04 AM
အိမ် said...

ဒီလိုပဲဗျို့ အစူစူပဲ။ ဘာမှမညစ်နဲ့ အမေခြေရာ လိုက်မမှီလို့လဲ စိတ်ဓာတ်မကျနဲ့ တနေ့သူ့ဟာသူ ဖြစ်သွားလိမ့်မယ်။

June 27, 2009 at 10:04 AM
chitpalone said...

အင်း ဟုတ်တယ်နော်။ တခါတလေတော့လည်း ငယ်ငယ်ကဆော့ခဲ့တာလေးတွေကို သတိယတယ်ဗျာ။ ဒီနေ့တောင် ကျောင်းကအပြန်တွေးမိသေးတယ် ငယ်ငယ်က ၀ါးအိမ်လေးတွေ ဆောက်တာ ဒီမှာတော့ ပလတ်စတစ်နဲ့ အဆင်သင့် ဆင်ရုံပဲ။ ကွာခြားပုံကိုစဉ်းစား မိတာလေ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

June 27, 2009 at 1:08 PM
မေဇင် said...

အရင် မိသားစု နဲ့ နေတဲ့ဘ၀လေး ကိုစဉ်းစား ရင်တော့..ပျော်စရာအတိပေါ့..ဒါပေမယ့် ...နောင့် တို့ဘ၀က ပျော်ရာမှာ မနေရ တော်ရာမှာ နေရတဲ့...။ စာဖတ်ပြီး အိမ်ကို ငယ်ငယ် ကအတိတ်ကို လွမ်းတယ်...။

June 27, 2009 at 6:06 PM
မိုးခါး said...

အသက်ကြီးလာတာနဲ့ လွတ်လပ်မှုတွေ ပျောက်ကွယ်ကုန်တာပဲလေ ..
အကုန်လုံး တူတူပါပဲ ..
အားလုံးကိုလည်းအဆင်ပြေစေချင်တာပဲ
ကိုယ်တိုင်တောင် ယိုင်တိုင်တိုင်နဲ့ သူများဘယ်လိုအားပေးရပ ..
ပျော်ရွှင်ပါစေ ..း)

June 28, 2009 at 2:51 AM
reenoemann said...

ဟုတ်တယ်ညီရေ
ညီပြောသလိုပဲ အမေကို လေးစားတယ်။
ကိုယ်အလှည့် မှာ ဘာမှမလုပ်ပေးနိုင်သေးဘူး
အဲဒါတွေ တွေးရင် စိတ်ညစ်လာတယ်။

ကိုရီနို

June 28, 2009 at 7:04 AM