Tuesday, June 9, 2009

အနေချင်ဆုံး မြို့လေး တမြို့


မနက်ခင်းစူးရှတဲ့နေရောင်ရဲ့အလင်းရောင်ဟာ ပြတင်းပေါက်လေးကတဆင့် ကျနော်အခန်းလေးထဲ ရောက်ရှိလာပါတယ်။ မနက်ခင်းစောစောထလိုက်တာနဲ့ အေးမြတဲ့လေထုရဲ့ တိုက်ခတ်မူကိုခံစားလိုက်ရပါတယ်။ သာမန်လူတယောက်အတွက် ဒီအအေးတွေဟာ အနွေးထည်တွေ များစွာ ၀တ်ထားရပေမဲ့ ကျနော်အတွက်တော့ ဒီအအေးထုကြီးကို နှစ်သက်စွာခံယူရင်း မနက်ခင်းအိပ်ရာကို နိုးထလာပါတယ်။ ကျနော်နေတဲ့ မြို့လေးပေါ့။ ကျနော်နေတဲ့မြို့လေးက လေးဖက်လေးရံ တောင်တန်းတွေနဲ့ ကာရန်ထားပါတယ်။ စိမ်းလန်းနေတဲ့ တောင်ကုန်းတွေ၊ တောင်တန်းတွေနဲ့ နေချင်စရာအပြည့်ပေါ့။ ကျနော်နေတဲ့ မြို့လေးက မြို့ကြီးလို့လဲ မဆိုတာသလို တောကျတယ်လဲ မဆိုသာပါဘူး။ ချင်းတောင်တန်းတွေလို အမြင့်ပေ မများပါဘူး။ ဒါပေမဲ့ နွေးထွေးမူအပြည့်နဲ့ စိတ်ရင်းသဘောထားပြည့်စုံတဲ့ လူအများစု နေထိုင်ကြပါတယ်။

ချယ်ရီပန်းတို့ဖူးပွင့်ရာ ကျနော်တို့မြို့လေးမှာ ချယ်ရီပွင့်ချိန်ဆို တောင်တွေများ ပန်းရောင်ကောဇောကြီးခင်းထားသလို လှပနေတာပေါ့။ မနက်စောစော အိပ်ရာကထလိုက်ရင် တ၀ုန်းဝုန်းနဲ့ မောင်းနေတဲ့ ထော်လာဂျီပေါ်မှာ ကုန်တွေ လူတွေ အပြည့်နဲ့ဈေးရောင်းတဲ့ လူတွေကိုလဲ တွေ့ရတတ်ပါတယ်။ ရှမ်း၊ ပအိုဝ့်၊ ပလောင်၊ ဗမာ၊ ခရစ်ယာန်၊ အစ္စလာမ် စသည်ဖြင့် လူမျိုးပေါင်းစုံတို့ စည်းလုံးစွာ နေထိုင်ကြတာပါ။ အိမ်နီးချင်းအချင်းချင်း လူမျိုးခွဲစိတ်ဓါတ်မရှိ တအိမ်မှာ ဟင်းကောင်းလေးများချက်ရင် တဖက်အိမ်ကို လှမ်းပေးတတ်တဲ့ ချစ်စရာ ဓလေ့လေးတွေနဲ့ ကျနော်တို့မြို့လေးပါ။ အပေါ်ယံမဟုတ်ပဲ ရင်ထဲကနေပေါင်းကြတဲ့ သူငယ်ချင်းတွေနဲ့ ပျော်စရာကောင်းတဲ့ မြို့လေးပါ။

ကျနော်တို့မြို့လေးဟာ ကလောမြေလို အရမ်းမအေးပါဘူး။ မေမြို့လိုမျိုး ပန်းခင်းလေးတွေနဲ့ မပြည့်စုံပါဘူး။ ဒါပေမဲ့ ကျနော်တို့မြို့လေးကို လာလည်ရင် ဧည့်ဝတ်ကျေပွန်တဲ့ တိုင်းရင်းသားလူမျိုးတွေ ကိုတွေ့ရပါလိမ့်မယ်။ ကျနော်တို့မြို့လေးက လူတွေဟာ ပွဲလမ်းသဘင်ကို အရမ်းခုံမင်တတ်ကြပါတယ်။ ကျနော်တို့မြို့လေးမှာ ဘယ်တိုင်းပြည် ဘယ်မြို့မှာမှ မလုပ်တဲ့ တန်ဆောင်တိုင်ပွဲတော်ကြီး ရှိတယ်။ စက္ကူနဲ့လုပ်တဲ့ မီးပုံပျံတွေ ရှိတယ်။ တိရစ္ဆာန်မျိုးစုံရဲ့ အရုပ်ပုံစံတူလေးတွေလွှတ်ပြီး ပျော်ကြတယ်။ ခင်မင်မူတွေ တည်ဆောက်ကြတယ်။ လူမျိုးတွေ ကွဲပြားပေမဲ့ ဒီတန်ဆောင်တိုင်ပွဲလေးက တောင်ပေါ်သူ၊တောင်ပေါ်သား အချင်းချင်းစည်းလုံး ညီညွတ်စွာ ပျော်ရွှင်စွာတူတူ ဆင်နွှဲကြတယ်... ကျနော်တို့မြို့လေးမှာ ပင်းတယလို အထင်ကရ နာမည်ကြီး ဘုရားစေတီတွေ မရှိသလို နာမည်ကြီးနေရာတွေလဲ မရှိပါဘူး။ ဒါပေမဲ့ ကျနော်တို့ တောင်ချွန်းဆိုတဲ့ တောင်ကြီးတခုရှိတယ် တောင်ဘက်ကို မိုင်အနဲငယ် ထွက်လိုက်တာနဲ့ ချစ်စရာ ပအိုဝ့်လူမျိုးတွေ နေတဲ့ ရွာလေးတွေ ရှိတယ်။ အဲ့ဘက်ကမှ ဆက်သွားလိုက်ရင် အခုနောက်ပိုင်းမှာ နာမည်ကြီးလာတဲ့ မွေတော်က္ကူဘုရားပုထိုးတွေ ရှိတယ်။ ဧကအနဲငယ်အတွင်းမှာ ဘုရားစေတီတွေ တန်းစီပြီး ဆောက်ထားတာပါ။





ဒီလိုပဲ ကျနော်တို့မြို့လေးကနေ အောက်ဖက်ကိုဆင်းသွားမယ်ဆို နာမည်ကျော် အေးသာယာ စက်မူဇုံကြီးရှိပါသေးတယ်။ မြန်မာပြည် လက်ရာကားတွေ ထုတ်တာပေါ့။ တကယ
့်မြန်မာပြည်စစ်စစ်ထုတ်တွေပါ။ ဖြတ်ညှပ်ကပ် မဟုတ်ရပါဘူး။ အဲကနေ ဆက်သွားရင်တော့ စော်ဘွားတွေ နေတဲ့ ညောင်ရွှေကို သွားလို့ရပါတယ်။ အင်မတန်မှ ဧည့်ဝတ်ကျေပွန်တတ်တဲ့ အင်းသားများစုဝေးရာ အင်းလေးကန်ကိုရောက်ပါတယ်။ ရီစရာလေး တခုပြောပြပါဦးမယ် ကျနော်တို့တောင်ပေါ်ဒေသတွေကို မရောက်ဖူးတဲ့ သူငယ်ချင်းတယောက်ပြောဖူးတာလေးပါ။ တောင်ပေါ်မှာ ဘောလုံးကန်တော့ ဘယ်လို ကန်မတုန်းတဲ့ သူတို့အထင်တွေကတော့ ဘောလုံးကန်လိုက်ရင် တောင်အောက်များ ကျသွားတယ် ထင်တာလား မပြောတတ်ပါဘူးး)

တနေ့နေ့ပေါ့ အဝေးတနေရာမှာ ရောက်နေတဲ့ ကျနော်တို့နိုင်ငံကလူတွေ အားလုံး အဆင်ပြေရင် နိုင်ငံအတွက် တိုင်းပြည်အတွက် ကိုယ့်မွေးရပ်မြေလေးအတွက် ပြန်ကြမှာပါပဲ။ ဒီလိုပဲ ခုချိန်မှာ ချစ်တဲ့ မွေးရပ်မြေလေးနဲ့ ဝေးနေပေမဲ့ ကျနော်ရဲ့ ရင်ထဲမှာ အချိန်တိုင်းနီးပါးကတော့ ချစ်တဲ့ မိသားစု၊ သူငယ်ချင်းတွေ၊ ကျနော်ကိုမွေးဖွားပေးခဲ့တဲ့ ကျနော်ရဲ့မြို့လေးကို တမ်းတနေဆဲပါ။ ကျနော်တို့တောင်ကြီးသားတွေလို ဆိုတာနဲ့ စကားသံဝဲ၀ဲ ရိုးသားပွင့်လင်းတဲ့ လူတွေအဖြစ် အများစုက တွေးထင်မိကြပါတယ်။ ဒီလိုမျိုး အထင်ခံရတာကိုက ကျနော်မြို့လေးအတွက် အဖိုးမဖြတ်နိုင်တဲ့ ဂုဏ်ပုဒ်လေးတခုပါပဲ။ ဒီအတွက် ကျနော်တောင်ကြီးသားဖြစ်ရတာ အမြဲ ဂုဏ်ယူလျက်ပါ။ ကျနော်တို့ တောင်ကြီးသားတွေလဲ အခုဆို အရင်တုန်းကလို ခေတ်နောက်မကျအောင် တိုးတက်နေတာကိုတွေ့နေရပါတယ်။ ရိုးရာမီးပုံပျံပွဲတွေကို တိုက်ရိုက် လွှင့်လာနိုင်ပြီ။ ဒီလို အဝေးတနေရာမှ ကိုယ့်အစွမ်းအစနဲ့ ကိုယ်ခြေထောက်ပေါ်ကိုယ်တိုင် ရပ်တည်နေကြပါပြီ။ အရမ်းကို ကြည်နူး ဂုဏ်ယူစရာပါပဲ။ တနေ့တချိန်ချိန်မှာတော့ အသက်တွေ ကြီးလို့ ပြည့်စုံသည်ဖြစ်စေ မပြည့်စုံသည်ဖြစ်စေ ချစ်သော မွေးရပ်မြေလေးမှာပဲ ခေါင်းချ ချင်ပါတယ်။ ဒါကျနော်ရဲ့ ဆန္ဒလေးပါပဲ။

ကိုရီနို ရဲ့တက်ဂ်ပိုစ့်လေးပါ။ ဒီပိုစ့်လေးကို ရေးရတာ အရမ်းခံစားရပါတယ်။ မွေးရပ်မြေနဲ့ ဝေးကွာနေတဲ့လူတိုင်း ခံစားကြရမယ်လို့ ကျနော် ယူဆမိပါတယ်။ လူသားတိုင်းဟာ ကိုယ့်မွေးတဲ့ မြေကိုချစ်သလို သေရင်တောင် ကိုယ့်မွေးမြေလေးမှာ သေချင်တာ အများစုပါ။ ကျနော် ထပ် မတက်ဂ်တော့ပါဘူး ကိုရီနို တက်ဂ်တာ ဆိုင်မဆိုင်တော့ မသိဘူးဗျာ ရေးတော့ ရေးလိုက်ပါတယ်။


လေးစားလျက် တောင်ပေါ်သား

12 comments:

puluque said...

တစ်ခေါက်ရောက်ဖူးပေမဲ့ နောက်တစ်ခေါက်၊ အခေါက်ပေါင်းများစွာသွားချင်နေတဲ့ မြို့ပါ။ မွေတော် ဘုရးတွေကိုတော့ ရောက်ဖူးဘူး။ တကယ်ကို ချစ်စရာ မြို့လေးပါ။ အလည်ခေါ်မှာလားခင်ဗျား။ မီပုန်းပျံပွဲကိုလဲ မရောက်ဖူးသေးဘူး။ သွားချင်နေမိပါတယ်....

June 9, 2009 at 7:00 AM
ကောင်းကင်ပြာ said...

တို့လဲ လွမ်းမိသွားတယ်

June 9, 2009 at 10:00 AM
မငုံ said...

ရှမ်းပြည်ကို လွမ်းအောင် လုပ်ပြန်ပြီ။

June 9, 2009 at 11:01 AM
နေးတစ် said...

အိမ်ပြန်ချင်ပါတယ်ဆို.....

June 9, 2009 at 7:08 PM
ဖိုးစိန် said...

မရောက်ဖူးဘူး
အလည်ခေါ်မယ်ဆိုတာသေချာရင်
လိုက်မယ်
ချစ်ခင်စွာဖြင့်
ဖိုးစိန်

June 9, 2009 at 10:21 PM
ကဗျာဦး said...

လာဖတ်တယ်
စိတ်ချမ်းသာတယ် တောင်ပေါ်သား
အမေ့သီချင်းလေးလည်း
ခံစားနားထောင်သွားတယ်

June 10, 2009 at 4:39 PM
မသက်ဇင် said...

တောင်ပေါ်သားလေးရေ
လာလည်တယ်နော်

ချယ်ရီပန်းတို့ဖူးပွင့်ရာ ကျနော်တို့မြို့လေးမှာ ချယ်ရီပွင့်ချိန်ဆို တောင်တွေများ ပန်းရောင်ကောဇောကြီးခင်းထားသလို လှပနေတာပေါ့

သွားလည်ချင်လိုက်တာ
ခင်မင်လျက်

June 10, 2009 at 4:41 PM
ဂျပန်ကောင်လေး said...

တောင်ကြီးကို ကျနော်လည်းတကယ်ကြိုက်တယ်..

June 10, 2009 at 6:34 PM
ခမ်းကီး said...

အဲဒီမြို့လေးကို ရောက်ချင်တာ ကြာလှပြီ။

June 11, 2009 at 3:19 AM
နွေးနွေးသဲမွန် said...

လိုက်မယ်...လိုက်လည်မယ်....နော် ..ခေါ်မှာလား

June 11, 2009 at 3:50 PM
အိမ် said...

တောင်ပေါ်မြို့လေး တခါမှ မရောက်ဖူးလို့ လာလည်မယ်ဗျာ။ လိုက်ပို့ပေးနော...။ မိတ်ကပ်မလိုပဲ နဂိုနီနေတဲ့ ပါးနီနီရှမ်းမလေးတွေလဲ ကြည့်ချင်သေးသဗျ အဟီးဟီး

June 11, 2009 at 7:52 PM
စနေသား said...

ဟားဟား.. ဒီနှစ် တန်ဆောင်တိုင် တွေ့ မယ်... ကဲမယ်... ဆွဲမယ်...း)

June 13, 2009 at 5:37 PM