အခုတော့ ဟာသ တချိန်တုန်းက ဒုက္ခ Tag
ကိုBee က Tag ထားတာလဲ ကြာနေပါပြီ။ ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်ဘူးဗျာ.. ခုတလော စိတ်ကလဲ ရှုပ်နေလို့ ကိုယ့်ဘလော့ပေါ်ကို မတက်ဖြစ်တော့တာကြာပြီ ပိုစ့်တွေလဲ ဦးနှောက်ထဲကနေ အပြင်ကို တော်ယုံမရောက်နိုင်ဘူး ဖြစ်နေတယ်။ ဒါပေမဲ့ ဘလော့စွဲလမ်းတဲ့ ရောဂါက မလွယ်ပါဘူးဗျာ လူမသိ သူမသိသွားလည် ရတာလဲ ကောင်းပါတယ်။ တခါတလေ စိတ်ညစ်နေရင် ဘာမှ မဖြေရှင်းတတ်တဲ့ ဒီဦးနှောက်ကိုပဲ အပြစ်တင်သင့်တယ် ထင်တာပါပဲ။ ခုတော့ Tag ပို့လေး ရေးလိုက်ဦးမယ်ဗျာ မဟုတ်ရင် Tag ကြွေးတွေများပြီး သေသွားရင် ဒုက္ခ။ လေလွင့်နေတဲ့သူတယောက် ကလဲ Tag ထားသေးတယ်ဗျ။ ခုတော့ ကိုBee Tag ထားတာ အရင် ရေးလိုက်ဦးမယ်ဗျာ.. ခေါင်းစဉ်ကလဲ ခက်သားဗျာ သေချာစဉ်းစားရတယ် ငယ်ငယ်က ကျနော်ဘာဗရုတ်ဒုက္ခလုပ်ပြီး ခုပြန်တွေးရင် ရီရသလဲလို့ပေါ့။ ဒါပေမဲ့ အဲ့လို ရီရတာက ရေးထားပြီးသားကြီးလေ အလုပ်သွားရင် ပုဆိုးပြောင်းပြန် မှားဝတ်သွားတာမျိုးပေါ့။ ( ယောပုဆိုးမှာမှာတဲ့ အကွက်လေးတွေ အထက်အောက်မှားဝတ်တာပါ)။ ခုသေချာပြန်စဉ်းစားတော့ ကျောင်းတုန်းက အဖြစ်လေးကို သတိရမိပါတယ်…..
ကျနော်တို့ကျောင်းက နယ်ကကျောင်းတွေဆိုတော့ ရန်ကုန်လိုမြို့ ဟိတ်ဟန်တွေ သိပ်မရှိဘူးပေါ့။ အားလုံးက ရှိတာလေးတွေ ၀တ်ပြီး ကျောင်းတက်ကြပါတယ်။ ကျောင်းကိစ္စဆိုလဲ အားလုံး ၀ိုင်းဝန်းပြီး တက်ညီလက်ညီ ပါဝင်ကြတာများပါတယ်။ ကျနော်တို့ (၉)တန်းကျောင်းသားဘ၀တုန်းက အဖြစ်အပျက်လေးပါ။ ကျနော်တို့ကျောင်းမှာ (၉)တန်းအခန်းက များပါတယ်။ အားလုံးပေါင်း (၇) ခန်းလောက် ရှိတာ။ ပြီးတော့ အခန်းတခုချင်းစီကို စိုက်ခင်းလေးတခုစီ ပေးထားပါတယ်။ ကျောင်းသား၊ကျောင်းသူတွေက အဲ့ဒီစိုက်ခင်းလေးကို ပန်းပင်တွေ ရာသီပေါ် အသီးအနှံတွေ စိုက်ကြရပါတယ်။ တပတ်မှာတချိန်တော့ စိုက်ပျိုးရေး အချိန်ဆိုပြီး သတ်မှတ်ပြီး ထားပေးထားပါတယ်။ ဒီတော့ ကျနော်တို့သူငယ်ချင်းတွေလဲ စိုက်ပျိုးရေးချိန်ရောက်ပြီးဆို အရမ်းပျော်တာပေါ့။ စာမသင်ရပဲ ပေါင်းပင် မြက်ပင်လေးနဲနဲလောက် နုတ်ပြီး ဘောလုံးသွားကန်နေကြပေါ့။ အများဆုံး စိုက်ကြတာကတော့ ကြက်သွန်မြိတ်ပင်၊ မုန်လာဥဖြူ၊ မုန်လာဥနီ၊ ခရမ်းသီးပင်၊ ငရုတ်ပင် စသည်ဖြင့် အမြန်လဲ ပေါက်လွယ်တဲ့ အပင်တွေ စိုက်တာများပါတယ်။ စိုက်လို့ အောင်မြင်ရင် အဲ့ဒါတွေ ခူးပြီး တခန်းဝင်တခန်းထွက် လိုက်ရောင်းရပါတယ်။ ဆရာမတွေကလဲ ၀ယ်ပြီး အားပေးကြပါတယ်။
အခုမှ ဇာတ်လမ်းကစမှာဗျ… တနေ့ ဆရာမတွေ အစည်းအဝေးထိုင်ပြီး စိုက်ပျိုးရေးကွက်လေးတွေကို လှပအောင် လုပ်ဖို့ ကျနော်တို့ ကျောင်းသားတွေကိုပြောပါတယ်။ ဒီမှာကျနော်တို့ ကျောင်းသားတွေတော်တော်များများက သဘောတူကြပါတယ်။ ဒီတော့ ခြံစည်းရိုးခတ်မယ်ဆို ၀ါးတွေလိုလာပါတယ်။ ၀ါးက ၀ယ်ရင်ရပေမဲ့ ပိုက်ဆံမကုန်ချင်တာရယ် ပြီးတော့ ကျောင်းသားဖြစ်တဲ့အလျှောက် သူငယ်ချင်းတွေနဲ့ ကဲချင်တာရယ်ပေါင်းပြီး ကျနော်တို့ ၀ါးကိုယ်တိုင် ခုတ်ဖို့အစီအစဉ်ဆွဲပါတော့တယ်။ ကျနော်တို့ ရှမ်းပြည်နယ်မှာ ၀ါးတွေက တော်တော်ပေါပါတယ်။ မြို့လေးရဲ့ အနောက်ဖက်မှာ ၀ါးတောတွေ ရှိပါတယ်။ တောင်ကုန်းတွေကြားမှာ ပေါက်နေတာတွေပေါ့။ဒီလိုနဲ့ သူငယ်ချင်းတသိုက် ၀ါးခုတ်ဖို့ တိုင်ပင်ပြီး အနောက်တောထဲကို ထွက်လာပါတယ်။
အဲဒီအနောက်တောင်ကုန်းတွေမှာ များသောအားဖြင့် လယ်ယာလုပ်ကိုင်တဲ့လူတွေရဲ့ မြေကွက်တွေရှိပါတယ်။ များသောအားဖြင့် သူတို့က စပါးမစိုက်ပါဘူး။ သစ်တော်သီးတွေ စိုက်ပြီး အသက်မွေးဝမ်းကျောင်းပြုပါတယ်။ အဲ့အနောက်တောရဲ့ အပေါ်မှာတော့တောင်ကြီးမြို့ရဲ့ နာမည်ကြီး စေတီတခုဖြစ်တဲ့ အရိုးဂူဘုရားဆိုတာလဲ ရှိပါတယ်။ အဲမှာ မျှော်စင်လေးတွေ ဆောက်ထားပေးပါတယ်။ မျှော်စင်လေးပေါ်က တက်ပြီး ကြည့်လိုက်ရင် တောင်ကြီးမြို့ရဲ့ အလွန်တရာ လှပတဲ့ ရှုခင်းတွေကို မြင်ရပါတယ်။ ညနေ နေ၀င်ဆည်းဆာရဲ့ အလှကို တောင်တန်းတွေနဲ့ ပေါင်းစပ်ထားတာ အလွန်တရာမှ ကြည့်ရတာ လှပပါတယ်။ အဲ စကားပြန်စပ်ဦးမှ အဲဒီအနောက်တောကြီးက လျှိုလိုမျိုးပါ။ ကုန်းဆင်းမတ်မတ်ကြီးကို ဆင်းသွားမှ ကျနော်တို့ လိုချင်တဲ့ ၀ါးပင်တွေ ရှိပါတယ်။ အဲ့ဒီတော့ ကျနော်တို့သူငယ်ချင်းတသိုက်လဲ ၀ါးခုတ်ဖို့ဝါးတောရှိရာကို ဆင်းသွားပါတယ်။ ပြီးတော့ ၀ါးတွေခုတ်ပေါ့ ပြီးရင် သူငယ်ချင်းတွေထဲက လက်ဆော့တဲ့ကောင်တွေက သစ်တော်သီးတွေ ခူးပြီး စားလို့စားပေါ့ ပျော်နေကြတာပါပဲ။
အဲဒီအချိန်မှာ ဘယ်ဆီကလဲ မသိတဲ့အသံကျယ်ကြီးနဲ့ ကျနော်တို့ဆီကို လာနေသံကြားရပါတယ်။ ပါးစပ်ကလဲ အမေနှမတွေပါတဲ့ စကားလုံးသံတွေနဲ့ဆဲပြီးတော့ကို လာနေတာပါ။ အကြောင်းကတော့ သစ်တော်သီးခိုးစားလို့ပါခင်ဗျာ။ တောင်းစားရင် ရသားနဲ့ ကျနော်တို့တတွေလဲ ကျောင်းသားတွေဆိုပြီး လုပ်ချင်တာလုပ်တာလေ ဒီတော့ သစ်တောသီးခြံပိုင်ရှင် ဦးလေးက ဓားတချောင်းကိုင်ပြီး လိုက်တာဗျ။ ပါးစပ်ကလဲ “ဒီေ-ွးမသားတွေ သူများခြံကအသီးကို ဒီလိုခိုးစားရသလား တွေ့လို့ကတော့ သေအောင်ကို ဓါးနဲ့ ခုတ်သတ်မယ်တဲ့“ ဗျာ ကျနော်တို့သူငယ်ချင်းတွေလဲ ၀ါးခုတ်နေတဲ့အချိန်ဆိုတော့ ဓါးတွေကိုပစ်ချပြီး ထွက်ပြေးရပါတော့တယ်။ ဒါပေမဲ့လမ်းက မကျွမ်းတော့ ဘယ်လိုပြေးရမှန်းမသိဘူးဗျ။ ကျနော်နဲ့ သူငယ်ချင်းတယောက်(ပူးတူးဆိုတဲ့ သူငယ်ချင်းထင်တယ်) တောထဲက ရေချောင်းလေးထဲမှာ တိတ်တိတ်လေး ၀င်ပုန်းနေရတာပေါ့။ ကံကောင်းတာက ရေချောင်းဘေးမှာ ပေါက်နေတဲ့ အပင်တွေက ချောင်းလေးကို ပိတ်ဖုံးနေတော့ သိပ်ပြီး မမြင်ရဘူးဗျ။ အဲဒီအချိန်မှာ အကြောက်ဆုံးပဲဗျာ။ ဘယ်လိုမှ မခံစားဘူးတဲ့ ကြောက်လန့်မူတွေကို ခံစားနေရတယ်။ ပြီးတော့ အဲ့ဒီဦးလေးက ကျနော်တို့ရဲ့ ရှေ့လေးမှာ ကျနော်တို့ကို ရှာနေတာဗျ။ ပါးစပ်ကလဲ ဓါးကြိမ်း ကြိမ်းနေလေရဲ့။ ဒီလိုနဲ့ (၁)နာရီလောက်ထိ ငုတ်တုတ်လေး ချောင်းရေလေးထဲမှာ အသံပိတ်နေရတာဗျာ.. ခြေထောက်တွေကအေး အဲ့ဒီဦးလေးကလဲ ဇွဲကောင်းကောင်းနဲ့ ရှာနေတာဗျာ။
(၁)နာရီကျော်ကြာတော့ အသံတွေတိတ်သွားတော့ အသာလေး ထွက်လာလိုက်တာ ဟိုဘက် ခြုံထဲက ကျနော်သူငယ်ချင်း (၂)ယောက်ပါ ထွက်လာပါတယ်။ ဒီကောင်နေလဲ တော်တယ်ဗျ ကျနော်တို့ သူတို့ ရှိတာတောင်မသိရဘူး။ ကျနော်တို့ လျှိုပေါ်ကပြန်တက်မယ်လုပ်တော့ တကောင်က စကားစတယ်။ ခုတ်ထားတဲ့ဝါးတွေ ဘယ်လိုလုပ်မလဲတဲ့ ဟုတ်သားပဲ ကျနော်တို့ အမောခံ ခုတ်ထားတာတော့ အလကားအဖြစ်မခံနိုင်ဘူး။ ဒီတော့ မရရအောင် သယ်မယ်ဆုံးဖြတ်ပြီး လူ(၄)ယောက် ၀ါးလုံးအရှည် ၂လုံးကို ထမ်းပြီး အမြန်ပြေးလာရတာမောလိုက်တာဗျာ။ အပေါ်ရောက်တော့ အရိုးဂူဘုရားကျောင်းထဲ ရေလေးဝင်သောက်တော့ တခြားသူငယ်ချင်းတသိုက်က အေးဆေး ရယ်လို့မောလို့ မင်းတို့က ဘယ်လိုလုပ် ဒီရောက်နေတာလဲဆိုတော့ ငါတို့ကိုလိုက်တာ ဘုရားကျောင်းအောက်ခြေတဲ့တဲ့ကနေ တောင်ပေါ်ပြေးတက်လာတာတဲ့ ဆရာသများတွေက ကျနော်တို့မှာသာ ကိုယ်အောက်ပိုင်းရေစိမ်ရင်း ဘုရားတနေရတဲ့ အဖြစ်။ဘာလိုပြောပြော ကျနော်တို့ နောက်ဆုံးတော့ ကျနော်တို့လိုချင်တဲ့ အရာ(၀ါးလုံး)တော့ ရအောင် ယူလာနိုင်ခဲ့ပါတယ်။
စာကြွင်း။ ။ ကိုBee က Tag ထားတာဘယ်လို ဆိုလိုတာလဲတော့ သေချာမသိဘူး။ ကျနော်ကတော့ ရေးချင်တာတွေ ရေးချလိုက်ပြီဗျာ…ခုချိန်ထိ ဒီအကြောင်းလေး ပြန်စဉ်းစားရင် သူငယ်ချင်းတွေကို သတိရပြီး ပြုံးနေမိပါသေးတယ်။
8 comments:
Tag ပို့စ်လေး ဖတ်သွားပါတယ်.
February 26, 2009 at 3:46 PMလိုချင်တဲ့ အရာအားလုံးပါအောင် ယူသွားနိုင်ခဲ့တာဘဲ....!!
February 26, 2009 at 4:33 PMဘဝမှာလည်း လိုချင်တောင့်တတဲ့ အရာတွေ အားလုံးကို ရအောင်ယူနိုင်ပါစေလို့... ဆန္ဒမွန်လေးထားခဲ့တယ်...
တူလေးပျော်ပါစေ...
ခင်မင်ခြင်းများစွာဖြင့်..
ဦးနော်၊ တီငယ်၊ ညီမလေး
ဖြစ်တတ်ပါတယ်ဗျာ ကျောင်းသားဘ၀တွေက
February 26, 2009 at 4:37 PMအခုတော့ လွမ်းမောစရာတွေပါပဲဗျာ။ ဖတ်သွား
တယ်ဗျို့
တဂ်ပို့စ်လေး အားပေးသွားတယ်။
February 26, 2009 at 5:29 PMစွန့်စားခန်းလေးတွေ ရီသွားတယ်။
စွန့်စားရတာ စိတ်ဝင်စားစရာဘဲ... ပြုံးသွားတယ်..။
February 26, 2009 at 7:28 PMတောင်ပေါ်သားရေ တွေးမိရင်တော့ လွမ်းမိသလိုပဲ ဆိုသလိုပေါ့။ ကျောင်းသားဘ၀က စိုက်ခဲ့ဖူးတဲ့ စတော်ဘယ်ရီ အပင်ကြီးဆိုရင် ခုအချိန်လောက်ဆိုရင် တော်တော် ကြီးနေလောက်ရောပေါ့။ အဲဒီအပင်ကြီးအောက်မှာလည်း ချစ်သူတွေ ဘယ်လောက်များ တွေ့၊ ကြိုက်၊ ချစ်၊ လွမ်း၊ ကွဲ ခဲ့ပြီလည်းတော့ မပြောတတ်တော့ပါဘူး။ တစ်နေ့ကျရင်တော့ ကိုယ်ပျိုးခဲ့တဲ့ စတော်ဘယ်ရီ အပင်အောက်ကို ရောက်အောင်တော့ သွားဦးမှပဲလေ။
February 26, 2009 at 9:38 PMအဟား တောင်ပေါ်သားရေ ငါလည်းဖြစ်ခဲ့ဖူးတယ်ကွ
February 26, 2009 at 11:37 PMငါတို့ က သစ်တော်သီးသွားခိုးစားတာလေ ငါတို့ တုန်းက ညီအစ်ကိုတွေ တောင့်တယ်လေ သူငယ်ချင်းကနည်းနည်းနဲ့  စုပြီးမီးပုံးပျံအတွက် ဝါးသွားခုတ်ရင်းနဲ့  သွားခိုးစားတာ
ပြောတော့ဘူး အဟီး နင်ပြောသလိုပဲ ခုတော့ရီစရာ
အဲ့တုန်းက ကြောက်လွန်းလို့ ပြေးမိပြေး၇ာပြေးလို့  လမ်းပျောက်ခဲ့ဖူးတယ်
ရီရတယ် လာရီသွားတယ်း)
February 28, 2009 at 12:50 AMPost a Comment