စိတ်ကူးယဉ်ကြည့်ခြင်း
တီတီတီ……တီတီတီ…….တီတီ….!!!!!!အိပ်ချင်မူးတူးနှင့် လက်ကနိုးစက်နာရီကို ပိတ်ပြီးအိပ်ရာက ထလိုက်သည်။ အော် မနက် ၅း၀၀ တောင်ရောက်လာပြန်ပေါ့.. တောင်ပေါ်မြေရဲ့ ချမ်းအေးတဲ့ မနက်ခင်းအထိအတွေ့ကို နှစ်ခြိုက်စွာထိတွေ့ရန် အိပ်ရာကတော့ ထလိုက်မိသည်။ မျက်နှာသစ် သွားတိုက်ရန် အိမ်ပြင်ကို ထွက်လိုက်တာနဲ့ အလင်းမပေါက်သေးတဲ့ အမှောင်ဖျော့ဖျော့ကြားမှာ ရေခဲတမျှအေးမြတဲ့ ရေတွေကို ကိုင်တွယ်ကြည့်လိုက်မိတယ်။ သြော် လက်ကလေးတွေတောင် အေးလွန်းလို့ နာကျင်မူပျောက်ပြီး ထုံနေပါကော... ချစ်လှစွာသော အမေကတော့သူ့မြေးတွေနဲ့ (အမရဲ့ သားသမီးတွေ) နှစ်ခြိုက်စွာ အိပ်မောကျလျက်ပေါ့….
အ၀တ်အစားလဲပြီး တောင်ပေါ်မြေရဲ့ လတ်ဆတ်တဲ့ လေကောင်းလေသန့်တွေကို ရူရှိုက်ဖို့အိမ်ပြင်ထွက်လာခဲ့တယ်။ သြော်ကြည့် ဘ၀မှာ အဆင်မပြေတဲ့ လူတွေ များလာလိုက်တာ လူများတကာတွေ နှစ်ခြိုက်စွာအိပ်မောကျနေချိန်မှာ ဒီအအေးဒဏ်တွေကို အံ့တုလို့ မိသားစုဝမ်းရေးအတွက် ဈေးထွက်ရောင်းနေကြတာ….. ကိုယ်ပိုင်လယ်ယာထဲက ထွက်တဲ့ သီးနှံအချို့ကို ပလိုင်းတောင်းလေးထဲထည့်ပြီး ခေါင်းမှာ လွယ်လာတဲ့လူနဲ့ တချို့တွေကြတော့ ဈေးရောင်းမဲ့လူတွေကို ထော်လာဂျီကားကြီးပေါ်တင်ပြီ လာတဲ့လူတွေနဲ့… ဒီအချိန်ဆို ကျနော်တို့မြို့ရဲ့ဈေးလေးလဲ အရောင်မျိုးစုံနဲ့ တော်တော်ကိုစည်နေတော့မယ်လေ… သူတို့မျက်နှာတွေကို အမှတ်မထင် တချက်ကြည့်လိုက်မိတယ် အားလုံးကိုယ်စီကတော့ အပြုံးလေးတွေနဲ့ သြော် တကယ်ကို ရိုးသားတဲ့ တောင်ပေါ်သူ/သားတွေပါ့လား။ ဒီလောက်ထိ ပင်ပန်းဆင်းရဲနေတာတောင် အပြုံးတွေကို ထိန်းထားနိုင်သေးပါ့လားလို့ စဉ်းစားမိပါတယ်။ ဒါမှမဟုတ်များ ဘယ်လိုမှ မတတ်နိုင်ကြလို့ ဟန်ဆောင်များ ပြုံးနေရတာလား ဒီနေ့ကော သူတို့တွေ ဈေးရောင်းကောင်းပါ့မလား….သြော် ရှိတဲ့သူများကြတော့ ဒီအချိန်ထိ ဇရက်မင်း စည်းစိမ်ခံယူနေတုန်းနဲ့တူပါရဲ့။ တန်ဖိုးကြီးတဲ့ မွေ့ယာတွေပေါ်မှာ အိပ်မက်ကောင်းလေးတွေ မက်ပြီး သာယာနေမဲ့ဖြစ်ခြင်း………………… :(
တချို့တွေကတော့ ကျန်းမာရေးအတွက် စောစောထပြီးပြေးနေလိုက်တာ.. အသက်တွေကြီးလာတော့ ကျန်းမာရေးကို ဦးစားပေးရမယ်သိလာပြီထင်တယ်။ မြို့စည်ပင်ရဲ့ “စောစောအိပ်လို့ စောစောထလို့ လမ်းလျှောက်ကြပါစို့“ ဆိုတဲ့ သီချင်းလေးနဲ့အတူ လမ်းလျှောက်ကျန်းမာရေးတွေ လုပ်နေကြတယ်… အားလုံးဟာကိုယ်ရဲ့ ကိုယ်ပိုင်စိတ်နဲ့ကျန်းမာရေးလိုက်စားတယ်ဆိုရင်တော့ အတိုင်းထက်အလွန် ၀မ်းသာစရာပေါ့။ ဒါမှမဟုတ် တအိမ်တယောက်မလိုက်မနေရလို့ ခေါ်လို့ အိပ်ချင်မူးတူးနဲ့ လမ်းလျှောက်နေရင်တော့.......... :)
မြို့လယ်လမ်းအတိုင်း ဖြေးဖြေးလေးပြေးလိုက် လမ်းလေးလျှောက်လိုက်နဲ့ ဒီအေးမြတဲ့ အထိအတွေ့တွေကို တ၀ကြီး ခံစားရတာ ဘာအရာနဲ့မှ မတူပါဘူးဗျာ.. ဒီလို မခံစားရတာတွေတောင် နှစ်အတော်ကြာနေပြီလေ.. ခပ်ဝေးဝေးကနေ အရာတခုကို လှမ်းမြင်လိုက်ရတယ်။ မြို့လယ်ဓမ္မာရုံအောက်မှာ မူးပြီး အိပ်နေတာလား ဒါမှမဟုတ် မူးပြီးများမေ့နေ သေနေတာလားပေါ့။ အပြေးလေး သွားကြည့်မိပါရဲ့ အံ့အားသင့်ခြင်းများစွာနဲ့… အရွယ်မရောက်သေးတဲ့ ချစ်စဖွယ် နို့စို့အရွယ်ကလေးလေးနဲ့သူရဲ့ အမေတို့ အိပ်နေကြတာပါ့လား။ အော် ငါတို့ရဲ့ ဘ၀တွေ တဖြေးဖြေးနဲ့ ဆိုးလာနေပါ့လားလို့ စိတ်ကတွေးမိပြန်တယ်။ ဒီလိုတောင်ပေါ်မနက်ခင်းစောပိုင်းမှာ ဒီကလေးငယ်လေးဟာ မွေ့ရာထူထူနဲ့ ချစ်သောမိခင်ရဲ့မေတ္တာနို့ရည်ကို နှစ်ခြိုက်စွာ သောက်သုံးရင် အိပ်မောကျသင့်တဲ့ အရွယ်လေ……………. :(
ဒီလိုနဲ့ ပြေးလာလိုက်တာ မြို့ရဲ့အထင်ကရ ပန်းခြံကြီးကိုရောက်လာပါတယ်။ အော် လောကရဲ့ အပြောင်းအလဲတွေကများလိုက်တာ ဒီပန်းခြံကြီးကို ကြည့်ပြီး စဉ်းစားမိပြန်ပါတယ်။ အရင်ကတော့ ဒီပန်းခြံကြီးက မြို့ရဲ့ ကျက်သရေဆောင် ပန်းခြံပေါ့။ အလွန်တရာကို ပနံသင့်လှတဲ့ တောတောင်တွေနဲ့ ကြိုးတံတားလေးဟာ အခုတော့ လူသူမရှိ ခြောက်သွေ့နေပြန်ပြီ။ ကြိုးတံတားလေးကတော့ သူပေါ်ကို နင်းလျှောက်မဲ့သူတွေကို အရင်အတိုင်း ကြိုဆိုရင်စောင့်မျှော်ရင်းပေါ့။ အရင်က ပိတ်ရက်တွေမှာ မိသားစုတိုင်းပျော်မြူးခဲ့တဲ့ ဒီပန်းခြံလေးဟာ အခုတော့ ရယ်သံတွေပျောက်ဆုံးနေလေရဲ့။ အချိန်မှန်တဲ့ ပန်းခြံထဲက နာရီစဉ်ကြီးလဲ အခုတော့ ပြုပြင်မဲ့သူမရှိ အရောင်တွေ မွဲခြောက်လို့ နေ့လယ် ၁၁း၁၅ မိနစ်မှာ ရပ်တန့်နေတာ နှစ်တွေလဲ အတော်ကြာပေါ့။ ဒါများတောင် တို့မြို့လေးကလေးက အာစီယံအဖွဲ့ဝင် နိုင်ငံထဲမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမူ အကောင်းဆုံး ၁၀ နိုင်ငံထဲပါနေသေးရဲ့။ :)
အင်း အိမ်ကထွက်လာပြီး လမ်းလျှောက်လာတာ ဗိုက်တောင် အတော်ဆာသလိုရှိနေပြီ… သြော်ရှေ့မှာ လမ်းဘေးက လမ်းဘေးလက်ဖက်ရည်ဆိုင်လေးတွေ့လို ၀င်လိုက်တယ်ဆိုရင်ပဲ ဆိုင်ရှင်ရဲ့ အဆူအဟောက်ကို ခံနေရတဲ့ စားပွဲထိုးလေးတွေကို စိတ်မချမ်းသာစွာ မြင်လိုက်ရပြန်တယ်။ စားပွဲထိုးလေးနှစ်ယောက်က ကိုယ့်နားပြေးလာပြီ အကိုဘာစားမလဲ ဘာသောက်မလဲနဲ့ သူတို့ဆိုင်ကရသမျှကို ကြက်တူရွေးကျနေတာ ပြောနေလိုက်တာ… ကျနော်အကြိုက် မုန့်ဟင်းခါးတပွဲမှာလိုက်ပြီး ဘာလို့အဆူခံရတာလဲလို့ မေးလိုက်မိတော့ မနက်စောစော အိပ်ငိုက်မိလို့ပါတဲ့။ ဒီပါးစပ်က အငြိမ်မနေ ညီက ဘယ်န နာရီထတာလဲ ထပ်မေးမိလိုက်ပါတယ်။ မနက် ၄နာရီလောက် ထရတယ်တဲ့။ ညီအသက်ဘယ်လောက်လဲလို့ စားပွဲထိုးကောင်လေးကို အမှတ်မထင်မေးကြည့်လိုက်တယ်..
အမ် မင်းအသက်က ၁၃ နှစ်ဟုတ်လား…. သြော် သနားစရာကလေးငယ်တွေဘ၀ အများတကာလို ကျောင်းတက်ပြီး ပညာရှာနေရတဲ့ အရွယ်မှာ သူတို့ဘ၀တွေကတော့ အဆူအဆဲခံပြီး ဆိုင်ရှင်ကျွေးတာ စားနေရတဲ့ ဘ၀… ဆက်ပြီး စပ်စုမိပါသေးတယ် ရတဲ့ လခကတော့ တလလုံး မနက် ၄နာရီထ ည ၉ နာရီလောက်မှ ဆိုင်သိမ်း။ ဆိုင်သိမ်းပြီးလို့ အနားရမဲ့ မကြံသေးဘူး ပန်းကန်တွေဆေး နောက်နေ့ လုပ်ရမဲ့ အလုပ်တွေကို ကြိုလုပ် ဒီလိုနဲ့ ည၁၂ ထိုးခါနီးလောက်မှ အိပ်ရတဲ့ ဘ၀။အဲလိုလုပ်နေတာတောင် ၅၀၀၀/၇၀၀၀ ကျပ် တဲ့…. ကျနော် ဘာမှ ဆက်ပြီး မမေးဝံ့တော့ပါဘူး ကိုယ့်ဟာကို ရှက်မိပါတယ်။ ဒီကလေးငယ်လေးတောင် တတ်နိုင်သမျှ မိသားစုအတွက် ကျောင်းပညာကို မသင်ယူနိုင်ပဲ ဘ၀ကပေးတဲ့ ဘ၀သင်ခန်းစာတွေကိုကြိုးစားသင်ယူရင်း မိသားစုကို ထောက်ပံ့နေကြချိန်မှာ လူကြီးတွေကတော့ ကိုယ့်ရဲ့ သားသမီးတွေကို နားမလည် ဂရုမစိုက်နဲ့ ရက်စက်နေလိုက်ကြတာ…. ဒါ လူကြီးဖြစ်ရတာ တန်ဖိုးမရှိတာပါပဲ တနေ့ ဒီသားသမီးတွေရဲ့ တုံပြန်တဲ့ဒါဏ်ကို ဒီလူကြီးတွေ ပြန်ခံရမှာပါ့လားဆိုတဲ့ အတွေးတွေဝင်ရင်……. :)
ဒီလိုနဲ့ လက်ဘက်ရည်ဆိုင်ရဲ့ ထောင့်တနေရာမှာ မုန့်ဟင်းခါးလေးစားပြီး အတွေးတွေများစွာနဲ့ တယောက်ထဲ စဉ်းစားနေမိပါတယ်။ အမှတ်မထင် လက်ကနာရီကို ငုံ့ကြည့်လိုက်မိတော့ မနက် ၇နာရီတောင် ထိုးနေပြီပေါ့။ သြော် ဒီအချိန်ဆို အမေနဲ့ ချစ်စရာတူလေးတွေလဲ အိပ်ရာက နိုးနေလောက်ရောပေါ့ အမေ့အတွက် မုန့်ဟင်းခါးနဲ့ လက်ဖက်ရည်လေး ၀ယ်ပြီ အိမ်ပြန်လာခဲ့ရပြန်ပြီပေါ့ဗျာ.. :(
မှတ်ချက်။ ။ ဒါကတော့ ကျနော်ကို တက်ခ်ထားတဲ့ ကိုဂျယ်ဂျဲ ရဲ့ စိတ်ကူးယဉ်ခြင်း တက်ခ်ပို့စ်လေးပါ။ ကျနော်လဲ စိတ်ကူးယဉ်ပြီး ကိုယ့်မွေးရပ်လေးကို သွားကြည့်လိုက်တာပါ………….. ဘယ်သူကိုမှ မတက်ခ်တော့ဘူးနော့် အားလုံးလဲ တက်ခ်ထားပြီးကြပြီလေ…..
တောင်ပေါ်သား
5 comments:
တောင်ပေါ်သားရဲ့တောင်ပေါ်ကို သတိရတဲ့စိတ်ကူးယဉ်ခြင်းကောင်းပါတယ်.
December 29, 2008 at 3:52 PMတောင်ပေါ်က စိတ်ကူးလေးကကောင်းပါတယ်..။ ချယ်ရီရနံ့လေးနဲ့ ခြောက်ကပ်နေတဲ့ ကြိုးတံတားကိုတောင် သွားပြေးမြင်မိတယ်...
December 29, 2008 at 6:44 PMအကိုရေ တောင်ပေါ်စိတ်ကူးလေးကတော့
December 29, 2008 at 9:25 PMကောင်းတယ်ဗျာ မြန်ပြည်ပြန်ရောက်ရင်
အကိုရဲ့ အိမ်လေးကို လာလည်ချင်ပါရဲ့
တောင်ပေါ်မြို့မှာ နေချင်တဲ့ ဖိုးဂျယ်
စိတ်ကူးလေးတွေကောင်းတယ်ဗျာ။
December 30, 2008 at 12:31 AMအမိမြေတောင် လွမ်းမိတယ်ဗျာ
ကိုတောင်ပေါ်သားရဲ့တောင်ပေါ်မြေအကြောင်းစိတ်ကူးနဲ့ကျနော်ပါမျောပါသွားတယ်ဗျာ...
December 30, 2008 at 3:43 AMPost a Comment