ကျနော်မြင်မိသော အပိုင်းအစများ
အခုတလော ကျနော် မောင်တောင်ပေါ်သားလဲ ဘာတွေဖြစ်နေတယ်မသိဘူး.. အမြင်တွေကို မကြည်ဘူးဗျာ.. မြင်မိသမျှကလဲ စိတ်မချမ်းသာ စရာတွေကြီးဗျို့ အခုလဲ ဖြစ်ချင်တာဖြစ် ရေးလိုက်ပြီးဗျာ..ဗုဒ္ဓဟူးနေ့က ကျနော် တောင်ကြီးရှိုးပွဲလေးအတွက် လိုက်လုပ်ကူစရာလေးတွေ ရှိလို့ မြန်မာများ စုဝေးရာ ပင်နဆူလာ ပလာဇာကို ရောက်ခဲ့ပါတယ်. အဲဒီနေ့က အစ္စလာမ် ဘာသာဝင်တွေရဲ့ အစ်နေ့ ဖြစ်တာကြောင့် စင်ကာပူမှာလည်း Public Holiday တစ်ရက်ပေါ့.. ပင်နဆူလာသွားရာ လမ်းတလျှောက် စည်ကားလိုက်တာ မပြောပါတော့နဲ့ဗျာ… အဲ ပင်နဆူလာ ပလာဇာကိုလည်းရောက်ရော စိတ်ပျက်စရာတွေ စတွေ့တာပါပဲ.. အဲဒါကတော့ ကျနော်တို့ ရွှေမြန်မာတွေလေ.. ဖြစ်ချင်တိုင်းဖြစ် ပျက်ချင်တိုင်းပျက်နေတာ..
ကျနော်ဒီပိုစ့်လေးကို အစက မရေးရင်ကောင်းမယ်လို့ စဉ်းစားထားတာဗျာ…. ဘာလို့လဲဆိုတော့ အများတကာရဲ့ လွတ်လပ်ခွင့်ကို ပြောရာကြနေမှာစိုးတယ်ဗျ.. ဒါပေမဲ့ ကျနော် ဘယ်လိုမှ မမြိုသိပ်နိုင်တော့လို့ ရေးလိုက်တာပါ.. ဒီလို Public Holiday မှာ လူတိုင်း ပျော်ရွှင်စွာ နေကြမယ်ဆိုတာ ကျနော်နားလည်ပါတယ်… ဒါပေမဲ့ ဘယ်အရာမဆို စည်းလွတ်ဝါးလွတ် နေရင်တော့ ကြည့်ရတာအဆင်သိပ်မပြေသလိုပါပဲ… အခုအချိန်မှာ စင်ကာပူဆိုတဲ့ နိုင်ငံကြီးသားတွေက အများသိတဲ့အတိုင်း ကျနော်တို့ မြန်မာတွေကို မျက်မှောင်ကျိုးနေတဲ့ အချိန်ဆိုတာ လူတိုင်းသိမယ်လို့ထင်ပါတယ်... ဒီလိုအခြေအနေမှာ ကျနော်တို့မြန်မာတွေအနေနဲ့ စည်းစည်းလုံးလုံးနဲ့ အနေအထိုင်လဲ နဲနဲလေး ဆင်ခြင်ဖြစ်မယ်ဆိုရင် ပိုကောင်းမယ်လို့ ကျနော်ခံစားမိတယ်လေ…
အခုတော့ ကြည့်ပါဦး ကျနော်တို့ မြန်မာတွေ မူးရူးနေလိုက်ကြတာဗျာ… တော်တော်ကို စိတ်ပျက်စရာကောင်းပါတယ်… တော်ယုံတန်ယုံသောက်ကြပေါ့ဗျာ… အခုဟာက သူတို့ကို သူတို့ လူမှန်းသူမှန်းကော သိကြရဲ့လား မသိဘူး… ကျနော်တို့လဲ ဒီလို အားလပ်ရက်လေး ရတဲ့အချိန်လေးမှာ သူငယ်ချင်းတွေနဲ့ သောက်တတ်ကြပါတယ် လူတိုင်းမှာ ကိုယ်ပိုင်အခွင့်အရေးရှိပါတယ် ဒါပေမဲ့ အဲလိုအခွင့်အရေးလေးရတာကိုတော့ ထိန်းသိမ်းသင့်ပါတယ် အခုတော့ မူးရူးပြီး လာသမျှ မိန်းကလေးတွေကို လျှောက်စနေတာပါပဲ.. ကိုယ်မြန်မာ မိန်းကလေးတွေကို မောင်နှမတစ်ယောက်လို စောင့်ရှောက်မယ်မရှိဘူး သူတို့ကစပြီး စားတော့မဲ့ ၀ါးတော့မဲ့ပုံတွေနဲ့ဗျ တစ်ချို့ကတော့ အမူးလွန်လို့ ခေါင်းက မြေကြီးစိုက်နေပါပြီး..
ဒီလူတွေကတော့ Spass,WP စသည်နဲ့ ခွဲခြားစရာမလိုပါဘူး ကိုယ်လဲ ဒီမှာ အလုပ်လာလုပ်တာ.. သူတို့လဲ ဒီမှာ အလုပ်လာလုပ်တာချင်း အတူတူပါပဲ.. ဒါဟာ လူတစ်ဦးချင်းစီရဲ့ ဆုံးဖြတ်ချက်၊ ကိုယ်ပိုင် အသိညာဏ်နဲ့ ဆိုင်ပါတယ် ဒါဟာ သူတို့ကို အပြစ်လို့လဲ ပြောလို့မရပါဘူး ဒါပေမဲ့ တစ်ဦးတယောက်ကြောင့် ကျနော်တို့ မြန်မာတွေ အားလုံးကို ထိခိုက်ခံနေရတာ အားလုံးအသိပါ.. အခုဆို စလုံးမှာရှိတဲ့ ညီအစ်ကို မျိုးချစ်တွေလဲ ဒုက္ခရောက်နေကြပါတယ် ဒီလိုပြောလို့ ကျနော်ဘာလဲဆိုရင် ကျနော်လည်း ဘာကောင်မှ မဟုတ်ပါဘူး သာမန်ကိုယ်တိုင်းပြည်ကို ချစ်တဲ့ ပြည်သူတွေထဲက ပြည်သူတစ်ယောက်ပါပဲ အခုလို အများစုက မျက်မှောက်ကျိုးနေတဲ့ အချိန်မှာ ကျနော်တို့ နဲနဲတော့ ဆင်ခြင်သင့်တယ်လို့ ကျနော်ထင်ပါတယ်
နောက်တစ်ခုက ဒီရောက်လာတဲ့ မြန်မာမိန်းကလေး တစ်ချို့ပါ သူတို့ဟာ မိန်းကလေးဖြစ်တဲ့ အလျောက် အလှအပ မက်တယ်ဆိုတာ ကျနော်တို့ လက်ခံနိုင်ပါတယ် ဒါပေမဲ့ တချို့ တချို့သော မိန်းကလေးတွေဟာ အမိမြန်မာနိုင်ငံက ထွက်လာပြီးနောက် တော်တော့်ကို အခြေအနေတွေ ပြောင်းလဲသွားပါတယ် ဒါတွေဟာ ဖြစ်နေကြသဘောပါပဲ.. စကားပုံတောင် ရှိသေးတာပဲ ဘာရဲ့ တံငါနားနီး တံငါ ၊ မုဆိုးနားနီး မုဆိုး ဆိုသလိုပါပဲ ဒီတော့ ကျနော်တို ဒါကို လက်ခံရပါ့မယ် ဒါပေမဲ့ ကျနော်တို့ မြ
န်မာမိန်းကလေးအများစုကတော့ ဒီကနိုင်ငံသားတွေထက်တောင် ပိုနေပါတယ်.. စကားပုံအရဆို တံငါရဲ့ အဖိုး၊အဖွားတောင် ဖြစ်သွားနိုင်ပါတယ်
ကျနော်တနေ့က အလုပ်ကမိုးချုပ်လို့ပြန်လာတုန်း ကြုံရတဲ့ မြင်ကွင်းလေးပေါ့ သမီးရည်းစား နှစ်ယောက်ပါပဲ သမီးရည်းစားတို့ ထုံးစံအတိုင်း တူတူသွား တူတူလာတာ အပြစ်မဟုတ်ပါဘူး ဒါပေမဲ့ လူအများ သွားလာတဲ့ မီးရထားပေါ်မှာ လူအမြင်မတော်တာတွေ လုပ်နေတာကတော့ မကောင်းဘူးပေါ့ဗျာ.. ကျနော်ထင်အစက သူတို့စုတွဲလေးကို ဖိလစ်ပိုင် တွေလို့ထင်တာဗျ ကျနော်ယုံကြည်တာကတော့ ကျနော်တို့ မြန်မာတွေဆိုးရင်တောင် ဒီလိုလူမြင်ကွင်းမှာတော့ မလုပ်ရဲဘူးပေါ့နော့် ဘယ်အမျိုးသားယောက်ျားလေးကမှ ကိုယ်နှစ်သက်တဲ့ကောင်မလေး သိက္ခာကျအောင် မလုပ်ဘူးလို့ထင်တယ်လေ သူတို့လဲ ဆင်းခါနီး ပြောသွားတဲ့ စကားကို ကျနော်ကြားလိုက်ရမှ ကျနော် တစ်ယောက်ထဲ စဉ်းစားနေမိတယ်ဗျာ.. တော်တော်ကို မလွယ်ပါလားလို့..
ကျနော်သူငယ်ချင်း ဘော်ဒါတစ်ယောက်ပြောတာ ကြားလိုက်ပါတယ်.. သူတို့တွေက စင်ကာပူရောက်ပြီးမှ အတူနေတာတဲ့ အတူနေတယ်ဆိုလို့ လင်မယားလို့ မထင်နဲ့နော်.. (Living Together) ဆိုတာ ဘာမှ လက်လဲ မထပ်ရသေးပဲ အတူနေကြတာတဲ့ ကျနော်လို တောသားကတော့ ဒီစကားကြားပြီး တော်တော်ကို အံ့သြသွားရပါတယ် အံ့သြော်တယ်ဆိုတာထက် ကောင်မလေးအတွက် ကျနော် စဉ်းစားကြည့်တယ် ဟုတ်ပြီး သူတို့အဆင်ပြေလို့ အတူတူနေတယ်ထားပါဦး သူတို့ဒီလိုနေတာကို တယောက်မဟုတ် တယောက်တော့ သိမှာပဲလေ ဒီလိုနဲ့ နှစ်ဖက်အသိုင်းအ၀န်းနား၊ ပတ်ဝန်းကျင်နားတော့ အနည်း အကျဉ်း ရောက်မှာပဲ အကြောင်းကြောင်းကြောင့် သူတို့ အဆင်မပြေဘူးဆိုပါတော့ ဘယ်သူနစ်နာမလဲ စဉ်းစားကြည့်ဗျာ ဘယ်မှာလဲ သက်သေ ဘယ်မှာလဲ လက်ထပ်စာချုပ်.. အားလုံးကြားဖူးမယ်ထင်တာပဲ ကျနော်တို့ယောက်ျားလေးတွေဆိုတာ လှေခါးတစ်ထစ်ဆင်းရင် လူပျိုပြန်ဖြစ်တယ်တဲ့ ကောင်မလေးအတွက်ကကော ဘယ်လို လုပ်မလဲ.. တော်တော်ကို ရင်လေးစရာကောင်းပါတယ်
ဒါဟာ ဒီစလုံးမှာ အစဉ်အလာတစ်ခုလို ဖြစ်နေတယ်ဆိုတာ မှန်ပါတယ်.. ဒါပေမဲ့ ကျနော်တို့ သိထားရမှာ ကျနော်တို့ဟာ စင်ကာပူနိုင်ငံသားမဟုတ်ဘူး.. အကြောင်းအမျိုးမျိုး အခြေအနေမပေးလို့ သူတပါးနိုင်ငံမှာ ပညာလာသင်၊ အလုပ်လာလုပ်နေတဲ့ လူတွေပါ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်ဖြစ်စေချင်တာက စင်ကာပူနိုင်ငံသား ခံယူခွင့်ရရင်တောင်မှ ကိုယ်တိုင်းပြည်ရဲ့ ယဉ်ကျေးမူဆိုတာကို မမေ့သင့်ပါဘူး ကျနော်ဟာ ဗုဒ္ဓဘာသာဝင် တယောက်မဟုတ်ပါဘူး ဒါပေမဲ့ ကျနော် မြန်မာနိုင်ငံသားတယောက်ပါပဲ ကျနော်သိသလောက် ပြောရရင် ဒီလိုနေထိုင်တဲ့လူတွေဟာ များသောအားဖြင့် ပညာလာသင်တဲ့ သူတွေများပါတယ် ဒါသူတို့ကို စော်ကားတာမဟုတ်ပါဘူး ကျနော်တို့လို အလုပ်လာလုပ်တဲ့ သူတွေလဲ တပုံတပင်ပါ လူတိုင်းမှာ ကိုယ်စီ ကြုံတွေ့ရတတ်တဲ့ အခက်အခဲဆိုတာ ရှိပါတယ် ဘယ်လိုအခက်အခဲကိုမဆို ရင်ဆိုင်တဲ့အခါ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကနေ ဖြေရှင်းတာအကောင်းဆုံးပါပဲ ကျနော်တို့ ဒီလို လမ်းမမှန်တဲ့ လမ်းကြောင်းပေါ်က သွားနေမယ်ဆိုရင် တချိန်ချိန်မှာ ကျနော်တို့ နှောင်းမှရတတ်တဲ့ နောင်တတွေကို ထွေးပွေ့ပြီး စိတ်ဒဏ်ရာတွေ ခံစားနေရမယ်ဆိုတာ…………………
8 comments:
ကိုတောင်ပေါ်သားရေဖတ်လို့ကောင်းပါတယ် အဲ့လိုမိန်းကလေးနဲ့ယောင်္ကျားလေးအတူတူနေတာ ဒီမှာလဲအများကြီးပါပဲနောက်တော့လဲအခန့်မသင့် ရင်ကွဲကြတာပါပဲ .............. ပျော်ရွှင်ပါစေ....ဟိဟိ
October 4, 2008 at 9:34 AMမဖြစ်သင့်တာတွေလည်းဖြစ်နေကြပါပြီဗျာ...။ တွေ့နေရတာပါဘဲ...။
October 4, 2008 at 10:06 AMဘယ်လိုပြောရမှန်းတောင်မသိတော့ဘူးဗျာ..။ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်တာအကောင်းဆုံးပါဘဲ..။
ဒီကိစ္စတွေက ပြောလို့ကို မဆုံးဘူး တောင်ပေါ်သားရေ.. လက်ပိုက်သာ ကြည့်ပါတော့.... စိတ်မကောင်း ဖြစ်ရုံသာ တတ်နိုင်ပါတယ်...
October 4, 2008 at 11:13 AMကိုတောင်ပေါ်သားရေ... စိတ်မကောင်းပါဘူး။ အကို့နေရာမှာသာ ကျွန်တော်ဆိုရင်လည်း ဒီလိုစိတ်မျိုးဖြစ်မှာပဲဗျ.. ဒါပေမယ့်ဗျာ.. ခေတ်ကြီးကိုက ဒီလိုဖြစ်ကုန်ပြီလေ.. မောင်နှမစိတ်လည်း မထားကြတော့ဘူး (တစ်ချို့လူတွေ)
October 4, 2008 at 6:28 PMသြော်ဖြစ်ရပလေလို့သာတမ်းရုံမှဘာများတတ်နိုင်ပါမည်နည်း ကိုတောင်ပေါ်သားရေ ကိုတောင်ပေါ်သားလို့စိတ်ဓါတ်မျိုးလူတိုင်းမှာ ရှိလာနိုင်ပါစေလို့ပဲဆုတောင်းရုံမှအပ ဘယ်လိုမှတတ်နိုင်မည်မဟုတ်ပါ
October 4, 2008 at 6:40 PMကိုကြီး ဟန်သစ်ရေ ကိုကြီးရဲ့ အမြင်လေးအတွက် ကျေးဇူးတင်ပါတယ်... ကိုကြီးပြောတာမှန်ပါတယ် ကျနော်တို့မှာ ပြောပိုင်ခွင့်မရှိပါဘူး.. သူတို့မိဘမှ မဟုတ်တာဗျ ဟုတ်ဘူးလား.. ဒါပေမဲ့ ကျနော်တို့ မြန်မာတွေ ဒီပိုစ့်လေးကို ဖတ်ပြီး ဗဟုသုတ ရစေချင်တာပါ အမှန်အတိုင်းပြောရရင်တော့ ဆင်ခြင်စေချင်တာပါ ကျေးဇူးကိုကြီးရေ
October 4, 2008 at 9:56 PMအဲဒီတစ်ခုတော့ ကျနော်လည်း တွေးမိတယ်။ မူးတာက ကိုယ့်လွတ်လပ်ခွင့်နဲ့ ကိုယ်ပဲလေ။ မူးလို့ ရပါတယ်။ ဒါပေမယ့် အဲဒီလို အများတကာ သွားလာနေတဲ့ ပတ်ဝန်းကျင်မှာ အမြင်ဆိုးအောင်တော့ မမူးသင့်ဘူးထင်ပါတယ်။ ကိုယ့်လူမျိုးကို ပိုပြီးအထင်သေးတာပေါ့။
October 6, 2008 at 11:35 AMသွန်းသွန်းတောင် အဲအကြောင်းလေး ရေးမလားတွေးမိသေးတယ်။ တောင်ပေါ်သား လက်ဦးသွားလို့နော် ဟင်း ဟင်း။ စင်္ကာပူကို ရောက်တဲ့သူတိုင်း သိမှာပါ။ ကြိုက်တဲ့နေရာသွား ၊ လုံခြုံမှု စိတ်ချမှု ဘာမှ မပူရဘူး။ အေး ..Peninsula များ မိန်းကလေးတစ်ယောက်တည်း သွားမိလို့ကတော့ ၊ ကျွတ်ဆင်ပဲ။ ရိခံရမယ်သာ မှတ်။ မြန်မာပြည်က သာကေတ ရောက်နေသလိုပဲ။ ဒါမျိုးကျတော့ အသွားမတတ်လို့ လို့ ပြောဖို့ခက်တယ်လေ။ ကိုယ်တွေနေရာပဲမို့လား။ :(
October 8, 2008 at 8:17 AMPost a Comment