မသေခင် ၁၀ ရက်အလို
ကဲ လုပ်ကြပြန်ပါပြီ။ မသေခင် ၁၀ရက်အလိုတဲ့။ ဘယ်လိုလုပ်ရပါ့မလဲ ကိုကြယ်စင်သွေးကောင်းမူပေါ့။ ဒါတောင်မှ သူကငရဲပြီးကို လိုက်ခိုင်းနေတာ သူဟာသူတစ်ယောက်ထဲမသွားရဲဘူးလေ အားလုံးကို ဆွဲခေါ်နေတာ :)။ သူကတော့ဟုတ်တာပေါ့ နေ့တိုင်းကစ်နေတာ(အရက်)ကိုး။ ဘယ်လိုလုပ် နတ်ပြည်ရောက်မှလဲနော့် သူမရောက်တာနဲ့ ကျနော်ကိုပါ ငရဲပြည်ထဲခေါ်နေတယ် ကျနော်ကတော့ ငရဲကိုမသွားပါဘူး နတ်ပြည်ရောက်မှာနော့်။ ဒါပေမဲ့ ချစ်အကိုကြီးက ခေါ်နေတော့လဲ အားနာပါးနာနဲ့ ငရဲပြည်ကို အလည်လိုက်သွားဖြစ်ပါတယ်ဂျာ..အခုလောလောဆယ် ငရဲပြည်သွားဖို့ Visa လျှောက်ထားတာ မကျသေးဘူးဗျ ဆယ်ရက်လိုသေးတယ်။ ဒါကြောင့် ငရဲပြည် အလည်မသွားခင် ၁၀ ရက်ကို ကောင်းကောင်း အသုံးချဦးမှ။ ဒါပြီးရင် ငရဲပြည်သွားပြီး ချစ်ကို၊ချစ်မတွေ ဘာလုပ်နေလဲဆိုတာ သွားလေ့လာရဦးမယ်ဗျ.. ပြီးတာနဲ့ နတ်(မူလီမဟုတ်)ပြည်ကို သွားပြီး လက်တစ်ဖက်မှာ နတ်သမီး အပါး(၅၀၀)လောက်နဲ့ ကဲရဦးမှာလေ..ဒီတော့ မသွားခင် ၁၀ရက်ကို ကောင်းကောင်းသုံးရမယ်ဗျ။
၁၀ ရက်သာကျန်တော့သည်။
အင်း ၁၀ရက်တောင်ကျန်နေသေးတော့ ဘယ်လိုလုပ်ရပါ့။ လက်ရှိရောက်နေတာက ဆင့်ကာပူဆိုတော့ လေယာဉ်လက်မှတ်ဝယ်ပြီး ချစ်သောအမိမြန်မာနိုင်ငံကြီးကို ပြန်မယ်ဗျာ.. လေယာဉ်ကဆင်းတာနဲ့ အားရပါးရအော်လိုက်မယ် "ငါ့မြန်မာပြည်ကို ပြန်ရောက်ပြီကွ" ပြီးတာနဲ့ ဦးလေးမိသားစုနဲ့တွေ့မယ်။ စင်ကာပူရောက် အတွေ့အကြုံတွေ ပြောပြမယ်။ ပြီးတာနဲ့ မန္တလေးသွားဖို့ လေယာဉ်လက်မှတ် ၀ယ်ခိုင်းထားမယ်။
၉ ရက်သာကျန်တော့သည်။
ရန်ကုန်မှာ ရှိတဲ့သူငယ်ချင်းတွေကို လိုက်တွေ့မယ်။ သူတို့နဲ့ စကားတွေပြော လျှောက်လည်ကြမယ်။ကျနော်ထင်တယ် သူတို့က ကျနော်တော့ ကျနော်ပြန်ရောက်တယ်ဆိုပြီး ၀မ်းသာနေကြမယ်။ KMD/MSC ကသူငယ်ချင်းတွေ၊ ဆရာတွေကို လိုက်တွေ့မယ် ပြီးတော့ ဆရာဆရာမတွေကို အမှားတွေလုပ်ခဲ့တာရှိရင် ခွင့်လွတ်ဖို့တောင်းပန်မယ်။ သူတို့တွေကတော့ ကျနော်ဒီကမ္ဘာမြေကြီးပေါ်မှာ နေရဖို့ရက်လေး ၉ရက်လောက်တာရှိတော့တယ် ဆိုတာကိုမသိပဲ ပျော်နေကြတယ်လေ...
၈ ရက်သာကျန်တော့သည်။
မန္တလေးကို ရောက်တော့ မတွေ့တာ ၁၅ နှစ်လောက်ရှိတော့မဲ့ ကျနော်အဒေါ်ကို သွားတွေ့တယ်။ သူက အပျော်ကြီးပျော်ရှာလို့ပေါ့။ ပြီးတော့ ဦးလေးကို သွားတွေတယ်။ နောက် ညီဝမ်းကွဲနဲ့ မန္တလေးကို လျှောက်လည်မယ်။ မန္တလေးတောင်ပေါ်ကို တက်မယ်။ မြွေကြီးနှစ်ကောင်ကို သွားတွေ့မယ်။ (မြွေကြီးတွေကော ရှိသေးလားမသိ) ပြီးတာနဲ့ အဒေါ်အိမ်မှာ ညအိပ်ပြီး နောက်နေ့တောင်ကြီးကို ကားနဲ့ သွားမယ်။
၇ ရက်သာကျန်တော့သည်။
ဒီနေ့ နေ့လယ် ၁၂နာရီလောက်မှာ ကားနဲ့တောင်ကြီးကို သွားမယ်ဆိုတော့ မနက်အစောကြီးထတယ်။ ပြီးတော့ ဦးလေး၊အဒေါ် ညီလေး၊ညီမလေးတွေနဲ့ ပျော်ပျော်ပါးပါး မနက်စာ ထမင်းကြော်စားတယ်။ မစားရတာကြာလို့လာတော့ မသိ အဒေါ်ကြော်တဲ့ ထမင်းကြော်လေးက ကောင်းတာ။ ပြီးတာနဲ့ ဦးလေး၊အဒေါ်တို့ကို အမှားတွေရှိရင် ခွင့်လွှတ်ဖို့တောင်းပန်မယ်။ သူတို့လည်း ဘာမှကိုမသိတော့ အေးအေးဆေးဆေးလေး ပြုံးနေတာပေါ့။ သူတို့ရဲ့ အေးမြတဲ့အပြုံးလေးတွေကို ကြည့်ပြီးရင်ထဲမှာ ၀မ်းနဲ ၀မ်းသာဖြစ်ရပါတယ်။
၆ ရက်သာကျန်တော့သည်။
တညလုံးကားပေါ်မှာ ရှမ်းသီချင်းလေးတွေ နားထောင်ပြီး လိုက်လာခဲ့တယ်။ မနက်မိုးလင်းတော့ တောင်ကြီးမြို့ အောက်ခြေမှာရှိတဲ့ အေးသာယာ ကားကြီးကွင်းကို ရောက်ပါတယ်။ အင်းတောင်ပေါ်ကို လှမ်းကြည့်မိလိုက်တယ် ငါတို့တွေတာ ပြောင်းလဲသွားတာမဟုတ်ပါလား တောင်တန်းတွေလဲ ပြောင်းလဲသွားပါ့လား ဆိုတဲ့ အတွေးလေး တွေးမိပါရဲ့။ ကြည့်ပါဦး ကျနော်တို့ တောင်ပေါ်မှာလ
ဲ တစ်ချို့တောင်တန်းတွေဟာ သစ်ပင်တွေပျောက် ကတုံးတွေဖြစ်လို့ပါလားနော်။ အိမ်ရှေ့ကိုရောက်တာနဲ့ ချစ်အမေနဲ့ အမက ဆီးကြိုပိုက်ထွေးလို့ပေါ့။ အမေ့မျက်နှာမှာကတော့ ၀မ်းသာပီတိကြောင့် ကျတဲ့မျက်ရည်တွေ အပြည့်နဲ့ပေါ့။ မနက်စာကို ချစ်အမက တို့ဟူးနွေးဝယ်ကျွေးတယ်.. ပြီးတော့ အမေ့က ခရီးပန်းလာလို့ အတင်းအိပ်ခိုင်းတာနဲ့ အိပ်လိုက်ရပါတယ်။
ညနေ နိုးလာတော့ အမေ့ကို ဆင့်ကာပူရောက် အတွေအကြုံတွေ ရှင်းပြတယ်။ ကျနော်တို့ နိုင်ငံနဲ့ ဘယ်လိုကွာခြားကြောင်း ပြောပြတော့ အမေ့က မျက်လုံးလေး ကလည်ကလည်နဲ့ ပြုံးပြီးကြည့်ရှာပါတယ်။ ညပိုင်းရောက်တော့ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်သွားတယ်။
၅ ရက်သာကျန်တော့သည်။
အင်းဒီနေ့တော့ သူငယ်ချင်းတွေနဲ့ လျှောက်လည်ဖြစ်တယ်။ တောင်ကြီးမြို့ရဲ့ မှတ်တိုင်လို့ပြောရတဲ့ တောင်ချွန်းပေါ်ကို သူငယ်ချင်းတွေနဲ့ တက်ဖြစ်တယ်။ တောင်ထိပ်ပေါ်ကို ရောက်တော့ လေတံခွန်(စွန်)လေး လွှတ်ကြတယ်။ ဘယ်သူဟာက ပိုကောင်းကြောင်း ငယ်ငယ်တုန်းကလို ပြန်ပြီး စကားနိုင်လုကြတယ်။ တောင်ချွန်းကနေဆင်းတော့ လူသွားလမ်းက မဆင်းပဲ မြက်ကိုင်းတွေကို ရှင်းပြီးလမ်းသစ်ဖောက်ပြီး ပြန်လာတယ်။ ပြီးတာနဲ့ အိမ်ပြန် ရေမိုးချိုးပြီး အမေ့ချက်ပေးတဲ့ ငါးဖယ်ဟင်းချိုလေးနဲ့ ထမင်းစားလိုက်တယ်။ "ကောင်းလိုက်တဲ့ထမင်း အမေ့လက်ရာကို မစားရတာကြာပေါ့ အမေ" လို့ပြောတော့ အမေက ပြုံးပြုံးလေး ကြည့်နေပါတယ်...
ညပိုင်းရောက်တော့ သူငယ်ချင်းတွေနဲ့ မြို့ထဲလျှောက်သွားတယ်။ သြော်မြို့လေးတောင် တော်တော်ကိုပြောင်းလဲနေပြီလေ.. အရင်ကအိမ်ပုလေးတွေနေရာမှာ တိုက်တာအဆောက်အဦးတွေက စိုးမိုးချယ်လှယ်နေကြပါလား လို့တွေးမိပြန်တယ်။ ပြီးတာနဲ့ တောင်ကြီးရဲ့ အထင်ကရ ညဈေးလေးမှာ လက်ဖက်ရည်သောက်၊ တို့ဟူးနှစ်ပြန်ကြော်သုပ်လေး စားပြီး အိမ်ကိုပြန်လာတယ်။ အမေ့ကတော့ ချစ်သားပြန်လာတဲ့အထိ မအိပ်သေးပဲ စောင့်နေလေရဲ့။ ဒါနဲ့ အမေနဲ့ စကားတွေပြောပြီး အမေ့ကို နှိပ်နယ်ပေးရင်း အမေ့အိပ်တဲ့ အချိန်ထိနေလိုက်တယ်။ ပြီးတော့ အမေနဲ့ အတူတူအိပ်လိုက်ပါတယ်။ ကျနော်တူလေးတွေကတော့ စိတ်ဆိုးလို့ပေါ့ သူတို့အဖွားနဲ့ မအိပ်ရလို့လေ..
၎ ရက်သာကျန်တော့သည်။
အင်းဒီနေ့တော့ တောင်ကြီးကအဒေါ်တွေဆီ သွားဦးမယ်။ သူတို့လဲ သူတို့မိသားစုလေးတွေကိုယ်စီနဲ့ဆိုတော့ ကျနော်ကိုတောင် သတိရတော့မှာ မဟုတ်ပါဘူးနော့်။ ဒါပေမဲ့ သူတို့ကို သွားတွေ့မယ် သူတို့ရဲ့ ကလေးတွေအတွက် စားစရာ၊ဆော့စရာလေးတွေ ၀ယ်သွားမယ်။ အဖွားကိုလည်းသွားတွေ့တယ်။ ပြီးတော့ သူငယ်ချင်းတွေနဲ့ ဟိုးပုန်းဆည်ကို သွားလည်ကြမယ်။ အဲမှာ နာမည်ကြီး တို့ဟူးသုတ်ရှိတယ်ဗျ၊ တို့ဟူးသုတ်လေးနဲ့ ဆန်လုံးစီကြော်လေးကို စားလိုက်မယ်။ ပြီးတာနဲ့ အိမ်ကိုပြန်မယ်။ အမေ့အနားမှာနေပြီး စကားတွေပြော အမေလိုအပ်တာကို မှန်သမျှလိုက်လုပ်ပေးမယ်။ တူလေးတွေနဲ့ ဆော့မယ်။ အမနဲ့ ငယ်ငယ်က အကြောင်းတွေပြောမယ်။ အမယောက်ျားကတော့ ဘေးကနေနားထောင်ပြီး အမကို စနေတာပေါ့။
ညပိုင်းတော့ ဘယ်မှမသွားတော့ဘူး အမေ့ချက်ကျွေးတဲ့ ငါးခေါင်းဟင်းလေးနဲ့ ထမင်းပူပူလေးကို စားလိုက်တယ်။ ပြီးတော့ အမေ့နားမှာပဲနေပြီး စကားတွေပြော အမေနဲ့ အတူတူ ရုပ်ရှင်ကြည့်ပြီး ရယ်ရယ်မောမောနေလိုက်တယ်။ အိပ်ခါနီးကြရင်တော့ အမေနဲ့ တူတူအိပ်တယ်။ တူလေးတွေပါ ကျနော်နဲ့ လာအိပ်တယ်။ ကျနော်ကို သူတို့ ခင်စပြုလာပြီးလေ.....
၃ ရက်သာကျန်တော့သည်။
အင်း ဒီနေ့တော့ အဖိုးအတွက် ကောင်းမူလုပ်မယ်။ အဖိုးရဲ့အုတ်ဂူကို သွားပြီး အဖိုးအတွက် ဆုတောင်းပေးမယ်။ မရှိဆင်းရဲသားတွေကို အဖိုးကို ရည်စူးပြီး အလှူလုပ်မယ်။ အဖိုးက ကျနော်ရဲ့ အချစ်ရဆုံးထဲမှာ တဦးပေါ့ဗျာ..
ပြီးတာနဲ
့ ဘုရားကျောင်းသွားမယ် အဖိုးအတွက် အလှူတွေလုပ်မယ်။ အမေ့အတွက်လည်း အားလုံးကိုကြိုတင်စီဆင်မယ်.. အမေ့ကို ကျနော် ငရဲပြည်သွားလည်တဲ့ အချိန်မှာ ဘုရားဖူးသွားခိုင်းရမယ်ဗျ.. အိမ်ရောက်တော့ ကျန်တဲ့ ဆွေမျိုးတွေ မသိပေမဲ့ အမေကတော့ ကျနော် ငရဲပြည်သွားမယ်ဆိုတာ သိနေတဲ့ထင်ပါရဲ့ မျက်နာလေးမကောင်းရှာဘူး သိမှာပေါ့ဗျာ ကိုယ်မွေးထားတဲ့ သားပဲ သားတွေ သမီးတွေဘာလုပ်တယ် ဘာဖြစ်နေတယ်ဆိုတာ မိဘတိုင်းက သိနေမှာပဲလေ.. ကျနော့် နယ်မှာရှိတဲ့ အမျိုးတွေ၊သူငယ်ချင်းတွေကို လေယာဉ်နဲ့ တောင်ကြီးကို ချက်ချင်းလာဖို့ခေါ်လိုက်မယ်။
၂ ရက်သာကျန်တော့သည်။
အင်းဒီနေ့တော့ မိသားစု၊သူငယ်ချင်းတွေအားလုံးကို ခေါ်ပြီးတော့ အင်းလေးသွားပြီးလျှောက်လည်ကြမယ်။ အင်းလေး ရေပေါ်ဈေးမှာ ရှမ်းထမင်းအနီလေးတွေနဲ့ ငါးထမင်းချဉ်စားကြတယ်။ ထမင်းချဉ်လေးကိုစားလိုက် ဂျူးလေးကိုကိုက်လိုက်နဲ့ပေါ့ ဟင်းထုပ်ကလည်း ကောင်းမှကောင်းဗျာ.. ပြီးတာနဲ့ ကျနော်တို့တွေ ခေါင်တိုင်ရေပူစမ်းလေးကို သွားကြတယ်။ သဘာဝကပေးထားတဲ့ အလှအပတွေကို ခံစားကြမယ်။
ညနေအိမ်ပြန်ရောက်တော့ အားလုံးက ပင်ပန်းနေပြီးလေ. ဒီတော့ သူငယ်ချင်းတွေကို ခေါ်ပြီး မီးပုံပျံလေးလွှတ်ဦးမယ်။ အမှတ်တရနဲ့ ပျော်ပျော်ရွှင်ရွှင်ပေါ့။ ညရောက်တော့ ကျနော်ရဲ့ အရင်က အချစ်ခဲ့ဆုံးသော တောင်ကြီးသူလေးကို သွားနှုတ်ဆက်မယ်... သူကိုတော့ အမှန်အတိုင်းပြောပြလိုက်ပါမယ်။ သူကတော့ အံ့သြခြင်း မယုံကြည်ခြင်းတွေနဲ့ ကျနော်ရဲ့ စကားတွေကို နားထောင်ယင်း ကျနော်မျက်နာလေးကိုငေးကြည့်လို့ပေါ့... ဟိုအရင်ကျောင်းသားဘ၀က အဖြစ်တွေကို ပြန်ပြောပြီး နှစ်ယောက်လုံး ရယ်မောလို့ပေါ့ဗျာ.....
ညအိမ်ပြန်ရောက်တော့ အားလုံးအိပ်နေပြီး ကျနော်လဲ အမေ့နားမှာ ၀င်အိပ်လိုက်တာပေါ့ဗျာ..
၁ ရက်သာကျန်တော့သည်။
ကဲ မနက်ဖြန်ဆို ကျနော်သွားရတော့မယ်လေ.. ဒီနေ့တော့ ကျနော်တယောက်တည်း တောင်ပေါ်မှာသွားနေပါမယ်။ ဘာဆိုဘာမှ မလုပ်ပဲ တောင်ပေါ်ကနေကျနော်မြို့ရဲ့ အလှအပတွေကို စိုက်ကြည့်နေပါ့မယ်။ညမိုးချုပ်မှ အိပ်ကိုပြန်ပါ့မယ်။ ပြီးတော့ ည၁၁း၀၀နာရီလောက်မှ အားလုံးကို နိုးပြီးခေါ်ပြီးကျနော်မနက်ဖြန် ဘလော့ကာ အစ်ကိုမောင်နှမများရှိရာ ငရဲပြည်ကိုသွားမလို့ပေါ့.. ကျနော်အတွက် ၀မ်းမနည်းဖို့၊ မျက်ရည်မကျဖို့ပြောမယ်လေ။ ပြီးတာနဲ့ကျနော်သေသွားရင် ကျနော်အတွက်ကောင်းမူတွေလုပ်ပေးဖို့နဲ့ ကျနော်ရှိနေစဉ်အချိန်လေးမှာ ပျော်ရွှင်ခဲ့သလို မိသားစု၊သူငယ်ချင်း အားလုံး စုစုစည်းစည်းနေကြဖို့ (ဆရာကြီး တစ်ယောက်လို)ပြောမယ်။တချို့ကလဲ အိပ်ချင်မူးတူးနဲ့ ကျနော်ဘာတွေပြောနေပါ့လိမ့် ဆိုပြီး ငိုက်မြည်းနားထောင်နေကြမယ်.. ပြီးတာနဲ့ အမေကို တောင်းပန်မယ် အမေ့ကို နမ်းမယ် ပြီးတာနဲ့ ကျနော် ရေမိုးချိုးပြီး အိပ်တော့မယ်ဗျာ.. ဒီတစ်ခါတော့ ကျနော်တစ်ယောက်ထဲ အိပ်လို့ပေါ့ဗျာ..
ဒီမသေခင် ၁၀ ရက်လေးကို ကျနော် ရင်နဲ့ခံစားပြီး ရေးဖွဲ့ထားတာပါ။ ကျနော်ရဲ့ အဖြစ်ချင်ဆုံးဆန္ဒတွေပါ။ တကယ်လို့ကျနော်တာ ဒီလို ၁၀ ရက်အတွင်းသေမယ်လို့သိနေခဲ့ရင် တစ်ဦးတယောက်ကိုမှ မပြောပဲ ငြိမ်းချမ်းစွာ လောကကြီးကနေ ထွက်ခွါသွားချင်ပါတယ်... ကျနော့်ကြောင့် လွမ်းဆွတ်တမ်းတမူတွေကို မမြင်ချင်ပါဘူးဗျာ.. တကယ်တော့ ဒီ Tag လေးကို မရေးချင်ပါဘူး တကယ်တမ်းရေးတော့ ကျနော် မျက်ရည်ကျခဲ့မိပါတယ်.. ငါသာ ဒီလိုသေမဲ့ရက် ကြိုသိခဲ့ရင် ဘာလုပ်မလဲပေါ့ တစ်ယောက်ထဲ စဉ်းစားရင်း အခုတော့လဲ တစ်ယောက်ထဲ အိပ်နေလို့ပေါ့ဗျာ...
ကျနော်တော့ မတက်တော့ဘူးနော့် အားလုံးလဲ ရေးပြီးလောက်နေပြီးလေ... :)
10 comments:
ငရဲပြည်တော့ မလိုက်ဘူးဟေ့---
October 9, 2008 at 8:56 PMဘလောဂ့်မောင်နှမတွေ နတ်ပြည်ကနေစောင့်နေကြမှာပါ---
တောင်ပေါ်သားလေးလည်း ငရဲပြည်မရောက်ပါဘူးကွာ--
လိမ္မာပြီးသားမို့ပါ---ပရဟိတ စိတ်တွေ ထားတယ်မို့လား---
အစ်ကိုရေ ဖတ်ပြီးတော်တော်လေးခံစားသွားရတယ်ဗျာ..။ *အမေက မျက်လုံးလေး ကလည်ကလည်နဲ့ ပြုံးပြီးကြည့်ရှာပါတယ၊် ကောင်းလိုက်တဲ့ထမင်း အမေ့လက်ရာကို မစားရတာကြာပေါ့ အမေ*ဆို
October 9, 2008 at 11:47 PMတာဖတ်ရတော့ ကျွန်တော့်အမေကိုသတိရတယ်ဗျာ...။ ဘယ်လိုဘဲ
ဖြစ်ဖြစ် ဒီပို့စ်က ခံစားချက်တွေကိုဖတ်ပြီးအစ်ကိုတစ်ယောက်လိုအရမ်း ခင်သွားပြီဗျာ..။
ကိုတောင်ကြီးသား ရေးထားတာလေးကလဲ ၀မ်းနဲစရာလေး..
October 10, 2008 at 3:45 AMအေးပေါ့နော်.. သေတဲ့အကြောင်းပါဆိုမှ ဘယ်သူက ပျော်နေမှာလဲ...
ငရဲပြည်မှာ စောင့်နေနော်..
နောက် ၁၀ ရက်ကြာရင် ကျွန်မလဲ လိုက် လာခဲ့မယ် ...
တကယ်တော့ သေမှာကိုစိုးရိမ်းနေတာထက် အသေလှဖို့ပို အရေးကြီးတယ်နော်... နှောင်တအနည်းဆုံးနဲ့ သာယာတဲ့ ဘ၀လေးပိုင်ဆိုင်ပါစေရှင့်..
October 10, 2008 at 5:24 AMမမဝါပြောတာဟုတ်တယ်။ brother ရေ ..တစ်ယောက်သောသူ ကို နှုတ်ဆက်ဖို့ ကျန်ခဲ့တယ်။ ဘယ်သူလဲဗျ။
October 10, 2008 at 6:08 AMမကြီးဝါနဲ့ ကိုကြီးပုလုရေ တစ်ယောက်သောသူဆိုတာ ဘယ်သူလဲဗျ သိဘူးနော့် :)
October 10, 2008 at 7:03 AMတောင်ပေါ်သား ရေ မကြီးဖတ်ပြီ တအားဝမ်းနည်းသွားတယ်။အဲဒီလို တော့ မဖြစ်ပါဘူးကွာ။အားလုံး ငြိမ်းချမ်းနေကြမှာပါ။သေဖို့ ဆိုတာလည်းထင်သလောက် အရမ်းလွယ်သလို အရမ်းလည်းခက်ပါတယ်နော့။မသေခင်အချိန်မှာ မိဘ ကိုလုပ်ကြွေးနိုင်တဲ့ သားကောင်း တစ်ယောက်ဖြစ်အောင်ကြိုးစားပေါ့နော့။ ခင်တဲ့
October 10, 2008 at 8:07 AMဟီး.....ဗြဲ...ရွတ်ရွတ်ရွတ်...ဟင့်င့်င့်...ဗြဲ...အားရပါးရကြီးကိုငိုသွားတယ်
October 10, 2008 at 9:09 AMကိုကြီးတောင်ပေါ်သားရေ...ဘယ်သူဘဲဖြစ်ဖြစ် ကိုယ့်နေရာ ကိုယ့်ဒေသ
အမေ့အိမ်မှာနေ ကိုယ်ကြိုက်တဲ့အစားသောက်တွေစားရင်းခေါင်းချသွားချင်
ကြတာပဲနော်။ ငရဲပြည်ရောက်မှပဲအကုန်လုံးပျော်ပျော်ကြီးဆက်တက်ခ်ကြ
မယ်လေ...ဟားဟား
ဟား ဟား ငရဲပြည်မှာ ဘလော့ဂါဒေးလုပ်ဖို့ လူစုနေတာဗျို့။ အခုတော့ တစ်ယောက်ရောက်လာပြန်ပြီ။ အဲ မှာလိုက်ဦးမယ်။ ငရဲရောက် ရင် ဥထမင်းချင်စားရအောင် လိုတာတွေ ဝယ်ခဲ့နော်။
October 10, 2008 at 1:32 PMဘယ်လိုလဲမသိဖူးဗျ....ဖတ်ပြီးတော့စိတ်ထဲမှာ....သေခြင်းတရားကြီးနဲ့တနေ့ရင်ဆိုင်ရမယ်ဆိုတဲ့အသိလေးရယ်.....ပြီးတော့တောင်ကြီးမြို့ရဲ့အဓိကအစားအစာလေးတွေကိုလဲသတိရစေတာကတစ်ကြောင်း..အမေကိုချစ်တတ်တဲ့ကိုစိုးမင်းထိုက်ကိုကြည့်ပြီးတော့အမေ့ကိုလွမ်းတရ်ဗျာ....အဲဒါကြောင့်*မသေခင်၁၀အလို*ကရသစုံလင်ပြီးတော်တော်ကောင်းသောတခ်ဖြစ်ကြောင်းနိဂုန်းချူပ်အပ်ပါတရ်...ခင်ဗျာ. :)
October 13, 2008 at 3:19 AMPost a Comment