တောင်ကြီးပွဲလေး အမှတ်တရ
ဒီနေ့ တနင်္ဂနွေ နေ့ ညနေ ၆း၃၀ မှာကျနော်တို့ စင်ကာပူရောက် တောင်ကြီးသူ/သားများ ဦးစီးကျင်းပတဲ့ တောင်ကြီးမြို့ ဖြစ်တည်မူ နှစ် ၁၁၄ နှစ်မြောက် အထိမ်းအမှတ် စတိတ်ရှိုးပွဲလေး ကျင်းပဖြစ်ပါတယ်.. မကျင်းပမီ နေ့လယ် ၁ နာရီကတည်းက ကျနော်ကတော့ ပင်နဆူလာ ပလာဇာမှာ လက်မှတ်ရောင်းလို့ နေပါတယ်.. ညနေ ၅း၀၀ နာရီလောက်ကြတော့ အဖွဲ့တွေအားလုံး ရှိုးပွဲကျင်းပရာ နေရာကို ရောက်နေပါတယ်. ပင်နဆူလာပလာဇာမှာတော့ ကျနော်နဲ့ ကိုစည်သူ နှစ်ယောက်ထဲ ကျန်ခဲ့ပြီး လက်မှတ်တွေ ဆက်ရောင်းကြပါတယ်.. ကျနော်တို့ ရောင်းပုံရောင်းတာကတော့ မပြောပါနဲ့တော့ဗျာ.. တစောင်မှ မရောင်းရပါဘူး ဟဲဟဲ…ည ၆နာရီလောက်ကြတော့ ကျနော်ရဲ့ သူငယ်ချင်းတွေပါ ရောက်လာပါတယ်.. ကျနော်တို့ သူငယ်ချင်း ၆ ယောက် Under Ground မှာ ဖွင့်ထားတဲ့ မြနန္ဒာမှာ ထမင်းစားကြပါတယ်… ပြီးတာနဲ့ ကျနော်တို့ ပွဲကျင်းပရာ Raffle Place ကို MRT နဲ့ ထွက်လာခဲ့ပါတယ်.. ပွဲရှိတဲ့နေရာကို ရောက်တော့ ၆း၄၅ လောက် ရှိနေပါပြီး။ ပွဲလေးဟာ မထင်မှတ်ထားလောက်အောင် အောင်မြင်ခဲ့ပါတယ် သီချင်းတွေနဲ့ ပျော်ပျော်ပါးပါး တောင်ကြီးသူ/သား တွေ ကကြပါတယ်.. ဒီပွဲလေး ကို မေတ္တာနဲ့ လာသီဆိုပေးတဲ့ အဆိုတော်များကတော့ ကိုဘိုဖြူ ၊ ကိုဟန်ထွန်း ၊ ကိုမောင်မောင်ဇော်လတ် ၊ ကိုအစိုင်း (BlackHole) တို့ပဲဖြစ်ပါတယ်..
ပထမဆုံး သီဆိုဖျော်ဖြေပေးတာကတော့ ကိုဟန်ထွန်းဖြစ်ပါတယ်.. ကျနော်လည်း သီချင်းတွေများတော့ သိပ်မမှတ်မိလိုက်ဘူး။ သူရဲ့ "လွယ်လွယ်မမေ့ပစ်နိုင်သေးဘူး ငါနဲ့ မင်းကထပ်တူ ရင်ခုန်မဲ့သူ” ဆိုတဲ့ သီချင်းလေးကတော့ ကျနော်တို့ တောင်ကြီးသူ/သား တွေတာမက ရောက်လာတဲ့ ပရိသတ်အားလုံးကို စွဲဆောင်သွားပါတယ်.. ပထမဆုံး သူရဲ့ သီချင်း ၄ ပုဒ်သီဆိုပေးပြီး နောက်တစ်ယောက် တက်လာပါတယ်. သူကတော့ အစိုင်း(BlackHole) ပဲဖြစ်ပါတယ်.. သူရဲ့ သီချင်းအေးတွေကော မြူးကြွတဲ့ သီချင်းတွေကြားမှာ ပရိသတ်တွေ မျောပါခံစားကြရပါတယ်.. “ပါးပြင်မှာ သနပ်ခါးလေးတွေနဲ့ ချစ်စရာကောင်းလိုက်တာကွာ” ဆိုတဲ့ သီချင်းလေးကတော့ လာအားပေးတဲ့ ပရိသတ်ကြီးတွေ အရမ်းကြိုက်နှစ်သက်တဲ့ သီချင်းလေးပါ… အစိုင်းလဲ သူ့ရဲ့ အကောင်းဆုံး သီချင်း (၄)ပုဒ်ကို ပျော်ရွှင်စွာ ဖျော်ဖြေသွားပါတယ်...
အစိုင်းသီဆိုပြီး နောက်တစ်ယောက်ကတော့ Rocker သမားကြီး မောင်မောင်ဇော်လတ်ပါ.. မောင်မောင်ဇော်လတ်ရဲ့ အဖွင့်စကားလေး “ကျနော်က တောင်ကြီး အထက (၄)ထွက်ပါ၊ အင်းစာကူး(အင်းသာ)ပါ” ဆိုတဲ့ စကားလေးကတော့ ပရိသတ်ကြီးရဲ့ လက်ခုပ်သံလေးကို ဆွဲယူသွားပါတယ်.. သူရဲ့ Rock သီချင်းတွေကို ဖျော်ဖြေပါတယ်.. “ငပျင်း၊ စားဖို့ပျင်း သောက်ဖို့ပျင်း ရည်းစားထားရမှာတောင်ပျင်း ပျင်းရမှာတောင်ပျင်း” တဲ့ တော်တော်ကို အပျင်းများတဲ့ ကိုဇော်လတ်ပါပဲ.. သူလဲ သူရဲ့ ပထမပိုင်းအနေနဲ့ ပရိသတ်ကို သီချင်း (၄) ပုဒ် ဆိုပြီး ပျော်ရွှင်စေပါတယ်.. နောက်တစ်ယောက်ကတော့ ကျနော်ရဲ့ အကြိုက်ပေါ့ ကိုဘိုဖြူပါ.. သူကလည်း “ကျနော် တောင်ကြီးသား စစ်စစ်ပါ မြို့မမှာနေပါတယ်” ဆိုတဲ့စကားလေးနဲ့ စင်ကာပူရောက် တောင်ကြီးသူ/သား တွေရဲ့ အချစ်တွေကို သိမ်းပိုက်သွားပါတယ်.. သူကတော့ သူရဲ့ဆရာ ဘိုထီး(စိုင်းထီးဆိုင်)ရဲ့ သီချင်းလေးတွေ တောင်ပေါ်သီချင်းလေးတွေနဲ့ သီဆိုဖျော်ဖြေသွားပါတယ်.. ဟဲဟဲ “မြေပြန့်သူလေး တို့ရဲ့အရပ်မှာပျော်ပါစေ တသက်လုံးပဲငေးကာနေချင်လှတယ် မပြန်နဲ့လား” တဲ့ ကဲကျတော်တို့ တောင်ပေါ်သားကတော့ လုပ်ချလိုက်ပြီး မြေပြန့်သူလေးရဲ့ အသဲကိုပါ ယူသွားတယ်ဗျာ.. ဒီလိုနဲ့ ဘိုဖြူရဲ့ သီချင်း ၄ ပုဒ် ပြီးဆုံးသွားတော့ ပွဲကို ပထမပိုင်း ခဏ ရပ်နားပါတယ်..
ဒုတိယပိုင်း ပွဲထွက်လာတာကတော့ အစိုင်း နဲ့ ဟန်ထွန်း နှစ်ယောက် သီဆိုတာပါ.. ဟန်ထွန်းရဲ့ “ကျနော်ဒီကို ရောက်တာ ၃ ရက်ရှိပါပြီး ဒီရက်လေးအတွင်းမှာ ကျနော်အိမ်ကို လွမ်းပါတယ်.. ဒီတော့ ကျနော်စင်ကာပူရောက် တောင်ကြီးသူ/သား တွေဘယ်လောက် အိမ်ကိုလွမ်းမယ်ဆိုတာ ကိုယ်ချင်းစာပါတယ်” ဆိုတဲ့စကားလေးကို ကြားတော့ ကျနော်တောင်ပေါ်သားလဲ မျက်ရည်ဝဲခဲ့ရပါတယ်.. ပြီးတော့ သူတို့တွေ “နွေးထွေးတဲ့ အမေ့အိမ်လေးပဲ အိမ်ပြန်ချင်တယ်” ဆိုတဲ့ သီချင်းလေးကို ပရိသတ်နဲ့ အတူတူတွဲဆိုခဲ့ကြပါတယ်.. ကျနော်ထင်တယ် ကျနော့်လိုပဲ တောင်ကြီးသူ/သားတွေ အာလုံး ဒီသီချင်းလေးမှာ စီးမျောရင်း မျက်ရည်တွေ ၀ဲနေကြမယ်လို့..... ဒီသီချင်းလေးပြီးတော့ ကိုဟန်ထွန်းရဲ့ သီချင်း ၄ ပုဒ်နဲ့ထပ် သီဆိုပါတယ်… ကျနော်တော့ သီချင်းတွေ ရတော့ဘူးဗျ..
ကိုမောင်မောင်ဇော်လတ်ကလည်း သီချင်း ၄ပုဒ်နဲ့ ထပ်ဖျော်ဖြေပါတယ်.. သူရဲ့ အကောင်းဆုံးသီချင်းတွေ ဖြစ်တဲ့ “ငပျင်း၊” ပြီးတော့ ရိုးရာတေးလေးဖြစ်တဲ့ သီချင်းလေးဖြစ်တဲ့ “တောင်ချွန်းပေါ်မှာ ဘုရားတစ်ဆူ ဟေး ၊ ဆူသည် ရေနွေးအိုး ဟေး ၊ အိုးသည် အိုးလုပ်ငန်း ဟေး ငန်းသည် ငန်းမြွေ ” စတဲ့ သီချင်းတွေ နဲ့ဖျော်ဖြေသွားပါတယ်.. သူရဲ့ သီချင်းသံစဉ်လေး ပြီးတိုင်းမှာ ပရိတ်သတ်ရဲ့ ဟေး ဟေး ဆိုတဲ့အော်သံတွေကတော့ ရင်မှာ ပြောမပြတတ်အောင် ၀မ်းသာပီတိဖြစ်ရပါတယ်.. သူလဲ သူရဲ့အကောင်းဆုံး သီချင်း ၄ ပုဒ်ကို ပရိသတ်ကြီးနဲ့ အတိုင်းအဖြောက်ညီစွာ ဖျော်ဖြေသွားပါတယ်..
သူပြီးတော့ အစိုင်းက သီချင်း ၄ပုဒ်ကို ဖျော်ဖြေပြန်ပါတယ်.. သူရဲ့ “ဒီတသက်စာ ချစ်လေးမေတ္တာ ကမ္ဘာကျော်တောင် မမီနိုင်ဘူးကွာ” ဆိုတဲ့ သီချင်းလေးကတော့ ကျနော်တို့ အားလုံးကို ကစေတော့တာပဲ စင်ရှေ့မှာ ကျနော်တို့တွေ ကွေးနေအောင်ကကြတာပါပဲ… ပြီးတာနဲ့ ကိုဘိုဖြူကဆက်လက် ဖျော်ဖြေပါတယ်.. ဘိုဖြူက နောက်ဆုံးဖျော်ဖြေတာ ဖြစ်တဲ့အတွက် သီချင်းတွေ ၈ ပုဒ်လောက်ကို သီဆိုသွားပါတယ်.. သူရဲ့ တကိုယ်တော် စီးရီးထဲက “ပြည်စုံပါစေ”“မြေနီလမ်း” လေးကတော့ တော်တော်ကို ကောင်းပါတယ်..ပြီးတော့ သူရဲ့ အဖေမေတ္တာဂုဏ်ပြုတေးလေးကိုလဲ သီဆိုသွားပါတယ်.. အဆိုတော် ကိုလွမ်းမိုးရဲ့ အဖေ သီချင်းလေးပါ “တံငါရွာမှာ ၀မ်းစာ ရှာနေတဲ့ အဖေရဲ့ဒုက္ခ ကို ဖော်ပြထားတဲ့ သီချင်းလေးပါ” ကျနော်တို့ တောင်ကြီးရိုးရာသီချင်းလေးကတော့ ဒီပွဲလေးမှာ အကောင်းဆုံးပါပဲ ဘာတဲ့ “ပေစိမ်းသီး ပိုးထိုး တောင်ကြီးသူမ ရအောင်ပိုးဟေ့ ရအောင်ပိုး ပေစိမ်းသီး အညှာခြွေချ တောင်ကြီးသူမှ ငါနဲ့ရဟေ့ ငါနဲ့ရ ပေစိမ်းသီး နေဆာလောင် မိန်းမ လက်ဆောင်ပေးရအောင်ဟေ့ ပေးရအောင်” ဆိုတဲ့သီးချင်းလေးကို ပရိတ်သတ်နဲ့ အတူတူဖျော်ဖြေတော့ပါပဲ ကျနော်လည်း အောင့်ထားရတဲ့ ပိုးတွေထကြွပြီး ကွေးနေအောင် ကတော့တာပါပဲဗျာ.. ဒီသီချင်းလေးကို မဆိုခင် ကိုဘိုဖြူက ပြောသေးတယ် ဘာတဲ့ “ကျနော် ဒီလိုတမြို့ထဲသားတွေနဲ့ စုံရတာ အရမ်းဝမ်းသာပါတယ်.. ဖြစ်နိုင်ရင်ကိုယ်မြို့သူ/သားတွေပဲ ယူစေချင်တယ်ဗျ။ ကျနော်တောင် တောင်ကြီးသူမယူထားတာတဲ့” ဟဲဟဲ ကျနော်တို့ဝိုင်းရယ်တာပေါ့ ပရိသတ်တစ်ယောက်အော်တာတော့ ကြားမိသား ဘိုဖြူတို့ ကလေးယူတော့တဲ့ ကဲကိုဘိုဖြူရေ လိုနေပြီးထင်တယ်နော့် ဟား ဟား
ကျနော်ကို ဒီပွဲလေးမှာ မျက်ရည်ကျအောင်လုပ်သွားတယ် သူကတော့ ကိုဘိုဖြူပါပဲ သူရဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲသီချင်းလေးဖြစ်တဲ့ “ကုန်းက ကုန်းက သီချင်းသံကြားမှာ ကနေမယ် နှစ်ကိုယ်သူ ယှဉ်ကာ ကနေ ကုန်းကလွမ်းမုန်းကဟန် တောင်ပေါ်ရှမ်းရဲ့ ဓလေ့ရိုးရာ တောင်ပေါ်ရှမ်းရဲ့ ဓလေ့ရိုးရာ” ဆိုတဲ့ သီချင်းလေးကို ကြားတော့ ဘယ်လိုမှ မျက်ရည်မဆယ်နိုင်ဘူးဗျာ.. ဒီလို တောင်ကြီးသူ/သားတွေနဲ့ ဒီလိုပွဲလေးကို ဆုံဖြစ်မယ်တောင်မထင်ဘူး ကျနော်တို့လဲ ဒီသီချင်းလေး အောက်မှာ အားလုံး ကွေးကောက်နေအောင် ကကြပါတယ်…. ကိုဘိုဖြူလည်း ဒီသီချင်းလေးကို ၃ ခါထက်မနဲ့ ကျော့နေရပါတယ်.. အရမ်းပျော်ရွှင်စရာကောင်းတဲ့ပွဲလေးပါဗျာ..
ဒီပွဲလေးဖြစ်မြောက်အောင် အစပျိုး စီစဉ်တဲ့ တောင်ကြီး Family (စင်ကာပူ) ကိုလည်းကျေးဇူး အရမ်းတင်မိပါတယ်.. ဒီ Organization ကြောင့် ကျနော်တို့တောင်ပေါ်သူ/သားတွေ ဒီလိုစုစုစည်းစည်းဆုံတွေ့ကြရတာလေ.. ပြီးတော့ ဒီအစီအစဉ်လေးကို အဖက်ဖက်က ပံ့ပိုးပေးတဲ့ ပင်နဆူလာမှ လွိုင်ဟိန်း ၊ အင်းလေးမိသားစု ၊ Heart နှင့် အဖက်ဖက်မှ ပံ့ပိုးကူညီကြတဲ့ တောင်ကြီးသူ/သားတွေကို အလေးအနက်ထား ကျေးဇူးတင်ပါတယ်ဗျာ.. ကျနော်ကတော့ ဘာဆိုဘာမှ မကူညီလိုက်နိုင်ပါဘူး ဒီတော့ ကျနော်ဒီပိုစ့်လေးပဲ တင်လိုက်ပါတယ်.. အဲမေ့တော့မလို့ ဒီပွဲလေးကို မေတ္တာနဲ့ လာဆိုပေးတဲ့ အဆိုတော်တွေကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ.. ကျနော်ရဲ့ ဦးနှောက်က မေ့တတ်လို့ အချို့အချို့ မှားယွင်းဖော်ပြမိတာပဲဖြစ်ဖြစ် ကျန်ခဲ့တာပဲဖြစ်ဖြစ် တစ်ခုခု ဖြစ်နေရင် ကျနော် အလေးအနက်နဲ့ တောင်းပန်ပါတယ်လို့ ကဲ စာလာဖတ်တဲ့ ကျနော်ရဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်.. အမေနဲ့ တောင်ကြီးကို လွမ်းတယ်ဗျာ.. အခုတော့ ဒီည ငိုလိုက်ဦးမယ် နောက်နေ့မှ ကျနော်ဓါတ်ပုံတွေ တင်ပေးပါ့မယ်..
10 comments:
တစ်ကယ်ပျော်ဖို့ကောင်းမဲ့ပွဲပဲဗျာ...တောင်ကြီးသားမဟုတ်ပေမဲ့အခုလို
October 6, 2008 at 1:48 AMပျော်ပျော်ရွှင်ရွှင်ဆိုကြကကြတာတော်တော်ပျော်ကြမှာပဲ...ကျနော်မသွားလိုက်ရတာနာတာပဲဗျာ။သီချင်းတွေကလည်းရှယ်တွေပဲဆို
သွားကြတယ်...ဗျိုးကိုကြီးတောင်ပေါ်သား ဒီညတော့အိမ်လွမ်းပြီးဆွေး
လိုက်ပါဗျာ...နောက်နေ့မှပဲဓာတ်ပုံကြည့်ပြီးပျော်တော့မယ်ဂျ
ပွဲပြီးတာနဲ့ တစ်ခါထည်း ပို့စ်တင်ပေးတာ လေးစားပါတယ်ဗျာ... သီချင်းနားထောင်လေ့ရှိပုံမရဘူးနော်... ဒါပေမဲ့ အားတက်သရော ပူးပေါင်းကူညီတဲ့အတွက် ထပ်ပြီးလေးစားပါတယ်ဗျာ...
October 6, 2008 at 3:27 AMပျော်စရာကောင်းမယ့် ပွဲလေးဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ် မောင်လေး ရေ... တောင်ကြီးသားတွေ ရဲ့ ပျော်စရာ တွေ့ဆုံပွဲလေးပေါ့။ အားကျမိပါ
October 6, 2008 at 7:09 AMရဲ့...
brother
October 6, 2008 at 9:00 AMလာအားပေးသွားတယ်နော်။ ကျတော်လည်းသွားမလို့ ပါပဲ။ ဒါပေမဲ့...တောင်ကြီးသားတွေကြားမှာ ရခိုင်သားလေးမျက်နှာငယ်မှာဆိုးတာနဲ့ သွားဖြစ်ဘူး။ အတူနေ သယ်ရင်းတစ်ယောက် ၀ယ်ထားတဲ့ လက်မှတ်၃ စောင်ဆုံးသွားတယ်။ ပုံတွေတင်တဲ့ အခါထပ်လာခဲ့ပါအုံမယ်
ကိုဇေယျာရေ ဟုတ်တယ်ဗျ ကျနော်က သီချင်းတွေ နားထောင်လေ့မရှိဘူး ဟဲဟဲ စိုင်းဆိုင်မောဝ့်တို့ ဘာတို့တော့ နားထောင်ပါတယ်.. ထူးအိမ်သင်ကိုလည်း ကြိုက်တယ်ဗျ ဒါပေမဲ့ သီချင်းခေါင်းစဉ်တွေတော့ သိဘူးဗျ
October 6, 2008 at 9:21 AMပွဲလေးကိုမြင်ယောင်လာပြီး လွမ်းသွားပါတယ်။
October 6, 2008 at 11:28 AMတောင်ပေါ်သားလေးရေ----
October 6, 2008 at 3:10 PMသူတပါးတိုင်းပြည်ရောက်နေပေမဲ့--ကိုယ့်ရပ်ရွာဇာတိကိုမမေ့
မရော့ပဲ စည်းစည်းလုံးလုံးနဲ့ တောင်ကြီးသားတွေ ပြုလုပ်
ကြတာကို ပိုစ့် ဖတ်ရတာ အားရစရာပါပဲနော်---
တောင်ပေါ်သားလေးကလည်း အဖြစ်အပျက်လေးကို ရေး တာ ဆွဲဆောင်မှု ရှိ တော့ စာဖတ်သူကို ရှိုးပွဲခေါ်သွားတယ်နော်----
စင်္ကာပူမှာလည်း မြန်မာအဆိုတော်တွေများသားနော်
ဆက်ရေးပါအားပေးနေပါတယ်----
ပျော်စရာလေးပဲ။ အားကျလိုက်တာ။ ဟင်း ဟင်း ..တောင်ကြီးသူသာဖြစ်လိုက်လို့ကတော့ ... လာပစ်လိုက်ဦးမှာ။
October 8, 2008 at 12:10 AMပွဲတော့မသွားဖြစ်လိုက်ဘူး။မြင်ရကြားရတာနဲ့တင် ပျော်စရာကောင်းပါတယ်..။
October 8, 2008 at 4:29 PMတောင်ကြီးသူမဟုတ်ပေမဲ့ သူငယ်ချင်းတွေကတောင်ကြီးသူတောင်ကြီးသားဆိုတော့ တောင်ကြီးနဲ့ပါတ်သတ်တဲ့ သီချင်းတွေက မစိမ်းပါဘူး။ ပြီးတော့ ဘိုဖြူရဲ့တဆောင်တိုင်သီချင်းကလည်း ကြိုက်နှစ်သက်ရတဲ့သီချင်းလေးပါ။ သီချင်းလေးဖွင့်ပြီး စာဖတ်ရင်းပွဲကိုရောက်သွားသလိုခံစားရပါတယ်။
October 9, 2008 at 11:46 AMPost a Comment