Monday, September 22, 2008

စင်ကာပူရောက် ကျနော်အတွေ့အကြုံ (၄)

မလေးရှားနိုင်ငံဟာ ကျနော်တို့နိုင်ငံနဲ့ ခပ်ဆင်ဆင်ပါပဲဗျာ… မလေးကိုသူငယ်ချင်း (၄)ယောက်ရောက်သွားတော့ အားလုံးရင်ထဲမှာ ခပ်လန့်လန့်ပဲဗျ.. ကျနော်သူငယ်ချင်း တစ်ယောက်ရဲ့ သူငယ်ချင်းတစ်ယောက် ဌါးပေးတဲ့ အခန်းမှာ နေရတယ်ဗျာ.. တစ်ယောက်ကို မလေးရင်းဂစ် (၂၀၀) စီပေးရပါတယ်.. ဒီတော့ ကျနော်တို့လည်း ဘာမှလုပ်စရာမရှိတော့ စင်ကာပူကပို့ပေးမဲ့ စင်ကာပူ Visa ကို စောင့်နေတာပေါ့.. နေထိုင်တဲ့အခန်းက မလေးမြို့တော် KL နဲ့ သိပ်မဝေးပေမဲ့ ဘယ်လိုမှ Safe မဖြစ်ဘူးဗျ.. လမ်းသွားလဲ သတိ၊ စားလည်း သတိနဲ့ တော်တော်ကို အနေခက်ပါတယ်…


မလေးမှာ ပထမဆုံးရောက်တဲ့နေ့မှာ ညစာထွက်စားကြတာလေးကတော့ အမှတ်တရပေါ့ဗျာ.. ကျနော်တို့ကလည်း မလေးစကားမတတ် သူတို့ကလည်း အင်္ဂလိပ်စကား မပြောတတ်နဲ့ ဘာမှ မှာလို့မရဘူးပေါ့.. ဒီတော့ Menu ကို ကြည့်လိုက်တာ USA Chicken Rice ဆိုတာပဲ တွေ့တယ်ဗျာ.. ဒီတော့ သူငယ်ချင်း (၄)ယောက် ဒီ USA Chicken Rice ဆိုတာနဲ့ပဲ နှစ်ပါးသွားလိုက်ပါတယ်.. ဆိုင်ကိုရောက်တဲ့ အတွေ့အကြုံကတော့ တော်တော်ကို စိတ်ပျက်စရာပါပဲဗျာ.. ဆိုင်ထဲကို ၀င်လိုက်တာနဲ့ စားပွဲထိုးကအစ လူမိုက်ပုံစံတွေနဲ့ ကျနော်တို့ကို မသင်္ကာသလို ၀ိုင်းကြည့်ကြတယ်ဗျာ.. ပြီးတော့ စကားပြောရင်လည်း ခပ်မာမာတွေနဲ့..


ပထမတစ်ရက်တော့ ဒီလိုပဲသွားလိုက်ပါတယ်.. ကျနော်ထင်တယ် မလေးမှာရှိတဲ့ လူတော်တော်များက နိုင်ငံအခြေအနေပေါ်မူတည်ပြီး ဘယ်သူကိုမှ မယုံကြည်ပဲ သံသယ မျက်လုံးတွေနဲ့ ကြည့်တတ်ကြတယ်ဗျ.. ကျနော်တို့ အိမ်ရှင်ကလည်း မရောက်သေးဘူး ခြောက်တော့တာပါပဲ.. ဟဲဟဲ အပြင်ထွက်ရင် တစ်ယောက်ထဲမသွားနဲ့ ပိုက်ဆံကို အများကြီး မထည့်သွားနဲ့ ဒီမှာက စင်ကာပူမှာလို မဟုတ်ဘူး ဘာညာပေါ့… တကယ်လည်း အဲဒီအမကို ကျေးဇူးတင်ရပါတယ်.. ကျနော်တို့ရောက်ပြီး ၂ရက်လောက် နေတော့ ကျနော်တို့ အိမ်နားမှာ ဆိုင်ကယ်ပေါ်က လူတစ်ယောက်ကို ရိုက်ပြီး ပတ်စပိုစ့်နဲ့ ပိုက်ဆံတွေကို လုယူသွားတယ်လေ..

ဒီတော့ ကျနော်တို့ သူငယ်ချင်းတွေလည်း အပြင်မထွက်တော့ပဲ ဌါးထားတဲ့ အိမ်လေးမှာ VCD ခွေလေးတွေကြည့်ပြီး စင်ကာပူက Visa ကိုစောင့်ရတာပေါ့.. ဒီ Visa ရမှ ကျနော်တို့ စင်ကာပူကို ပြန်ဝင်လို့ရမှာကိုးဗျ… ထမင်းစားချိန်ရောက်ရင် ထမင်းဆိုင်လေးမှာ ဆင်းစားလိုက်နဲ့ တကယ်တော့ ကျနော်တို့ကို မလေးတွေက ကြောက်မယ်ထင်လို့ ခြောက်တာပါ.. တကယ်တမ်း ကျနော်တို့ ပြန်ပြောတဲ့အခါ ထမင်းဆိုင်က မလေးအစ်ကိုတွေနဲ့ တော်တော်ကိုခင်သွားပါတယ်.. တကယ်ကိုဖော်ရွေပါတယ်..


ကျနော် မလေးရောက်တုန်း ကြုံတွေ့ခဲ့ကြရတာကတော့ ကျနော်တို့ မြန်မာတွေဟာ တော်တော်ကို ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာပါပဲ.. မြန်မာတော်တော်များများဟာ ပိုက်ဆံလွယ်လွယ်ရမယ်ထင်ပြီး ဒီမလေးရှားကို မရှိရှိတာနဲ့ လာရောက်ကြပါတယ်.. တကယ်တမ်း မလေးရှားဟာ ထင်သလောက်မလွယ်ကူပါဘူး.. အလုပ်ရရင်တောင်မှ ကိုယ်စားဖို့ သောက်ဖို့အတွက်ကို တော်တော်ရုန်းကန်နေရတာတွေ့ရပါတယ်.. နောက်တစ်ခုက မလေးကို လွယ်လွယ်နဲ့ ၀င်လို့ရတော့ ပတ်စပိုစ့် မကိုင်ပဲ အောက်လမ်းကနေ ၀င်ကြပါတယ်.. ဒီတော့ မလေးရဲနဲ့ တွေ့ရင်ဒုက္ခကမသေးလှပါဘူး.. ဒီလို ကျနော်တို့ လူမျိုးတွေတော်တော်များများ သူများနိုင်ငံမှာ ဒုက္ခရောက်နေရတာ တော်တော်ကို စိတ်မကောင်းဖြစ်မိပါတယ်..


နောက်ထပ်မလေးကို ၀င်လာနိုင်တဲ့လူတော်တော်များများက တိုင်းရင်းသားတွေများပါတယ်.. ချင်း၊ ကချင်တွေများလှပါတယ်.. ကျနော်မြင်မိသလောက် ပြောတာပါ.. သူတို့တွေကတော့ နိုင်ငံသားခိုလှုံခွင့်နဲ့ လာကြတာဖြစ်ပြီး အခြေအနေပေးရင် တတိယနိုင်ငံကို ထွက်ခွါကြတဲ့လူတွေပါပဲ.. ကျနော်စင်ကာပူမှာ နေတုန်းကဆို ည အချိန်မတော်ပြန်လာလည်း သိပ်စိတ်ပူစရာမလိုပါဘူး.. မလေးမှာကတော့ ဆီနဲ့ ရေလိုကွါခြားလှပါတယ်. ပတ်စပိုစ့်လေးကို ဘယ်သွားသွား လည်ပင်းမှာကြိုးလေးနဲ့ စွဲထားရပါတယ်. ဒါမှ Safe ဖြစ်မှာလေ.. ဒါတောင် လူကို ရိုက်ပြီး လုသွားတာတွေ ရှိသေးတယ်ဗျ..


အဆိုးဆုံးနောက်တစ်ခုကတော့ မလေးရှားရဲတွေပါပဲ.. သူတို့ဟာ ကျနော်တို့ ဘယ်နေရာမှာတွေ့တွေ့ ပိုက်ဆံတောင်းတာချည်းပါပဲ.. အဲကိုယ်တစ်ယောက်ထဲသွားရင် ရဲနဲ့ တွေ့လို့ကတော့ တောင်းခံရပြီးတာမှတ်ပေးတော့ဗျို့. အပြင်သွားရင် အနဲဆုံး (၂၊၃)ယောက်လောက်မှ ထွက်သင့်ပါတယ်.. ဒါကြောင့် အိမ်ရှင်အမကပြောတာ ပိုက်ဆံအများကြီး မယူသွါးနဲ့လို့.. ဘယ်လောက်ဆိုလဲဆိုရင် သူတို့ စီမံကိန်းရှိတဲ့ အခါဆို မြန်မာတွေ အနေများတဲ့ ပလာဇာတွေမှာ လိုက်ဖမ်းတော့တာပဲ.. အလည်လာတဲ့သူကော. Work permit နဲ့ လုပ်နေတဲ့ လူကော၊ ပတ်စပိုစ့်မရှိပဲနေတဲ့ လူတွေကော အားလုံးကို သိမ်းကျူံးဖမ်းတော့တာပါပဲ…ပြီးရင် ရဲစခန်းကိုမောင်းသွားပြီးမှ သေချာစိစစ်ပြီး ပြန်လွတ်ပါတယ်… နေခွင့်မရှိပဲ ခိုးနေတာကိုတွေ့ရင်တော့ ဒဏ်ရိုက်ပြီး ပြန်လွတ်ပါတယ်.. သိတဲ့အတိုင်း မလေးကြိမ်ဒဏ်ကိုလေ.. ဒါပေမဲ့ အားလုံးက ကြောက်လန့်တဲ့ ပုံမရှိပါဘူး.. သိတဲ့အတိုင်း လာဏ်ပေး လာဏ်ယူ တွေလေ.. အခုဖမ်း ပိုက်ဆံနဲနဲ ထိုးကျွေးလိုက် ဒါဆို အိုကေပါတယ်..


ဒီလိုနဲ့ ကျနော်တို့ မလေးမှာ နေလာတာ (၁၃) ရက်ရောက်လာပါပြီး.. ကျနော်တို့ ရထားတာက (၂)ပတ်ပဲလေ.. (၁၃)ရက်နေ့ရောက်တော့ ကျနော်တို့ စင်ကာပူမှာ လုပ်ထားတဲ့ Visa ကReject တဲ့ဗျာ.. ကျနော်တို့ သူငယ်ချင်း (၄)ယောက်မှာ တစ်ယောက်ပဲ ကံကောင်းပြီးရတယ်… ကျနော် အပါအ၀င် ကျန်တဲ့ သူငယ်ချင်း (၂)ယောက်က မရဘူးပေါ့. .ကျနော်တို့ ဗျာများရပြီးပေါ့ဗျာ.. ကျနော်တို့ ဘာဆက်လုပ်မလဲ ဒီမှာက Stay Extend လဲလုပ်လို့ရတာမဟုတ်ဘူးလေ.. ဒီတော့ ကျနော်တို့စဉ်းစားတယ်.. မလေးမှာရှိတဲ့ စင်ကာပူသံရုံးမှာ Visa ပြန်ဝင်မလား.. ဒါမှမဟုတ် ကျနော်တို့ ထိုင်းကိုသွားမလား.. ပြီးရင်လေယာဉ်နဲ့ ပြန်ဝင်မယ်ပေါ့.. ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ ဆုံးဖြတ်ထားတာကတော့ မြန်မာပြည်ကို မပြန်ဘူးပေါ့ အလုပ်ကိုရအောင် လုပ်မယ်ပေါ့.. ဒီတော့ ကျနော်တို့ ထိုင်းသွားမယ်လုပ်တယ်.. ဒီမှာ အခက်တွေ့ပြန်ပြီး ဘယ်မလဲ ထိုင်း Visa .. ထိုင်းသွားရင် ထိုင်း Visa လိုပြန်တယ်ဗျာ.. ကောင်းတယ်နော့် ကျနော်တို့ မြန်မာပတ်စပိုစ့်လေ.. ဟီး ဟီး..


ဒီတော့ ကျနော်တို့ နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ မလေးမှာရှိတဲ့ စင်ကာပူသံရုံးမှာ Visaပြန်ဝင်မယ်ပေါ့. ရတာမရတာကတော့ ကံပေါ့.. လုံးဝမရရင်တော့ အမိမြန်မာပြည်ကို ပြန်ရတော့မှာပေါ့.. ကျနော်တို့ မှာကျန်တဲ့ရက်ကလည်း (၅) ရက်ပဲကျန်တော့တာလေ.. ဒီတော့ ကျနော်တို့ Visaကို ပြန်လုပ်ကြည့်ပါတယ်… သူငယ်ချင်းတွေကတော့ အားလုံးမျက်နှာ မသာမယာနဲ့ပေါ့ဗျာ.. ကျနော်ကတော့ လိုက်ပြီး အားမငယ်အောင် ရုပ်ပြောင်ရတာပေါ့.. စိတ်ထဲမှာကတော့ ကိုယ်အပူကိုယ်အသိဆုံးပါပဲဗျာ.. ဒီလိုနဲက ကျနော်တို့ ဘုရားသခင်ရဲ့ ကောင်းမူကြောင့် အားလုံး စင်ကာပူ Visaရကြပါတယ်. ဒီတော့ အပူတစ်ခုအေးသွား ရပြန်တာပေါ့ဗျာ.. Visaရတာနဲ့ ကျနော်တို့ စင်ကာပူကို ၀င်ဖို့လက်မှတ်ဝယ်ရပြန်တယ်..


အဲဒီညမှာပဲ ကျနော်တို့ မလေးကနေထွက်ခဲ့ပါတယ်.. နောက်ထပ်အပူ တစ်ခုပေါ့ဗျာ.. စင်ကာပူ Immigration ပြန်ဝင်ရင် Stay ကဘယ်လိုမှန်းမသိသေးဘူးလေဗျာ…. အားလုံး ဘုရားမှတစ်ပါး ကိုးကွယ်ရာမရှိဆိုသလို ဘုရားတကြရပြန်ပါပြီ…. ကျနော်တို့ သူငယ်ချင်းလေးယောက် Immigration ကိုဖြတ်တော့ ကျနော်ကို ခေါ်ပြီး မေးပါလေရောဗျာ.. ကျနော်စိတ်ထဲမှာ ဘာဆိုဘာမှမရှိတော့ဘူးဗျာ.. ရရင်နေမယ်.. မရရင်ပြန်မယ်ပေါ့.. ဒီတော့ ကျနော်ကို Officer နဲ့ဝင်တွေ့ခိုင်းပါတယ်.. ဒီမှာ Officerနဲ့ ၀င်တွေ့ရတော့ နဲနဲတော့ ရင်ခုန်ရတာပေါ့ ဟဲ ဟဲ သူကတော့ ပြန်ဆိုတာချည်းပဲ ပြောနေတာပါပဲဗျာ.. ကျနော်ကလည်း ပြန်ဘူးဆိုတာချည်းပဲ.. ဒီလိုနဲ့ ကျနော်လည်း တစ်လထပ်ရပြန်ပါတယ်..


ဒီလိုနဲ့ ကျနော်တို့လို ပညာမတတ်တခေါက်လူငယ်တွေရဲ့ စွန့်စားခန်းလေးကို အကျဉ်းချူံး ဇာတ်သိမ်းတော့မယ်ဗျာ.. အခုတော့ ကျနော်တို့ အားလုံး အလုပ်ကိုယ်စီနဲ့ ဆင့်ကာပူမှာ ဆင့်ကာဆင့်ကာပူပြီး အလုပ်လုပ်နေကြောင်းပါ.. အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ..

စိုးမင်းထိုက် (11:50 pm)

6 comments:

ဝေလေး said...

အော်.. တော်သေးတာပေါ့ အဆင်ပြေသွားလို့.. :)

September 23, 2008 at 12:39 AM
မသက်ဇင် said...

တောင်ပေါ်သားလေးရေ----
တကမ္ဘာလုံးမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေအားလုံးလိုလို မျက်နှာငယ်နေရတယ်လေ--
တနေ့တော့ မြန်မာဟာကမ္ဘာမှာ လက်မ
ထောင်နိုင်ပါလိမ့်မယ်
ခင်မင်တဲ့
မသက်ဇင်

September 23, 2008 at 12:51 AM
ဇင်ယော် said...

ဟူး...မလွယ်ပါလားဗျာ။ နောက်ဆုံးရောက်မှ ဟင်းချနိုင်တော့တယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ။ ကိုတောင်ပေါ်သားတို့  စွန့် စားခန်းလေးတွေကို ဖတ်ပြီး ဝေမျှပေးတာ ကျေးဇူးဗျာ။ နောက်လာမယ့်သူတွေ ဘယ်လိုကြုံလာရင် ဘယ်လိုလုပ်ရမယ်ဆိုတာ သိသွားတာပေါ့။ အားပေးနေမယ်ဗျို. ဆက်လက်ပြီး ပျော်ပျော်ကြီး ချီတက်ကြရအောင်။

September 23, 2008 at 1:23 AM
puluque said...

ရင်မောလိုက်ရတာဗျာ.. ဖတ်လိုက်ရတာ သဲထိတ်ရင်ဖို ရုပ်ရှင် ကားကြည့်လိုက်ရသလိုပဲ. မလေးရှားမှာ ဒီလောက်တောင်ဆိုးသလား. ကျတော်က ဒီလောက်ဆိုးမယ် မထင်မိဘူးဗျ. အခုလိုဝေမျှပေးတာ ကျေးဇူး..

September 23, 2008 at 12:16 PM
ခေါင်ခေါင် said...

ပိုစ်ကို ဖတ်ရတာ စိတ်တွေ အရမ်းလှုပ်ရှားပြီး ကြက်သီးတွေ တောင်ထမိပါတယ်... နောက်ဆုံးတော့ ဘုရားးသခင်ကျေးဇူးနဲ့ အားလုံးအဆင်ပြေသွားပြီ မဟုတ်လား...
စိတ်ဓါတ်မကျပါနဲ့အစ်ကိုရေ..... ဘယ်လိုအခြေအနေပဲ ရောက်ရောက် ဒီလိုပျော်ပျော်ရွှင်ရွှင်ပဲ နေသွားရအောင်..ပါ...
အစစ အရာရာ အဆင်ပြေပါစေ..ကိုတောင်ပေါ်သားရေ....

September 23, 2008 at 12:41 PM
သက်တန့် said...

နောက်ဆုံးတော့လည်း လိုရာပန်းတိုင်ကို လှမ်းကိုင်လိုက်နိုင်တယ်ပေါ့...
ချီးကျူးပါတယ်...
အတွေ့အကြုံတွေ မျှဝေတဲ့အတွက် ကျေးဇူးတင်ပါတယ်နော့... :)

September 24, 2008 at 4:28 PM