Thursday, September 18, 2008

လေဖြတ်ဝေဒနာအတွက် ဆေးကောင်းတလက်

မြန်မာပြည်မှာ လေဖြတ်လို့ သေတဲ့ဦးရေ၊ မစွမ်းမသန် ဖြစ်ကျန်ခဲ့သူဦးရေ ဘယ်လောက်ရှိလဲ စာရင်းအတိအကျ မရှိတော့ လူဦးရေရဲ့ ဘယ်နှစ်ရာနှုန်းဆိုတာ ပြောလို့မရနိုင်ဘူး။ ဆေးရုံလာတက်တဲ့ စာရင်းနဲ့ ကြည့်မယ်ဆို ဆေးရုံမတက်နိုင်ဘဲ ကိုယ့်ဇာတိ ကိုယ့်အရပ်မှာ ဆေးမြီးတိုနဲ့ ပြီးရတဲ့ လူနာက ဒုနဲ့ဒေးကိုး။

အရပ်မျက်စိနဲ့ ခန့်မှန်းကြည့်မယ်ဆိုရင်တော့ ဒီရောဂါဟာ မြန်မာလူမျိုး တော်တော်များများကို နှိပ်စက်နေတဲ့ ရောဂါမှန်း အရပ်ထဲ ကြည့်လိုက်ရင် သိနိုင်ပါတယ်။ တအိမ်ကျော်က ဦးဘယ်သူတော့ ဘယ်နေ့က လေဖြတ်သွားလို့တဲ့။ မီးကင်းစောင့်တဲ့ ကိုပိန်သေး ညက မီးကင်းတဲမှာ အိပ်ရင်း လေဖြတ်နေလို့။ ဟဲ့ဟိုကလေးမ ပါးတခြမ်းရွှဲ့နေပါလား... ဘယ်နေ့က လေဖြန်းတာလဲ။ ဂရုစိုက်ဟဲ့... မပေါ့နဲ့။
ဒီအသံတွေ နားထောင်လိုက်ရင် ဒီရောဂါ မြန်မာတွေနဲ့ ဘယ်လောက် ယဉ်ပါးလဲ သိမှာပါ။ ကိုယ်လက်လှုပ်ရှား လုပ်တာ နည်းတာကြောင့်လား။ ဆီနဲ့ အချို အစားများတာကြောင့်လား။ ဒါလဲ အနည်းနဲ့ အများတော့ ပါတာပေါ့။ ဆီနဲ့ အချိုမှုန့်ကိုအားကိုး ထမင်းစားနေရပြီး ချက်နို့ဆီနဲ့ ဖျော်တဲ့ လက်ဖက်ရည် သောက်နေရတဲ့ မြန်မာတွေ သွေးကြောကျဉ်းတာ၊ လေဖြတ်တာ မဆန်းပါဘူး။ အရည်ရွှမ်းတဲ့ အသီး များများစားကြ။ ဟင်းသီးဟင်းရွက်နဲ့ ငါး များများစားကြ။ ဆီလျှော့စားကြ။ အငန်လျှော့စားကြပါ။ သကြားလျှော့ကြပါ။ ပြောတဲ့လူကို စိတ်မဆိုးဘူးဆိုရင် နို့ ပုံမှန် သောက်ပေးကြပါ (တတ်နိုင်မှပါ။ အိမ်က ကလေးမြေးငယ်တောင် ၀ယ်တိုက်ဖို့ အနိုင်နိုင်ဆိုတာ သိပါတယ်။ စိတ်မဆိုးကြပါနဲ့)။

လေဖြတ်ရောဂါဟာ အသက် ၄၅ နှစ် အထက် တော်တော်များများကို ချက်ချင်းမသေဘဲ ဒုက္ခရောက်အောင် နှိပ်စက်တတ်တဲ့ ရောဂါတခု ဆိုပါတော့။ ဦးနှောက်နဲ့ အာရုံကြောစနစ်မှာ တခုခု ဖြစ်ပြီဆိုရင် လက်ခြေတွေ မစွမ်းမသန်တော့တာအပြင် တွေးခေါ်ဆင်ခြင်မှုတွေပါ ထိခိုက်ကုန်တာ သဘာဝပဲ။ လူကြီးမှ မဟုတ်ဘူး။ လေဖြတ်ပြီဆို (ဦးနှောက်အာရုံကြောစနစ် ချွတ်ယွင်းပြီဆို) လူငယ်လဲ ဒီလို ဖြစ်တာပါပဲ။ ဖြစ်ရင်တော့ ပြန်ကုရတာ အချိန်ရော ငွေရော အများကြီး ပေးရပါတယ်။ အကောင်းပကတိ ပြန်ရချင်မှလဲ ရမယ်။ ပြန်မရတဲ့ အရေအတွက်ကလဲ တော်တော် များတယ်။ အကောင်းဆုံးနည်းက လေမဖြတ်အောင် သတိနဲ့ နေကြပါ။

ဒါဖြင့်ရင် ဖြတ်ပြီးတဲ့လူတွေ လက်မှိုင်ချပြီး မသေမချင်း ဒီလိုပဲ နေရတော့မှာလားဆိုတော့ မဟုတ်ပါဘူး။ ဒီစာကို လေမဖြတ်သေးတဲ့ လူတွေနဲ့ ဖြတ်ပြီး ဘ၀ကို ပြန်ထူထောင်ချင်တဲ့ လူနာတွေနဲ့ မိသားစုတွေအတွက် ရေးပါတယ်။
လေဖြတ်ပြီး သူငယ်ပြန်သလို ဖြစ်သွားတဲ့သူတွေ၊ ကိုယ်လက် ပြန်သန်စွမ်းလာတာတောင် စိတ်က အရင်လို ထက်ထက်မြက်မြက် မရှိတော့သူတွေ၊ အရင်တုန်းက စာအုပ်ထူကြီးတွေ ၀ါးစားသလို ဖတ်နိုင်တဲ့ ဘ၀ကနေ လေဖြတ်ပြီးတော့ ကာတွန်းတအုပ်တောင် တ၀က်ဆုံးအောင် မဖတ်နိုင်တော့တဲ့သူတွေ.... ဒါလေဖြတ်သူတွေ တချို့တချို့ရဲ့ ဘ၀ပါ။

လေဖြတ်သွားတဲ့ သူငယ်ချင်းတယောက်က သူ စာတွေကို ရှေ့ကဖတ် နောက်ကမေ့ ဖြစ်နေတယ်လို့ ပြောရှာပါတယ်။ ဒီလိုလူတွေဟာ အတိတ်ကို ပြန်ရောက်ချင်ကြတယ်။ တချိန်တုန်းက စိတ်သွားတိုင်း ကိုယ်ပါခဲ့တဲ့ ဘ၀ကို ပြန်လိုချင်ကြတယ်။ သူတို့ဟာ အရင်လို မဟုတ်တော့ပဲ တခုခု မှားယွင်းနေပြီဆိုတာ သူတို့ကိုယ်သူတို့လဲ သိတယ်။ နဂိုဖြစ်အောင် ပြန်လုပ်ပေးနိုင်မယ့် သမားတော် ဒါမှမဟုတ် ဆေးဝါးအကူအညီ လိုချင်တယ်။ တချို့လဲ အကူအညီ ရလိုရငြား ထုတ်ပြောပြတယ်။ ရင်ဖွင့်တယ်။

ဒီအခါမှာ ကိုယ်လဲ ဒီလို လေဖြတ်နိုင်တယ်ဆိုတာ နားထောင်သူက မမေ့ဖို့ လိုပါတယ်။ စာရွက်တရွက်မှာ သေတဲ့အထိ တခါမှ လေမဖြတ်ဖူးစေရလို့ ရေးပြီး ကိုယ့်လက်မှတ် ထိုးပေးရဲပါသလား။ ကိုယ်လဲ ဖြစ်နိုင်တယ်ဆိုတာ သိရင် လေဖြတ်တဲ့လူ စိတ်ပိုင်းဆိုင်ရာ အားအင်ချိနဲ့သွားတာကို မကူညီနိုင်ရင်နေ မလှောင်ပြောင် မသရော်ရဘူးဆိုတာ သိသင့်ပါတယ်။ လေဖြတ်တဲ့ လူနာတွေရဲ့ ဘ၀ကို ဟားတိုက်လှောင်ပြောင်တာ၊ နာလန်ပြန်ထအောင် ကြိုးစားနေတဲ့ လူနာကို ဦးနှောက်ပျက်သွားပြီ၊ မရတော့ဘူးဆိုပြီး ကွယ်ရာမှာ သတင်းလွှင့် သရော်တာတွေ ယဉ်ကျေးပါတယ်ဆိုတဲ့ အသိုင်းအ၀ိုင်းမှာ ကြုံရကြားရတာ စိတ်မချမ်းသာစရာပါပဲ။

ပင်ကိုက စိတ်ထားဆိုးခဲ့သူတွေဆိုရင်တော့ လေဖြတ်ရင် ပင်ကိုယ်စိတ်က ဖုံးမရအောင် ပွင့်လာတတ်ပါတယ်။ ဥပမာ အရင် အိမ်ဖော်တွေကို အပြစ်ရှာ နှိပ်စက်တတ်ပေမယ့် အလွှာတူတွေ ကြားထဲမှာတော့ အမြဲ ချိုပြုံးဖော်ရွှေနေတဲ့ အမျိုးသမီးကြီးတယောက်ဟာ လေလဲဖြတ်ရော အရင်က သေချာမသိခဲ့ကြတဲ့ သူ့အတွင်းစိတ်ကို ဘေးလူတွေ အကုန်သိတော့တာပဲ။ မိုက်ရိုင်းမယ်၊ ဗိုလ်ကျမယ်၊ အဆိုးမြင်မယ်။ ကြီးနိုင်ငယ်ညှဉ်းလုပ်ချင်၊ အတ္တကြီးချင်တဲ့စိတ်ကို အရင်က ငုံ့ခံရမယ့် အိမ်ဖော်တွေဆီ ထွက်ပေါက်ရှာ လမ်းလွှဲလို့ရနေတော့ ဘေးဘီအသိုင်းအ၀ိုင်းက မသိတန်သမျှ မသိအောင် ဖုံးဖိထားလို့ ရနေတယ်။ လေလဲဖြတ်ရော ဒီစိတ်တွေက ပွင့်ထွက်လာရော။

ရာဂကြီးတဲ့လူ၊ ဆန့်ကျင်ဘက်လိင်တွေအပေါ် အမြဲမရိုးသားတဲ့လူဆိုလဲ ဒီအချိန်မှာ အကုန် ပေါ်တော့တာပါပဲ။ ပင်ကိုယ်က မကောင်းတဲ့စရိုက် ရှိခဲ့သူဆိုရင်တော့ လေဖြတ်ရင် ဒီစရိုက်ဆိုးတွေ ကြွနေတဲ့ လူတယောက်ကို ပတ်ဝန်းကျင်က သည်းခံဖို့ ခက်ပါတယ်။ မိသားစုကပဲ ဖျောင်းဖျောင်းဖျဖျနဲ့ စိတ်ကောင်းဝင်အောင် တတ်နိုင်သမျှ ချော့မော့ပြုစုရမှာပေါ့။ ဒါပေမယ့် ရာဂကြီးတဲ့လူတယောက် လေဖြတ်ရင် အိမ်ဖော်မလေးကို လူမမာ စိတ်ထွက်ပေါက်ရအောင် အနားမှာ အတင်းလွှတ်ပေးထားတာမျိုး၊ အတ္တကြီးပြီး နှိပ်စက်ညှဉ်းဆဲချင်တဲ့ ဒေါသသမားတယောက် လေဖြတ်ရင် ပြုစုဖို့ တာဝန်ကို လူမမယ် ကလေးတွေကို ပေးပြီး ကိုယ်တိုင် မသိလိုက်ပဲ ဓားစာခံ ရှာပေးမှန်းမသိ ရှာပေးထားမိတာမျိုး မဖြစ်မိဖို့တော့ လိုပါတယ်။

ပင်ကိုယ်က ထောက်ထားစာနာ ညှာတာတတ်တဲ့ စရိုက်ကောင်းသမားတွေကတော့ လေဖြတ်တာ အလွန် နှမြောဖို့ ကောင်းပါတယ်။ သူတို့ကျတော့ လေဖြတ်ပေမယ့်လဲ ဒီစရိုက်ကောင်းတွေက မပျောက်ဘဲ အရင်အတိုင်း ကျန်နေတတ်တယ်။ လူမသေဘဲ ဘ၀သစ်တခုကို ချက်ချင်း ရွှေ့လိုက်ရတဲ့ သူတွေလိုပဲ။ တွေးခေါ်မှုတွေ၊ စူးစိုက်မှုတွေက အရင်လို မဟုတ်တော့မှန်း သူတို့ကိုယ်သူတို့ သိတယ်၊ အရင်ဘ၀ ပြန်လိုချင်တယ်။

လေဖြတ်တဲ့အချိန်မှာ ခံလိုက်ရတဲ့ ဦးနှောက်ပျက်စီးမှု (Brain damage) ပမာဏပေါ်လိုက်ပြီး ပြန်ကောင်းမကောင်း မျှော်လင့်လို့ ရပါတယ်။ ဖြစ်တဲ့အချိန်မှာ ဦးနှောက် ဆဲလ်တွေ ဘယ်လောက် ပျက်စီးသွားသလဲ။ လက်ခြေ ပြန်သန်စွမ်းလာပေမယ့် ဦးနှောက်က အရင်လို မသွက်လက်တော့ဘူးဆိုတာ နုနယ်လှတဲ့ ဦးနှောက်သားမှာ ဆဲလ်ပျက်စီးမှုများသွားလို့ပါ။
ဒါပေမယ့် ထူးထူးခြားခြား ပြန်ကောင်းလာတဲ့ သူတယောက်တော့ ကြုံဖူးပါတယ်။ ဦးနှောက်သွေးကြောပြတ်ပြီး ဆေးရုံကုတင်ပေါ်မှာ ရက်နဲ့ချီ သတိလစ်နေရာကနေ ပြန်သတိရလာတော့ ဖတ်ဖူးတဲ့စာတွေမေ့၊ သတိတွေ ချွတ်ယွင်း၊ စာဆို တမျက်နှာထက် ပိုမဖတ်နိုင် ဖြစ်ခဲ့တဲ့ မိတ်ဆွေတယောက်ပါ။ သူက အခု ပြန်ကောင်းသွားပါပြီ။ Brain damage ပမာဏ များတဲ့ကြားက လူကောင်းပကတိ ပြန်ဖြစ်သွားတာကို အကြောင်းရင်း မေးမိတော့ အရင်က တရားထိုင်ဖူးတဲ့ အတွေ့အကြုံ ရှိခဲ့လို့ ဒီနည်းနဲ့ ပြန်ကောင်းအောင် လုပ်တယ်လို့ ပြောပြပါတယ်။

လေဖြတ်ပြီး ဆေးရုံက ဆင်းတော့ စိတ်အာရုံမစိုက်နိုင်လို့ တင်ပျဉ်ခွေထိုင် တရားမှတ်ဖို့ အခက်အခဲ ရှိပေမယ့် သူက အိမ်ထဲမှာပဲ ထိုင်တာ ထတာ လမ်းလျှောက်တာ သွားလာလှုပ်ရှားပြုမူတာတွေကို စိတ်က လိုက်မှတ်နေရင်းနဲ့ အာရုံစူးစိုက်မှု ပြန်ကောင်းလာပြီး တွေးခေါ်ဆင်ခြင်တာတွေလဲ ပုံမှန် ပြန်ရောက်သွားတာပါ။ လေဖြတ်တဲ့ ဦးနှောက်ပျက်စီးမှုက ရေရှည်ပျက်စီးမှု permanent damage ဖြစ်ရင် ပြန်မကောင်းနိုင်တော့ဘူးဆိုတဲ့ ဆရာဝန်စကားလဲ မှားသွားပါတယ်။ ဒါပေမယ့် ပင်ကိုယ်က တရားထိုင်ကျင့် မရှိခဲ့သူ ဆိုရင်တော့ ခုလို ပြန်ရချင်မှ ရပါလိမ့်မယ်။

လေမဖြတ်အောင်၊ ကံဆိုးလို့ ဖြတ်ခဲ့ရင်လဲ အသိဥာဏ် ချွတ်ယွင်းပျက်စီးမှု မဖြစ်အောင် Prevention is better than cure လုပ်ဖို့ ထိရောက်ဆုံး ဆေးကတော့ တရားထိုင်ဖို့ပါပဲ။ ဒီစကားကို ပြောရတာ ခက်သားပဲ။ ဘာသာရေးဘက် ရောက်နေလို့။ ဒါပေမယ့် ဦးနှောက်အာရုံကြောစနစ် ထိခိုက်သွားလို့ မှတ်ဥာဏ်နဲ့ ဆင်ခြင်တွေးခေါ်ဥာဏ် ချွတ်ယွင်းတာကို မဖြစ်ခင် တားတာ၊ ဖြစ်ပြီးရင် ပြန်ကုစားတာ ဘယ်ဆေး အစွမ်းဆုံးလဲဆိုရင် ဒီဆေးတခုပဲ တွေ့ထားတယ်။ အင်္ဂလိပ်ဆေး၊ မြန်မာတိုင်းရင်းဆေး၊ တရုတ်ဆေးတွေ၊ အကြောပြင် ဓာတ်အပ်စိုက်တာတွေက ရုပ်ပိုင်းဆိုင်ရာကို ပြန်ထူထောင်ပေးနိုင်ပေမယ့် စိတ်အတွက် အာမမခံနိုင်ဘူး။
တရားထိုင်တဲ့အကျင့် ရှိခဲ့ရင်၊ အရင်က မရှိပေမယ့် လေဖြတ်ပြီးချိန်မှာ ကြိုးစားကြည့်ရင် (ဒါကျတော့ ပိုအားစိုက်မှ ရတော့မယ်။ လွယ်လွယ်နဲ့ မရတော့ဘူး) ဦးနှောက်ကို ပြန်ထူထောင်လို့ ရပါတယ်။ Brain damage သိပ်နက်ရှိုင်းသွားရင် တချို့ကိစ္စတွေတော့ လက်လွှတ်တန် လွှတ်ရလိမ့်မယ်။ ဥပမာ အဏ္ဏ၀ါဇီဝဗေဒပညာရှင်တယောက်၊ ဒါမှမဟုတ် နျူကလီးယား ရူပဗေဒပညာရှင်တယောက်ဆိုရင် အသေးစိတ် အနုစိတ် ခေါင်းထဲနှစ် လိုက်စားရတဲ့ သူ့အသက်မွေးဝမ်းကျောင်းကို စွန့်တန် စွန့်ရမယ်။ ဒါပေမယ့် အောင်မြင်တဲ့ တခြားဘ၀တခုကို ပြောင်းလို့ ရပါတယ်။ အဖွဲ့အစည်းတခုမှာ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး ထူးချွန်တဲ့ အကြီးအကဲတယောက် စသည်ဖြင့်ပေါ့။ ဒါပေမယ့် ဦးနှောက်ကို အရင်ဆုံး ပြန်ထူထောင်ဖို့တော့ လိုလိမ့်မယ်။

မဖြစ်ခင်ကတည်းက meditation ကို အကျင့်လုပ်ထားတာက စိတ်အချရဆုံးနည်းပဲ။ လေဖြတ်တယ်လို့ မြန်မာလို ခေါ်ကြတာက ကိုယ်တခြမ်းရွဲ့သွား၊ ပါးရွဲ့သွားတာကို ခေါ်တာပါ။ လေမဖြတ်ပေမယ် ကိုယ့်ကိုယ်ကိုယ် မသိဘဲ ဆင်ခြင်တုံတရား ချွတ်ယွင်းလာသူတွေလဲ ဦးနှောက်အာရုံကြောနဲ့ဆိုင်တဲ့ ပြဿနာရှင်တွေပါပဲ။ စိတ်တိုလာတာ၊ သည်းခံနိုင်စွမ်း နည်းလာတာ၊ မာနထောင်လွှားလာတာ၊ အတင်းအဖျင်း ပြောတတ်လာတာ၊ အပုတ်ချတတ်လာတာ ဒါတွေဟာလဲ ဦးနှောက်ထဲမှာ တခုခုတော့ ပြောင်းလဲနေပြီဆိုတဲ့ အချက်ပြမီးပါပဲ။ သိစိတ်နဲ့ ထိန်းချုပ်နိုင်စွမ်း လွတ်လာလို့ ပြလာတဲ့ လက္ခဏာတွေပါ။ ဒီလူ အစက သူ့ကိုယ်သူ နှိမ့်နှိမ့်ချချပါ။ အခု အသက်ကြီးမှ အရမ်းကြွားလာတာပဲဆိုတာ ဒီလက္ခဏာတွေထဲက တခုပဲ။ လူတိုင်းတော့ မဟုတ်ပါဘူး။ အရှက်တရားနဲ့ ထိန်းချုပ်ထားတဲ့ နဂိုစိတ်ရိုင်းရှင်တွေဟာ ဒီအရှက်တရားနဲ့ ထိန်းချုပ်နိုင်စွမ်း ကိုယ်မှာ အားနည်းသွားရင် ဖြစ်တတ်တယ်ဆိုပါတော့။

ငုတ်တုတ်ထိုင်ပြီး တရားမှတ်ရတာ ခက်တယ်ဆိုရင် ကိုယ့်အိမ်မှာကိုယ် သွားရင်းလာရင်း မှတ်လို့ရတဲ့နည်းတွေ ရှိပါတယ်။ အကောင်းဆုံးက ခုနစ်ရက်လောက် ရိပ်သာဝင်ကြည့်ပါ။ စာအုပ်ဖတ်ပြီး ကိုယ့်ဟာကိုယ် လုပ်လို့လဲ ရပါတယ်။ ဆရာသမားရှေ့မှာ လက်တွေ့လုပ်ရတာကတော့ အကောင်းဆုံးပေါ့။ မှားနေတာ ရှိရင် တရားပြဆရာက ပြပေးနိုင်တာပေါ့။ ဦးနှောက်ပျက်စီးမှုကို ကာကွယ်တဲ့အလုပ်ကတော့ ဘယ်အချိန်စလုပ်လုပ် မြန်မြန်လုပ်လေ ကောင်းလေပါပဲ။

နောက်အရေးကြီးတာက မေတ္တာတရားပါ။ မေတ္တာထားတတ်ပါစေ၊ စာနာခွင့်လွှတ် နားလည်ပေးတတ်ပါစေ။ Positive thinking ဆိုတဲ့ အကောင်းမြင်စိတ်ကို ထားသင့်တဲ့ နေရာတွေမှာ ထားပေးပါ။ မထားသင့်တဲ့ နေရာမှာတော့ ဥပေက္ခာပေါ့။ အဆိုးမြင်စိတ်ကို ဖယ်ရှားပါ။ စိတ်ဖိစီးမှု နည်းအောင်နေပါ။ဒီဦးနှောက်လေးအားကိုးနဲ့ လူလုပ်နေကြရတာဆိုတော့ မသေခင် မပျက်စီးရလေအောင် ထိန်းဖို့သိမ်းဖို့ အကြံပေးပါရစေ။

စာကြွင်း။ ။ ဒီပိုစ့်လေးကို Hittaing ဂျာနယ်မှကူးယူဖော် ပြထားပါတယ်..

2 comments:

ဇင်ယော် said...

အင်မတန် ကောင်းမွန်တဲ့ ပို့ စ်လေးပါဗျာ။ သတိထားရမယ့် အချက်တွေရော ဗဟုသုတ ဖြစ်စေမယ့် အချက်အလက်လေးတွေ စုံလင်အောင် ထည့်သွင်းပြီး ရေးသားထားတာ စာဖတ်သူတွေအတွက် အကျိုးရှိစေတဲ့  စာတစ်ပုဒ်ဆိုလည်း မမှားပါဘူး။ ခုလို ဝေမျှပေးတာ ကျေးဇူးပါ ကိုတောင်ပေါ်သားရေ။

September 18, 2008 at 4:05 PM
ရွှေပြည်သူ (ShwePyiThu) said...

ဖတ်ပြီးတဲ့အခါမှာ လေဖြတ်တာနဲ့ပတ်သက်ပြီး အရင်ကမသိတဲ့ ဗဟုသုတတွေ အများကြီး သိလိုက်ရပါတယ်။ တန်ဖိုးရှိတဲ့ပို့စ်လေးကို တဆင့်ပြန်ပြီး မျှဝေပေးထားလို့ ကျေးဇူးတင်ပါတယ် ကိုတောင်ပေါ်သားရေ...

September 18, 2008 at 11:10 PM