(၆၁)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး
တမ်းတမိသော လူတစ်ယောက်
ဒေါက်တာလွဏ်းဆွေ
‘ဗိုလ်ချုပ်အောင်ဆန်း’ ဟူသည့် အမည်နာမကိုကြားလျှင် ကျနော်ရင်ခုန်သည်။ စိတ်လှုပ်ရှားသည်။ ကျနော့် အဖို့ ဒဏ္ဍာရီပုံပြင်တွေထဲက ခေါင်းဆောင်ကောင်းပီသသည့် မြန်မာသူရဲကောင်းတဦးကို အမှတ်ရနေသလို ခံစားမိသည်။ တခါတရံ သူအမှန်တကယ် သက်ရှိထင်ရှားရှိခဲ့သည်လား မရှိခဲ့ဘူးလားဟု ထင်မိလောက် အောင်ကိုပင် စိတ်ထဲတွင် မပီဝိုးတ၀ါး ဖြစ်နေတတ်သည်။ အဘယ့်ကြောင့် ထိုသို့ဖြစ်ရသည်ကို စဉ်းစားကြည့် သည့်အခါ ဗိုလ်ချုပ်အောင်ဆန်းဆိုသည့် အဆိုပါပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကို ကျနော့်အနေနှင့် မျက်ဝါးထင်ထင် မမြင်ဖူးမတွေ့ဖူးခဲ့ခြင်းသည် အဓိကအကြောင်းအချက်တခု ဖြစ်မည်ထင်သည်။ ထို့အပြင် လူ့ဘ၀တွင် နေထိုင် အသက်ရှင်သွားခဲ့သည့် အခိုက်အတန့်အတွင်း သူ၏ စွမ်းဆောင်ခဲ့မှုများက အသက်အရွယ်နှင့် မမျှအောင် အဆမတန် ကြီးမားလွန်းခဲ့၍လည်း တကယ့်လူမှ ဟုတ်ပါရဲ့လားဟု ကျနော်ထင်မိခဲ့ခြင်း ဖြစ်မည်ထင်သည်။ ကွယ်လွန်သည့် အချိန်တွင် သူသည် အသက်အရွယ်အားဖြင့် (၃၂)နှစ်စွန်းစွန်းသာ ရှိသေးသည်။ သို့သော် ထိုမျှအသက်အရွယ်နှင့် အလွန်တရာ ကြီးလေးသည့် တာဝန်ဝတ္တရားများကို ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။ ရန်ကုန်တက္ကသိုလ် အိုးဝေမဂ္ဂဇင်းအယ်ဒီတာ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဌ၊ ဗမာ့တပ်မတော် စစ်သေနာပတိ၊ အစိုးရနန်းရင်းဝန် စသည့်တာဝန်များကို အံ့အား သင့်စဖွယ် ထမ်းရွက်ခဲ့ပြီးဖြစ်သည်။
ထိုသို့သော ဂုဏ်ပုဒ်များ၊ တာဝန်ယူမှုများနှင့် မြန်မာ့လူ့အဖွဲ့အစည်းအတွက် အသက်ထက်ဆုံး ပေးဆပ်သွားခဲ့ သည့် ဗိုလ်ချုပ်အောင်ဆန်းဆိုသော ပုထုဇဉ်လူသားတဦးအား မမြင်ဖူး မတွေ့ဖူး လိုက်လင့်ကစား သူ၏ ပင် ကိုယ်စရိုက်၊ စိတ်နေစိတ်ထားတို့ကို ကျနော် ချစ်ခင်မိသည်၊ သူ၏ ကိုယ်ကျင့်သီလ၊ ယုံကြည်ချက်ရပ်တည် ချက်၊ သူရသတ္တိနှင့် တိုင်းချစ်ပြည်ချစ်စိတ်တို့ကို ကြည်ညိုလေးစားမိသည်။ သူ၏ ခေါင်းဆောင်ကောင်း ပီသ သည့်၊ နိုင်ငံရေးသမားကောင်း ပီသသည့် အရည်အချင်းများကို အားကျမိသည်။
• • •
လူမှန်းသိတတ်စ အရွယ်မှစ၍ ကျနော် အမှတ်ထင်ထင် ရှိခဲ့သည့် ဓာတ်ပုံနှစ်ပုံ ရှိသည်။ အိမ်ဦးခန်းရှိ ဘုရားစင်၏ ဘေးတဖက်တချက်တွင် အဖေချိတ်ဆွဲထားသော မှန်ဘောင်သွင်းထားသည့် ဓာတ်ပုံနှစ်ပုံ ဖြစ်သည်။ ဘုရားစင်၏ ဘယ်ဖက်၌ ချိတ်ဆွဲထားသည့်ပုံတွင် ခေါင်းပေါင်းအဖြူ ပေါင်းထားသည့် အဖိုးအိုတဦး၏ ကိုယ်တပိုင်းပုံကို တွေ့ရပြီး ညာဖက်၌ ချိတ်ဆွဲထားသည့်ပုံတွင် စစ်ဝတ်စုံ ၀တ်ထားသည့် အမျိုးသားတဦး၏ ကိုယ်တပိုင်းပုံကို တွေ့ရသည်။ သို့သော် ထိုပုဂ္ဂိုလ်နှစ်ဦးအား မည်သူမည်ဝါမှန်း ထိုစဉ်က ကျနော်မသိခဲ့။ ကလေးသဘာဝ အဖေ့အား စပ်စပ်စုစုနှင့် မေးကြည့်သည့်အခါတွင်မှ အဖေက ဘယ်ဖက်က ပုဂ္ဂိုလ်ကို သခင်ကိုယ်တော်မှိုင်း၊ ညာဖက်က ပုဂ္ဂိုလ်ကို ဗိုလ်ချုပ်အောင်ဆန်းဟု ပြောပြခဲ့သည်ကို အမှတ်ရမိသည်။ သို့သော် ကျောင်းနေသည့်အရွယ် မဟုတ်သေးသည့်အတွက် သူတို့၏ နာမည်တွေကိုသာ ကျက်မိနေပြီး မည်သို့သော ပုဂ္ဂိုလ်တွေ ဆိုသည်ကို ကျနော်မသိခဲ့။ အရွယ်ရောက်လာသည့်အခါ သမိုင်းစာမျက်နှာများကို တစတစ ဖတ်ရှုလေ့လာခဲ့ရာမှ တဦးကို နယ်ချဲ့ဆန့်ကျင်ရေး၊ အမျု
ိးသားလွတ်မြောက်ရေး စာဆိုကြီး၊ ငြိမ်းချမ်းရေးဖခင်ကြီး ဒေါက်တာသခင်ကိုယ်တော်မှိုင်း ဟူ၍၎င်း၊ တဦးကို ဗမာ့တပ်မတော်၏ ဖခင်ကြီး၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟူ၍၎င်း လေ့လာသိရှိခဲ့ရခြင်းဖြစ်သည်။ ထိုသို့ ထဲထဲဝင်ဝင် သိလာရသည့် အချိန်တွင်မူ ထိုပုဂ္ဂိုလ်ကြီးနှစ်ဦးအား လေးစားကြည်ညိုသည့် စိတ်များက ကျနော့်ရင်ထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့ပြီ ဖြစ်သည်။
ထိုပုဂ္ဂိုလ်ကြီး နှစ်ဦးအနက်မှ ဗိုလ်ချုပ်အောင်ဆန်း ဟူသည်ကို မူလတန်းဖတ်စာတွင် ရွတ်ဆိုခဲ့ရသော ‘ဖေဖော်ဝါ ရီ(၁၃)မှာ ဗိုလ်ချုပ်မွေးနေ့ပါ၊ ၁၉၁၅ ရှေ့နေဦးဖာသား၊ ဇာတိနတ်မောက် မကွေးခရိုင်၊ သိကြများခုတိုင်၊ ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား မိခင်ဒေါ်စုသား၊ ၁၉၄၇ ပြောင်းကြွ တမလွန်၊ မျက်ရည်သွန်လို့ ဘ၀င်ညှိုး ဇူလိုင်တဆယ့်ကိုး’ ဟူသည့် ကဗျာလေးတပုဒ်မှတဆင့် ကျနော်စတင် ရင်းနှီးခဲ့ရခြင်းဖြစ်သည်။ ထို့နောက် ဗိုလ်ချုပ်တို့ ကျဆုံးခဲ့သည့် ဇူလိုင်လ (၁၉)ရက်နေ့ ရောက်တိုင်း တောင်ငူမြို့ အားကစားကွင်း (မိုင်ဒါကွင်း)တွင် ကျင်းပပြုလုပ်သည့် အာဇာနည်နေ့ အခမ်းအနားသို့ ကျောင်းသားအားလုံး တန်းစီချီတက်ပြီး မိုးမိုးဖွဲဖွဲအောက်တွင် အလေးပြုကြရသည်ကို အမှတ်ရနေမိသည်။ ယခုအခါတွင်မူ အာဇာနည်နေ့ အထိမ်းအမှတ် ဥသြဆွဲသံကို မကြားရသည်မှာ ကာလအတန် ကြာညောင်းခဲ့ပြီဖြစ်သည်။ တိုင်းပြည်ကို လက်နက်အားကိုးနှင့် ရက်စက်စွာ ဖိနှိပ်အုပ်ချုပ်နေသည့် နအဖစစ်အုပ်စု တသက်ဟုပင် ပြောရပေမည်။ ထို့အပြင် ကျောင်းများတွင် ပြဌာန်းထားသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက် သည့် သမိုင်းစာမျက်နှာများကိုလည်း နအဖစစ်အုပ်စုက မှေးမှိန်ဖျောက်ဖျက်ပစ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းပုံများဖြင့် ဂုဏ်ပြုထုတ်ဝေထားသည့် နိုင်ငံတော် ငွေစက္ကူများတွင်လည်း ခြင်္သေ့ရုပ်ပုံများကို အစားထိုးကာ အသစ် ထုတ်ဝေခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် သမိုင်းစာမျက်နှာများ၊ တခမ်းတနား ဂုဏ်ပြုမှုများကို စစ်အုပ်စုက အငြိုးတကြီးနှင့် ဖျောက်ဖျက်ပစ်ခဲ့ခြင်းဖြစ်သည်။ အနာဂတ်မျိုးဆက်များ၊ ကျောင်းသားလူငယ်များ အကြားတွင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ မဟုတ်မခံစိတ်ဓာတ်များ ဖြစ်တည်လာပြီး အမှန်တရားအတွက် တော်လှန်တိုက်ပွဲဝင်လိုသည့် သူရဲကောင်းများ ပေါ်ပေါက်လာမည်ကို စိုးရိမ်သဖြင့် နအဖစစ်အုပ်စုက အကြောက်အလန့်ကြီးစွာ သမိုင်းကွင်းဆက် ဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။
ထိုသို့စစ်အုပ်စုက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြည်သူလူထုအကြား ကွင်းဆက ပြတ်အောင် နည်းအမျိုးမျိုးနှင့် ကြိုးပမ်းသော်လည်း ယနေ့တိုင် မြန်မာပြည်သူလူထု၏ ရင်ထဲအသည်းထဲတွင် ‘ဗိုလ်ချုပ်’ ဟူသော အမည်နာမက ကိန်းအောင်မြဲ ကိန်းအောင်လျက်ပင်။ ပြည်သူလူထုက ကိုယ့်နည်းကိုယ်ဟန်နှင့် သမိုင်းအစစ်အမှန်တွေကို တိတ်တဆိတ် လက်ဆင့်ကမ်း သယ်ဆောင်လျက်ပင်။ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ဓာတ်၊ အတွေးအခေါ်၊ နိုင်ငံရေး ကြိုးပမ်းချက်၊ ဟောပြောချက်များ၊ အဆိုအမိန့်များက သူကွယ်လွန်ပြီး နှစ်ပေါင်း(၆၀)နီးပါး ကြာသည့်တိုင် သစ်လွင်လတ်ဆတ်နေဆဲ စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ဖို့ အားထုတ်ကြိုးပမ်းနေသည့် မြန်မာပြည်သူလူထုအတွက် ယနေ့တိုင် လမ်းပြရှေ့ဆောင်နိုင်ဆဲ ဖြစ်သည်။ ထိုသို့သစ်လွင်နေဆဲ၊ လမ်းပြရှေ့ဆောင်နိုင်ဆဲဖြစ်သည်ကို သူ၏ ရေးသားချက်များ၊ အဆိုအမိန့်များ၊ ဟောပြောချက်များ၊ လုပ်ဆောင်ချက်များ၌ အထင်းအရှား တွေ့ရလေသည်။
ဗုဒ္ဓဘာသာနှင့် ဗိုလ်ချုပ်အောင်ဆန်း
ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်သူပြည်သား အများစု သက်ဝင်ယုံကြည်သည့် ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး ၁၉၃၅ခုနှစ် ဧပြီလထုတ် ဂန္ဓလောက မဂ္ဂဇင်းတွင် Burma and Buddhism ဟူ
0 comments:
Post a Comment