Thursday, June 26, 2008

-------

ဒီ ပိုစ့်လေးကိုတော့ ကျနော်ရဲ့ အခင်မင်ရဆုံးသော အကို Rooneyzar က လူတိုင်းချစ်ရသော အမေများအတွက် ပေးပို့ထားတာပါ…

………………………………………………………

"လေလွှင့်သူတစ်ယောက်၏ လွမ်းဆွေမှု"

ခြေသလုံးအိမ်တိုင်ဘ၀နှင့် ကမ္ဘာအရှေ့မှ အနောက် တောင်မှမြောက်သို့ ကျနော်လေလွှင့် နေခဲ့သည်မှာ နှစ်ပေါင်း မနည်းတော့ပါ.. တစ်နှစ်ပြီးတစ်နှစ် အသက်ကြီးလာသလို အကြားအမြင် ဗဟုသုတလည်း တိုးတက်ခဲ့ပါတယ်.. ကမ္ဘာ့ ရွာလည်း တဖြည်းဖြည်းကျဉ်းလာ တယ်လေဗျာ… မွေးရပ်မြေကအမေကတော့ တစ်နေ့ ထက်တစ်နေ့ အိုစာလာခဲ့ပါတယ်….

လွန်ခဲ့သော ၂၀ နှစ်တွင် မွေးရပ်မြေ ရထားဘူတာမှ အစပြုလို့ ကမ္ဘာကြီးကို စူးစမ်းဖို့ ကျနော် ခြေလှမ်းစခဲ့ပါတယ်.. နှစ်ပေါင်း ၂၀ အတွင်း ပီကင်းမှ ရှန်ဟိုင်း၊ ကွမ်တုန်မှ ဟောင်ကောင်၊ နယူးယောက်မှ ၀ါရှင်တန်၊ တောင်အမေရိကားမှ တောင်အာဖရိကအထိ၊ ထိုမှတဆင့် လန်ဒန်မှ ဆစ်ဒ်နီ အလုပ်လုပ်ရင်း လှည့်လည်ရင်း ကျနော်ရောက်ခဲ့ဖူးသော နိုင်ငံများ ၂၀ ကျော်ခဲ့တယ်… နေရာသစ်တစ်ခုရောက်တိုင်း စိတ်သစ်လူသစ် ပတ်ဝန်းကျင်အသစ်ဖြင့် ကျနော် ပြောင်းလဲနိုင်ခဲ့ဖူးတယ်..သို့သော် စိတ်ထဲတွင် အမေ့ကို လွမ်းဆွတ်မှုက ဘယ်တော့မှ မပြောင်းလဲနိုင်ခဲ့ပါဘူး… IP ဖုန်းကဒ်လေးတွေ ပေါ်လာမှ အမေ့ကို မကြာခဏ ကျနော်ဖုန်းဆက်နိုင်ခဲ့တယ်.. ဖုန်းထဲမှာ အမေ၏ အေးချမ်းသောအသံသည် ဘ၀၏စိန်ခေါ်မူ တွေကို ရင်ဆိုင်ဖို့ ကျနော်အတွက် အင်အား ပိုဖြစ်စေခဲ့တယ်.. အမေ့ရဲ့အသံမှာ တစ်နှစ်ထက် တစ်နှစ်အရမ်း အိုစာသွားခဲ့ပါတယ်..အမေ့နဲ့ ဖုန်းပြောတိုင်း ကျန်းမာရေးကို ဂရုစိုက်ဖို့ အမေ့ကို စိတ်မပူဖို့ ၊ နေရာတကာ သတိနဲ့သွားလာဖို့၊ ခွင့်ယူပြီး ပြန်မလာဖို့ ၊ ပြန်လာရင် ငွေကြေး ကုန်ကျများပြီး အလုပ်အကိုင် ပျက်မှာဖြစ်ကြောင်း ထပ်တလဲလဲ ပြောပါတယ်.. ကျနော် စိတ်မကောင်းဖြစ်မိတယ်.. အမေကျနော်ကို လွမ်းနေပြီ တွေ့ချင်နေပြီ ဆိုတာ ကျနော် သိလိုက်ပါတယ်….

အမေ(၇၅) နှစ်ရှိပါပြီ။ ကျနော် လက်ဘေးက အလုပ်တွေကိုချ စိတ်ထဲက အစီအစဉ်တွေ ကို ဖျက်ပြီး အမေဆီ တစ်လပြန်ဖို့ ကျနော် ဆုံးဖြတ်လိုက်ပါတယ်.. ထိုတစ်လအတွင်း ဘာမှမလုပ် ဘာမှမတွေးပဲ အမေအနားမှာ နေမယ်… ကျနော် ပြန်လာခဲ့မည့်အကြောင်း အမေ့ကို ဖုန်းဆက် အကြောင်းကြားပြီးနောက် အမေစတင် အစီအစဉ် ဆွဲပါတော့တယ်.. မှတ်စုစာအုပ် တစ်အုပ်ဖြင့် ကျနော်ကြိုက်သော အစားအစာများမှတ်၊ ကျနော် ငယ်ငယ်ကကြိုက်သော အိပ်ရာခင်းလေးကို ပြန်ပြင်ချုပ်၊ ကျနော်ရောက်တုန်း အဆင်သင့် ၀တ်ဖို့အ၀တ်အစားတွေ ပြင်ဆင်ရင်း အမေအလုပ်တွေ ရှုပ်နေခဲ့တယ် ဆိုတာကို နောက်မှ ကျနော် သိခဲ့ရပါတယ်.. အသက် (၇၅) နှစ် ရှိနေပြီဖြစ်သော အမေ လှုပ်လှုပ်ရှားရှားလုပ်နေရင် မောတတ်တဲ့အမေ.. ကျနော်ပြန်လာမယ်ဆိုတာကို သိပြီးနောက် ကျနော်အတွက် ပြင်ဆင်ရင်း မောဖို့ မေ့နေပြီ ဖြစ်ကြောင်း ကျနော် ခံစားမိတယ်ဗျာ…

လေယာဉ်ပေါ်တွင် အမေနှင့်တွေ့တဲ့အခါ အမေ့ကိုပြေးပြီး ဖက်လိုက်မည်ဟု စိတ်ကူးနှင့် ကြည်နူးနေမိတယ်.. တကယ်တမ်း အမေနှင့် တွေ့တဲ့အခါတွင် ကျနော် ပြေးမဖက်မိ၊ အိမ်ပေါက်ဝတွင်ကြိုနေသော အမေသည် သစ်ခြောက်ပင်အိုနှင့် တူနေသည်… မျက်နှာပေါ်က အရစ်အစင်းများကြောင့် အမေသည် အရင်ပုံရိပ်နှင့် မတူတော့၊ အမေ တော်တော် အိုစာသွားခဲ့ ပါလား အမေ…..

အိမ်ပြန်ရောက်လျှင် ရောက်ခြင်း အရင်က ကျနော်ကြိုက်ခဲ့သော ဟင်းများကို အမေစတင် ချက်ပြုတ်တော့သည်.. သို့သော် ထိုဟင်းများကို ကျနော် မကြိုက်တော့ကြောင်း အမေကို မပြောဖြစ်ခဲ့၊ မျက်စိမှုန်လားပြီး ဖြစ်သောကြောင့် ဟင်းများက ငန်တစ်ခွက် ပေါ့တစ်ခွက်ဖြင့် အရသာများ အရင်နှင့် မတူတော့၊ ကျနော်အတွက် ပြင်ဆင်ထားသော အိပ်ရာခင်းမှာလဲ ဂွမ်းစစ်စစ် စောင်ထူကြီး ဖြစ်သည်.. ထိုစောင်ထူထူကြီးများကို ခြုံအိပ်ရတဲ့ အကျင့်ကျနော်မှာ မရှိတော့ ၊ဂွမ်းစောင်အစား သိုးမွေးနုနုလေးပဲ သုံးတော့ကြောင်း အမေ့ကို ကျနော်မပြောဖြစ်ခဲ့။ ပြောဖြစ်ပြန်တော့လည်း လူဖြစ်အင်များ လူဘ၀ကြောင်းများကို ထပ်တစ်လဲလဲ ပြောဖြစ်နေ တော့တယ်..ထိုအကြောင်းအရာများသည် လွန်ခဲ့သော ၁၀နှစ်ခန့်က အမေ အပ်ကြောင်းထပ်အောင် ပြောခဲ့သော စကားများဖြစ်သည်။ ထိုအကြောင်းအရာနှင့် ကျနော်၏ ဘ၀အကြောင်းများကို ခိုင်းနှိုင်းပြီး ပြောတော့တယ်.. ကျနော် စိတ်နှောက်အယှက် ဖြစ်လာလျှင် ထိုအကြောင်းအရာများသည် ခေတ်နောက်ကျနေပြီ ဖြစ်ကြောင်း ပြောမိလျှင် အမေသည် တွေတွေလေး တစ်နေရာရာကို ငေးကြည့်နေတတ်တယ်….

မျက်စိတွေ မှုန်ဝါးလာပြီ ဖြစ်သောကြောင့် အမေဟင်းချက်ရာတွင် သန့်ရှင်းမူကို ဦးစားမပေးတော့ကြောင်း ကျနော် သတိပြုလာမိတယ်.. အမေချက်သော ဟင်းများတွင် တစ်ခါတရံ ပိုးကောင်များ ၊ ယင်ကောင်များ ပါလာတတ်သလို ၊ ထမင်းဟင်းများ ကြမ်းပြင်ပေါ် သို့ ကျလျှင်လဲ ပြန်ကောက်ထည့်လာတတ်တယ်.. အခြေအနေများသည် ယခင်ကနှင့် မတူတော့.. အိမ်တွင် မချက်စားပဲ ဆိုငတွင် မှာစားရန်ပြောသောအခါ အပြင်စာများသည် ညစ်ပတ်ကြောင်း ကျန်းမာရေးနှင့် မညီညွတ်ကြောင်း ပြောပြန်တယ်.. ထမင်းချက် အဖော်တစ်ယောက် ရှာထားခဲ့မည်ဟုပြောပြန်လျှင် အမေသည် ငါလှုပ်ရှားနိုင်သေးတယ်.. ငါမအိုသေးဟု ကျနော်ကို စိတ်ဆိုးလေသည်…

နောက်ပိုင်း အမေနှင့် ပြောဖြစ်သော စကားဝိုင်းတွင် ကျနော်သည် စိတ်အနှောက်အယှက် ဖြစ်ပြီး စကားလမ်းကြောင်းလွဲခြင်းများကို လုပ်လာမိသည်.. ကျနော် စိတ်မရှည်သောအချိန် စကားသံကို အကျယ်ကြီးပြောမိခြင်း ၊ စကားဖြတ်ခြင်းများ ပြုလုပ်မိသောအခါ အမေသည် ပြောလက်စ စကားကိုရပ်ပြီး တွေတွေလေး နှင့် နုတ်ဆိတ်နေတတ်သည်..

ခွင့်တစ်လပြည့်၍ ကျနော်ပြန်ခါနီးအချိန်တွင် အမေသည် ကုတင်အောက်က သေတ္တာဟောင်း တစ်ခုဖြင့် နှစ်ရှည်လများ သိမ်းထားသော သတင်းစာဖြတ်ပိုင်းများကို ကျနော်အားပေး လေသည်။ ထိုသတင်းစာဖြတ်ပိုင်းများမှာ ကျနော်ပြည်ပရောက်နေစဉ် ကျနော်ရောက်ခဲ့ဖူးသမျှ နိုင်ငံတွင် ဖြစ်ပျက်ခဲ့ဖူးသော သတင်းများပင်ဖြစ်သည်.. ကျနော်ကို ပြရန် ထိုဖြတ်ပိုင်းလေးများကို ဂရုတစိုက်ညှပ်ပြီး အမေသိမ်းထားခြင်း ဖြစ်သည်.. ကျနော် လက်ထဲသို့ အပ်ပြီး ကျနော်နှင့် အတူတူ ယူဆောင်သွားစေလိုသည်.

မျက်မှန်ထူကိုတပ် စာဖတ်တိုင်း အားစိုက်ရတဲ့ အမေ.. သတင်းစာ တစ်မျက်နှာချင်းကို ကုန်အောင်ဖတ်ပြီး ထိုဖြတ်ပိုင်းများကို မည်မျှ ခက်ခက်ခဲခဲ ညှပ်ခဲ့သည်ဆိုတာကို ကျနော်အသိ သို့သော် အသုံးမ၀င်တော့သော ထိုသတင်းစာများကို ကျနော်ယူမသွားချင်ပေ။ ကျနော် တွေဝေနေသည့်အခိုက်တွင် အမေ့လက်ထဲမှ ဖြတ်ပိုင်းလေးတစ်ခု လွှင့်ကျလာတယ်.. ကျနော်ထက်ဦးအောင် အမေက ကောက်ယူလိုက်ပြီး အင်္ကျီအိတ်ထဲသို့ ထည့်လိုက်သည်။ “ဘာဖြတ်ပိုင်းလေးလဲ မေမေ ကျနော်ကို ပြပါလား” ဟုကျနော် ပြောသောအခါ အမေ တွေတွေလေးနှင့် ကမ်းပေးပြီး ထမင်းစားခန်းသို့ ထွက်သွားလိုက်သည်…

ကျနော် ချက်ချင်း ဖတ်ကြည့်လိုက်မိတယ်… “ငါ အိုသွားသောအခါ” ဟု ခေါင်းစဉ်တပ်ထားသော ၂၀၀၄-၁၂ လပိုင်း ၆ ရက်နေ့က ဆောင်းပါးလေး ဖြစ်သည်.. ဆောင်းပါးလေးမှာ

“ငါ အိုသွားသောအခါ”

ငါ အိုသွားသောအခါ ငါဟာအရင်က ငါမဟုတ်တော့ဘူး၊ ငါကို နားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ…

ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အကျီင်္ပေါ် လောင်းမိတဲ့အခါ ဖိနပ်ကြိုးတွေ ချည်ဖို့မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့ ၊ ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ….

အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ပဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ၊ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တည ပုံပြင်တွေကို မရိုးအောင် ပြောရင်း ငါချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ…

မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တစ်လှည့် ချောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ…

ခေတ်သစ် နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကို မလှောင်ပါနဲ့ ငယ်ငယ်တုန်းက “ဘာကြောင့်” ဆိုတဲ့မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ…

စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့ အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးပါ လမ်းလျှောက်သင်စ အရွယ်တုန်းက တလှမ်းချင်း လှမ်းလျှောက် ကျင့်ပေးခဲ့ တာကို ကျေးဇူးပြုပြီး သတိရပေးပါ…

အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီပဲ အကြောင်းအရာတွေကို ငါမေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ. စကားကြောင်းအရာတွေက ငါ့ အတွက်အရေး မကြီးပါဘူး။ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။

တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့ ၊ နားလည်ပေးပါ အားပေးပါ အရင်တုန်းက လူဘ၀တက်လမ်းအတွက် ငါလမ်းညွန်ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀နောက်ဆုံး အချိန်အတွက် အဖော်ပြပေးပါ။ အချစ်နဲ့ အေးမြမူတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ.. အဲဒီ အပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ…

ကျနော် မျက်ရည်မကျအောင် ထိန်းထားရင်း မနားတမ်းဆုံးအောင် ဖတ်လိုက်မိတယ်… ကျနော်သေတ္တာထဲက အကောင်းဆုံး အ၀တ်တစ်စုံကို ထားခဲ့ပြီး ထိုဖြတ်ပိုင်းများကို ထည့်လိုက်တယ်.. ကျန်သော ဖြတ်ပိုင်းများက ကျနော်အတွက် သိပ်အသုံးမ၀င်သော်လည်း ထို ဆောင်းပါးပါသော ဖြတ်ပိုင်းလေးမှာ ကျနော် ဘယ်နေရာရောက်ရောက် ကျနော် အပါး အမြဲမခွာတော့ပါဘူးဗျာ……

ဒီစာလေးကို ပေးပို့တဲ့ Rooney Zar ကို အရမ်းကျေးဇူးတင်ပါတယ်ဗျာ… ကျနော်တို့လည်း တချိန်မှာ ကြုံတွေ့ရမှာပါ…..

1 comments:

Anonymous said...

ဒီစာလေးကိုဖတ်ပြီးအရမ်း heart ထိသွားတယ်ဗျာ
ဒီပို့စ်လေးအတွက်ကျေးဇူးပါဗျာ

August 23, 2008 at 9:26 PM